ကိုယ်ဝန်ဆောင်ကာလ ဖရဲသီးစားသင့်သည့်အကြောင်းရင်း

ကိုယ်ဝန်ဆောင်ကာလမှာ ပျို့ချင်အန်ချင်နေပြီး အစားအသောက်ပျက်တတ်ကြတာကြောင့် သစ်သီးတွေကိုပဲ များများစားသုံးတတ်ကြပါတယ်။ သစ်သီးထဲမှာတော့ ဖရဲသီးက စားသုံးဖို့ အသင့်တော်ဆုံးပါ။ ဖရဲသီးမှာ ရေဓာတ်က ၉၂ ရာခိုင်နှုန်း ပါဝင် ပြီး ရေရဲ့အရသာ၊ ချိုတဲ့အရသာနဲ့ မွမွလေးဖြစ်နေတဲ့အတွက် ကိုယ်ဝန်ဆောင်တွေအ တွက် ရွေးချယ်သင့်တဲ့ အကောင်းဆုံးသစ်သီးပါပဲ။ ဒါ့အပြင် သူ့မှာ ဗီတာမင်အေ၊ စီ၊ ဘီ ၆၊ မဂ္ဂနီ ဆီယမ်နဲ့ ပိုတက်စီယမ်တွေလည်း များစွာပါဝင်ပါတယ်။ အမျှင်ဓာတ်လည်း များစွာ ပါဝင်တဲ့အတွက် ဗိုက်ပြည့်တင်းမှုရရှိစေတာကြောင့် ကိုယ်ဝန်ဆောင်တွေ စားသုံးဖို့ အလွန်သင့်တော်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဖရဲသီးစားခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ

၁။ ရင်ပူနာဝေဒနာသက်သာနိုင်ပါတယ်
ဖရဲသီးဟာ အစာအိမ်နဲ့အစာမျိုပြွန်အတွက် အလွန်နူးညံ့တဲ့အစားအစာပါ။ ကိုယ် ၀န်ဆောင်တဲ့အခါမှာ ရင်ပူနာလိုမျိုး အစာခြေပြဿနာတွေ အများအပြားဖြစ်တတ် ပါတယ်။ ဖရဲသီးကတော့ ဒီပြဿနာတွေကို အကောင်းဆုံးဖြေရှင်းပေးနိုင်ပါတယ်။

၂။ ခြေလက်ဖောရောင်တာ သက်သာနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ကာလမှာ ခြေလက်တွေဖောရောင်တာက အဖြစ်များတဲ့ပြဿနာ ပါ။ ဖရဲသီးမှာ ပါဝင်တဲ့ များစွာသော ရေဓာတ်တွေကြောင့် သွေးပြန်ကြောနဲ့ ကြွက်သား တွေက ပိတ်ဆို့မှုတွေ လျော့ကျသွားတဲ့အတွက် ဖောရောင်တာ သက်သာသွားနိုင်ပါ တယ်။

၃။ ပျို့အန်တာ သက်သာနိုင်ပါတယ်
ဖရဲသီးကို မနက်စောစော အိပ်ရာထခါစမှာ စားတာက ကိုယ်ဝန်ဆောင်ပျို့အန် တာမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အာဟာရဓာတ်လည်း ပြည့်ဝပြီး စွမ်းအင် လည်း ရရှိနိုင်ပါတယ်။

၎။ ရေဓာတ်မချို့တဲ့အောင် ကာကွယ်နိုင်ပါတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ရေဓာတ်ချို့တဲ့မှုမရှိအောင် ရေများများ သောက်ဖို့ လိုအပ်ပါတယ်။ ရေဓာတ်ချို့တဲ့တာကြောင့် သားအိမ်ကျုံ့ဆန့်နိုင်ပြီး လမစေ့ ကလေးမွေးဖွားလာနိုင်ပါတယ်။ ဖရဲသီးမှာ ရေဓာတ်က ၉၀ ရာခိုင်နှုန်းကျော်ပါဝင်တဲ့ အတွက် သူ့ကို စားသုံးတာက ခန္ဓာကိုယ်အတွင်း ရေဓာတ်ပြည့်ဝနိုင်ပါတယ်။

၅။ ကြွက်မတက်အောင် ကာကွယ်နိုင်ပါတယ်
ကိုယ်ဝန်ဆောင်ကာလမှာ မြင့်တက်လာတဲ့ ကိုယ်အလေးချိန်နဲ့ ဟော်မုန်းအ ပြောင်းအလဲတွေကြောင့် ကြွက်သားနဲ့ အရိုးတွေ နာကျင်ကိုက်ခဲနိုင်ပါတယ်။ ဖရဲသီးကို စားသုံးတာက ဒီပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိပြီး ကြွက်မတက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

၆။ မှဲ့ခြောက်မဖြစ်အောင် ကာကွယ်နိုင်ပါတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုက မျက်နှာအရေပြားမှာ မှဲ့ခြောက်၊ တင်းတိပ် လိုမျိုး အမည်းစက်တွေ ဖြစ်ပေါ်လာတတ်ပါတယ်။ ဖရဲသီးက ၀မ်းလှုပ်ရှားမှုကို ကောင်းစေပြီး အစာခြေစနစ်ကို ကူညီနိုင်တဲ့အတွက် ခန္ဓာကိုယ်က အဆိပ်အတောက် တွေ ကင်းစင်သွားပြီး အရေပြားတောက်ပြောင်ဝင်းလက်လာနိုင်ပါတယ်။

၇။ ၀မ်းချုပ်တာသက်သာနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ကာလမှာ ၀မ်းချုပ်တာက အဖြစ်များတဲ့ပြဿနာတစ်ခုပါ။ ဖရဲ သီးမှာ များစွာပါဝင်တဲ့အမျှင်ဓာတ်တွေက ၀မ်းမှန်စေနိုင်ပါတယ်။

၈။ ခုခံအားစနစ် ကောင်းမွန်နိုင်ပါတယ်
ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ သင့်ခန္ဓာကိုယ်က သင်နဲ့ သင်ရဲ့ သန္ဓေသား နှစ်ဦးစလုံးအတွက် တာဝန်ယူရပါတယ်။ သင့်မှာ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်ရင် သင့်သန္ဓေသားရဲ့ ကျန်းမာရေးနဲ့ ကြီးထွားမှုမှာ တိုက်ရိုက်အကျိုးသက်ရောက်မှုရှိနိုင် ပါတယ်။ ဖရဲသီးက သင်ရဲ့ ခုခံအားစနစ်ကို သန်မာစေနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ သူ့ကို အနီရောင်ဖြစ်စေတဲ့ လိုင်ကိုပင်းတွေက ကိုယ်ဝန်ဆိပ်တက်နိုင်ခြေ ၅၀ ရာခိုင် နှုန်းခန့် လျှော့ချပေးပါတယ်။

၉။ အပူကြောင့် ယားနာဖြစ်တာကို သက်သာနိုင်ပါတယ်
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်အပူချိန်က မြင့်တက်နေတဲ့အတွက် ကြောင့် အဖုအပိမ့်တွေပေါက်ပြီး ယားယံတတ်ကြပါတယ်။ ဖရဲသီးဟာ ရေဓာတ်ပြည့် ၀နေပြီး အေးစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ယားနာတာ သက်သာသွားစေနိုင်ပါတယ်။ အရေပြားခြောက်သွေ့မှုမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။

၁၀။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့ဝေဒနာကို သက်သာစေနိုင်ပါတယ်
ကိုယ်ဝန်ဆောင်ကာလမှာ မကြာခဏ ဆီးသွားတာနဲ့ ဆီးကျဉ်တဲ့ဝေဒနာတွေ ခံစားရတတ်ပါတယ်။ ဖရဲသီးမှာ ရေဓာတ်ပါဝင်မှုများပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် ဆီးလမ်းကြောင်းမှ ဘက်တီးရီးယားတွေ ကို ရှင်းထုတ်နိုင်ပါတယ်။

၁၁။ မျက်စိအမြင်အာရုံကောင်းမွန်စေနိုင်ပါတယ်
ဖရဲသီးမှာ များစွာပါဝင်တဲ့ ဘီတာကယ်ရိုတင်းတွေက ခန်ာကိုယ်အတွင်း ဓာတ် တိုး ဆန့်ကျင်ပစ္စည်း ဗီတာမင် အေ အဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဗီတာမင် အေက မျက်စိကျန်းမာရေးအတွက် ကောင်းမွန်ပြီး မြင်လွှာကို အကာအကွယ်ပေးပါ တယ်။

၁၂။ သန္ဓေသားအရိုးဖြစ်တည်မှုအတွက် ထောက်ပံ့ပေးပါတယ်
ဖရဲသီးမှာ များစွာပါဝင်တဲ့ ကယ်လ်စီယမ်နဲ့ ပိုတက်စီယမ်သတ္တုဓာတ်တွေက သန္ဓေသားရဲ့ အရိုးကြီးထွားမှုနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိပါတယ်။

သတိပြုရန် ။ ။
♦ ဖရဲသီးကို အလွန်အကျွံစားသုံးတာက သူ့မှာ များစွာပါဝင်တဲ့ ဂလူးကို့စ်ဓာတ် တွေကြောင့် ကိုယ်ဝန်ဆောင်ဆီးချိုရောဂါဖြစ်နိုင်ပါတယ်။
♦ ဖရဲသီးကို ဆီးရွှင်စေလိုတဲ့ ဆန္ဒနဲ့ အလွန်အကျွံစားသုံးမိရင် ခန္ဓာကိုယ်ထဲက အာဟာရဓာတ်တွေ ဆုံးရှုံးသွားနိုင်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *