ကိုယ်ဝန်ဆောင်ခြင်းနှင့် သွားနှင့်ခံတွင်း ပြဿနာများ

ကိုယ်ဝန်ဆောင်ချိန်ကာလအပိုင်း အခြားသုံးပိုင်းရှိပါတယ်။ ပထမအချိန် ကာလ(ကိုယ်ဝန် တစ်ပတ်မှ ၁၂ ပတ်)၊ ဒုတိယအချိန်ကာလ(ကိုယ်ဝန် ၁၃ ပတ်မှ ၂၄ ပတ်)၊ တတိယအချိန်ကာလ (ကိုယ်ဝန် ၂၅ မှ ၄၀ ပတ်)တို့ဖြစ်ပါတယ်။ ပထမအချိန်ကာလမှာ သန္ဓေသားရဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ စ တင်ဖြစ်ပေါ်လာပါတယ်။ ဒါကြောင့် ဒီ ပထမကာလဟာ သန္ဓေသားအတွက် အရမ်းအရေးကြီးတဲ့ကာလတစ်ခုဖြစ်ပါ တယ်။ ဒုတိယကာလမှာ သန္ဓေသားရဲ့ ဖြစ်တည်ပြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဆက်လက်ကြီးထွားရင့်ကျက်လာတဲ့ ကာ လဖြစ်ပါတယ်။ တတိယကာလမှာလည်း အင်္ဂါအစိတ်အပိုင်းတွေ ဆက်လက်ကြီး ထွားရင့်ကျက်နေပါတယ်။ သွားနဲ့ခံတွင်း ဆေးကုသမှုတွေကို ပထမကာလနဲ့ တတိယကာလတွေမှာ ရှောင်ရပါတယ်။ ဒုတိယကာလမှာ ကုသမှုခံယူမှသာ သန္ဓေသားအတွက် စိတ်ချရမှာဖြစ်ပါ တယ်။ ဒါကြောင့် ကိုယ်ဝန်ယူမယ်လို့ ဆုံး ဖြတ်လိုက်တာနဲ့တစ်ပြိုင်နက် လိုအပ်တဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးကို စစ်ဆေး၊ ကုသမှုခံယူထားသင့်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရို ဂျင်ဟော်မုန်းက ၁၀ ဆ၊ ပရိုဂျက်စတုန်း ဟော်မုန်းက ၃၀ ဆ ဖြစ်ပြီး သာမန်ထက် ပိုများနေပါတယ်။ ဟော်မုန်းများနေတာ ကြောင့် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို ပြောင်းလဲစေပါတယ်။ သွားနဲ့ခံတွင်းကျန်းမာရေးကိုလည်း သက် ရောက်မှုရှိစေပါတယ်။ ကိုယ်ဝန်ဆောင် ချိန်မှာ အဖြစ်များတဲ့ သွားနဲ့ခံတွင်းရောဂါ တွေကတော့ –

(၁) ကိုယ်ဝန်ကြောင့် သွားဖုံးရောင်ခြင်း (Pregnancy Gingivitis)

(၂) သွားများယိုင်နဲ့လာခြင်း (Tooth Mobility)

(၃) သွားပိုးစားခြင်း (Dental Caries)

(၄) ကိုယ်ဝန်ကြောင့် သွားဖုံးအသားလုံး ဖြစ်ခြင်း (Pregnancy Epulis)

(၅) သွားကြွေလွှာပြုန်းတီးခြင်း (Dental Erosion)

တို့ဖြစ်ပါတယ်။

(၁) ကိုယ်ဝန်ကြောင့် သွားဖုံးရောင်ခြင်း (Pregnancy Gingivitis)
အဖြစ်အများဆုံး ခံတွင်းဝေဒနာတစ် ခုဖြစ်ပါတယ်။ ဟော်မုန်းအထွက်များတာ ကြောင့် သွေးကြောတွေ စိမ့်ဝင်စိမ့်ထွက် နိုင်မှု များလာကာ သွားဖုံးတွေ ရောင်လာ ရတာဖြစ်ပါတယ်။ ကိုယ်ဝန်ရဲ့ နှစ်လက နေ ရှစ်လအတွင်းမှာ တွေ့ရတတ်ပြီး အလွယ်တကူ သွေးထွက်နိုင်ပါတယ်။ သွားမှာ ကပ်ငြိနေတဲ့ ကျောက်တွေကို ခြစ်ထုတ်တာ၊ နည်းစနစ်မှန်မှန်နဲ့ သေချာ သွားတိုက်တာ၊ ခံတွင်းသန့်စင်ဆေးရည် နဲ့ ပလုတ်ကျင်းတာတွေနဲ့ ကာကွယ်နိုင် ပါတယ်။

(၂) သွားများယိုင်နဲ့လာခြင်း (Tooth Mobility)
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်း အထွက်များတာကြောင့် သွားအမြစ်နဲ့ အရိုးကို ဆက်သွယ်ပေးတဲ့ အမျှင်တွေ အားနည်းလာတာ၊ သွားအမြစ်နဲ့ အရိုး ကြားမှာရှိတဲ့ Lamina Dura မှာMineral ပါဝင်မှု နည်းပါးလာတာတွေ ကြောင့် ဖြစ်တတ်ပါတယ်။

(၃) သွားပိုးစားခြင်း (Dental Caries)

ကိုယ်ဝန်ဆောင်ချိန်မှာ တံတွေးအ ထွက်နည်းပါးတာ၊ သွားအတွင်း Mineral ပါဝင်မှုနည်းပါးတာ၊ အက်စစ်တစ် လွန်ကဲတဲ့တံတွေးဖြစ်လာတာ၊ သွားပိုး စားစေတဲ့ ဘက်တီးရီးယားတွေ များပြား လာတာနဲ့ တံတွေးနည်းလာလို့ အစားအ စာတွေ ကပ်ငြိလာတာကြောင့် သွားပိုး စားတာကို ဖြစ်ပေါ်စေပါတယ်။

(၄) ကိုယ်ဝန်ကြောင့် သွားဖုံးအသားလုံး ဖြစ်ခြင်း (Pregnancy Epulis)

ငါးရာခိုင်နှုန်းသော ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ သွားနှစ်ချောင်းကြား မှာရှိတဲ့ သွားဖုံးချွန်လေးတွေကတစ်ဆင့် အသားပိုအလုံးလိုမျိုးတွေ ကြီးထွားလာ တာဖြစ်ပါတယ်။ အသားပိုအလုံးက ပန်း ရောင် ဒါမှမဟုတ် အပြာရောင်ရှိနိုင်ပြီး အလွယ်တကူ ထိခိုက်မိကာ သွေးထွက် နိုင်ပါတယ်။ သွားဖုံးရောင်တာကို ကာ ကွယ်တဲ့နည်းအတိုင်း ကာကွယ်နိုင်ပါ တယ်။ မွေးဖွားပြီးချိန်မှာ အသားပိုအလုံး အရွယ်အစား သေးသွားနိုင်ပါတယ်။ အ ရမ်းကြီးပြီး အနှောင့်အယှက်ရှိလာ မယ်ဆိုရင်တော့ ခွဲစိတ်ဖြတ်ထုတ်တာမျိုး ပြုလုပ်ပေးရပါမယ်။

(၅) သွားကြွေလွှာပြုန်းတီးခြင်း (Dental Erosion)

ကိုယ်ဝန်ဆောင်ချိန်မှာ ခံတွင်းပျက် ပြီး အချဉ်များများစားတာ၊ ပျို့အန်ရာက နေ ထွက်လာတဲ့အရည်မှာ အက်စစ်ဓာတ် လွန်ကဲနေတာတွေကြောင့် သွားကြွေလွှာ ပြုန်းတီးရပါတယ်။ ပျို့အန်ပြီးပါက ချက် ချင်းသွားမတိုက်ဘဲ ရိုးရိုးရေ ဒါမှမဟုတ် ဆော်ဒါမှုန့်ခတ်ထားတဲ့အရည်တွေနဲ့ ပလုတ်ကျင်းပေးရပါမယ်။
သွားနဲ့ခံတွင်းကျန်းမာရေးကလည်း သန္ဓေသားငယ်ဆီကို သက်ရောက်နိုင် ပါတယ်။

(၁) ကိုယ်ဝန်လမစေ့ဘဲ မွေးဖွားခြင်း (Preterm Labor)
♦ သွားဖုံးရောင်ရောဂါရှိတဲ့ မိခင်တွေ မှာ အဖြစ်များပါတယ်။
♦ Anaerobic Oral Gram Nega-tive Bacteria တွေက သွားဖုံးကို ရောင် ရမ်းစေပါတယ်။
♦ သွားဖုံးရောင်ခြင်းမှ Prostaglandin နဲ့ Cytokine ကို ထွက်စေပြီး ကလေး မွေးဖွားတာကို မြန်စေပါတယ်။

(၂) ကိုယ်အလေးချိန်လျော့နည်းသော ကလေး မွေးဖွားခြင်း (Low Birth Weight)
♦ သွားဖုံးရောင်တာကနေ ထွက်လာ တဲ့ Prostaglandin (PGF) ဟာ မိခင် နဲ့ သန္ဓေသားကို ဆက်သွယ်ပေးတဲ့ အ ချင်းကြိုးရဲ့ သွေးလည်ပတ်မှုကို နည်းပါး စေတာကြောင့် သန္ဓေသားကောင်းစွာ မကြီးထွားတဲ့အတွက် ကိုယ်အလေးချိန် နည်းပါးရတာဖြစ်ပါတယ်။
(၃) ကိုယ်ဝန်ဆိပ်တက်ခြင်းPre-eclampsia)
♦ ကိုယ်ဝန်ဆိပ်တက်တာနဲ့ သွားဖုံး ရောင်တာရဲ့ တိကျတဲ့ဆက်စပ်မှုကို မသိ ရသေးပါဘူး။
♦ သွားဖုံးကထွက်လာတဲ့အရည် (Gingival Crevicular Fluid) မှာပါ ၀င်တဲ့ PGE2, IL-1, TNF-a တို့ဟာ သာမန်ကိုယ်ဝန်ဆောင်မိခင်ထက် ကိုယ် ၀န်ဆိပ်တက်နေတဲ့ မိခင်မှာ ပိုများတာကို တွေ့ရပါတယ်။
ကိုယ်ဝန်ဆောင်တာကြောင့် သွားနဲ့ ခံတွင်းကျန်းမာရေးကို ထိခိုက်နိုင်သလို သွားနဲ့ခံတွင်းရောဂါတွေကနေလည်း ကိုယ် ၀န်ဆောင်တာနဲ့ သန္ဓေသားကို ထိခိုက် နိုင်ပါတယ်။ သွားနဲ့ခံတွင်းရောဂါတွေကို ကိုယ်ဝန်ဆောင်ချိန်မှာ အချိန်ကာလအ ပိုင်းအခြားတွေနဲ့ ကုသရတာကြောင့် ကလေးယူမယ်လို့ စဉ်းစားလိုက်တာနဲ့ သွားနဲ့ခံတွင်းဆရာဝန်နဲ့ပြသပြီး လိုအပ် တဲ့ ကုသမှုတွေကို ခံယူသင့်ပါတယ်။

◘ ဒေါက်တာထွန်းထွန်းလင်း
B.D.S(Ygn), Dip.D.Sc(Ygn)
သွားနှင့်ခံတွင်းရောဂါကုဆရာဝန်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *