ကိုယ်ဝန်ဆောင်ကာလအတွင်း ဆောင်ရန်နှင့် ရှောင်ရန်များ (အပိုင်း-၂)

♦♦ ကိုယ်ဝန် ပထမသုံးလပတ်အတွင်း ပြုလုပ်သင့်သည်များ ♦♦

♦♦ ကိုယ်ဝန်ရှိမှန်းသေချာအောင် စစ်ဆေးပါ
► သင်က အိမ်ထောင်သည်ဖြစ်ပြီး ဓမ္မတာသွေးပေါ်ရမယ့် ရက်ကျော်တာ တစ်ပတ်ကျော်သွားရင် ကိုယ်ဝန်ရှိ မရှိ သေချာအောင် ကိုယ်ဝန်စစ် ကိရိယာနဲ့ စစ်ဆေးရပါမယ်။
► ရလာတဲ့ အဖြေက မပြတ်သားသေး ရင် နောက်တစ်ပတ်မှာ ပြန်လည်စစ်ဆေးပါ။
► သင့်ကိုယ်ဝန်ကို ကြည့်ရှုပေးမယ့် ဆရာဝန်ကို ရွေးချယ်ထားပါ။
► သင်ကလေးမွေးမယ့် ဆေးရုံ၊ မွေး ပေးမယ့်ဆရာဝန်တို့ကို သင့်မိသားစု၊ သင့်မိတ်ဆွေတွေနဲ့ တိုင်ပင်ပြီးရွေးချယ် ပါ။ သင့်ဆရာဝန်ထိုင်တဲ့ ဆေးရုံ ဆေး ခန်းက သင့်အိမ်နဲ့ သွားရလာရတာ လွယ် ကူအဆင်ပြေတဲ့ နေရာဖြစ်ရပါမယ်။

♦♦ ကိုယ်ဝန်ပြဖို့ ရက်ချိန်းယူပါ
► ဆရာဝန်နဲ့ မပြသခင်မှာ သင် နောက်ဆုံးလာခဲ့တဲ့ ဓမ္မတာရဲ့ ပထမရက် ကို မှတ်သားထားပြီး ဆရာဝန်ဆီက သင်သိချင်တဲ့ မေးခွန်းတွေကို ရေးမှတ် ထားပါ။ သင်နဲ့ သင့်အမျိုးသားမိသားစု ဝင်တွေထဲမှာ ဖြစ်ပေါ်နေတဲ့ ရောဂါတွေ ကိုလည်း ဆရာဝန်ကို ပြောပြရပါမယ်။

♦♦ သင်သောက်နေတဲ့ ဆေးဝါးတွေအကြောင်း ဆရာဝန်ကို အသိပေးပါ
► ဆေးဆိုင်ပေါ်မှာ တင်ရောင်းနေတဲ့ ဆေးအပါအဝင် ဆေးအများစုက ကိုယ် ဝန်ဆောင်ကာလမှာ မှီဝဲရင် အန္တရာယ် ရှိနိုင်ပါတယ်။။ သင်ကဆေးဝါး မှီဝဲနေရ သူဖြစ်ရင် ဆရာဝန်ကိုပြောပြပြီး ဆက် သောက်သင့် မသောက်သင့် အကြံဉာဏ် ရယူပါ။ သင်သောက်နေကျ ဗီတာမင်နဲ့ တိုင်းရင်းဆေးတွေကိုလည်း ဆရာဝန်ကို ပြောပြပါ။

♦♦ သင်ရဲ့အကျင့်ဆိုးတွေကို ဖျောက်လိုက်ပါ
► ဆေးလိပ်သောက်တာ၊ အရက် သောက်တာလိုမျိုး အကျင့်ဆိုးတွေကို ဖြတ်လိုက်ပြီး ကဖင်းလျှော့သောက်ရပါ မယ်။ ကိုယ်ဝန်ပျက်နိုင်ပြီး ကိုယ်ဝန် ဆောင်နဲ့ ဆက်စပ်တဲ့ရောဂါ ရရှိနိုင်တာ ကြောင့်ပါ။

♦♦ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့အစာ စားပါ
► သင်နဲ့ သင့်ကလေးအတွက် လိုအပ်မယ့် အာဟာရတွေ အားလုံးပါဝင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်မျှတမှု ရှိနိုင်တဲ့ အစားအစာတွေကို စားပါ။

♦♦ ကိုယ်ဝန်ဆောင် ပျို့အန်တာကို ဖြေရှင်းပါ
► ကိုယ်ဝန် ပထမ သုံးလပတ်မှာ ပျို့ အန်တတ်ပါတယ်။ အရသာ ခပ်ပေါ့ပေါ့ ရှိတဲ့ အစားအစာတွေကို တစ်ကြိမ်ကို နည်းနည်းနဲ့ ခဏခဏ စားသုံးပေးတာက ပျို့အန်တာ သက်သာနိုင်ပါတယ်။ ဆိုး ဆိုးရွားရွား အော့အန်နေရင်တော့ သင့် ဆရာဝန်နဲ့ ချက်ချင်းပြသပါ။

♦♦ အိပ်ရေးဝအောင်အိပ်ပါ
► ကိုယ်ဝန် ပထမပိုင်းကာလတွေမှာ သင့်ခန္ဓာကိုယ်က ဟော်မုန်းအပြောင်း အလဲကို လိုက်ညှိနေရတာမို့ ပိုပြီး ပင်ပန်းနေတတ်ပါတယ်။ အိပ်ရာစောစော ဝင်ပြီး ခါတိုင်းထက် အိပ်ချိန်ပိုယူပါ။ သီချင်းနားထောင်တာ ဒါမှမဟုတ် စာဖတ် တာမျိုးတွေ ပြုလုပ်ပြီး relax လုပ်ပါ။
♦♦ သင့်ကလေး ကြီးထွားဖွံ့ဖြိုးမှုကို လေ့လာပါ
► Website တွေမှာ Pregnancy newsletter ကို Subscribe လုပ်ပြီး သင့် ကိုယ်ထဲက ပြောင်းလဲမှုနဲ့ ကလေး ဘယ်လို ကြီးထွားလာသလဲကိုလေ့လာပါ။

♦♦ သင့်ကိုယ်ဝန်ကို ဓာတ်ပုံရိုက်ထားပါ
► ကြည့်မှန်နဲ့ကြည့်ပြီး ဒါမှမဟုတ် တစ်ယောက်ယောက်ကို အကူအညီ တောင်းပြီး သင့်ကိုယ်ဝန်ကို အပတ်စဉ် ဓာတ်ပုံရိုက်ထားပြီး တိုးတက်နှုန်းကို နှိုင်း ယှဉ်ကြည့်ပါ။ အဝတ်အစား၊ နေရာနဲ့ ကိုယ်ဟန် အနေအထားတွေက အပတ် စဉ် တူညီနေရင် သင့်အတွက် ရှုမော ဖွယ်ရာ ဓာတ်ပုံကောင်းတွေ ရရှိပါလိမ့်မယ်။

♦♦ အဝတ်အစားကောင်း ဝတ်ပါ
► ကိုယ်ဝန်ဆောင်ဝတ်တဲ့ဘရာစီယာ၊ အတွင်းခံ ဘောင်းဘီတွေကို ဝယ်ယူ ဝတ်ဆင်ပါ။ အတွင်းခံဘရာစီရာက နို့အုံ နဲ့ fit ဖြစ်မှ ရင်သားကို ကောင်းကောင်း အထောက်အပံ့ ရနိုင်ပါမယ်။

♦♦ လိင်ဆက်ဆံမှု ပြုလုပ်နိုင်ပါတယ်
► သင့်အနေနဲ့ ပင်ပန်းလွန်းတာ၊ ပျို့ အန်ချင်တာနဲ့ စိတ်အပြောင်းအလဲများ တာတွေ ဖြစ်နိုင်ပေမယ့် စိတ်ဆန္ဒရှိရင် လိင်ဆက်ဆံမှု ပြုလုပ်နိုင်ပါတယ်။ သား အိမ်ကြွက်သား၊ ရေမြွှာအိတ်နဲ့ အချွဲထူ တွေက သန္ဓေသားကို အကာအကွယ် ပေးထားတာမို့ ကလေးကို မထိခိုက် နိုင်ပါဘူး။

♦♦ သင့်အမျိုးသားကိုလည်း ကလေးထိန်း ရမယ့် တာဝန်ကို ပြောပြထားပါ
► ကလေးအတွက် အမေလုပ်ရမယ့် တာဝန်နဲ့ အဖေလုပ်ရမယ့်တာဝန်တွေကို ခွဲခြားရေးမှတ်ထားပြီး ဒီအတိုင်းလိုက်နာ ကာ မိမိကလေးကို အနာရောဂါကင်း ကင်းနဲ့ ကြီးထွားဖွံ့ဖြိုးလာအောင် ပျိုး ထောင်ပါ။

♦♦ ကလေးအတွက် သုံးရမယ့်ငွေကို ကြို စဉ်းစားထားပါ
► ကလေးမွေးရာမှာ ကုန်ကျမယ့် စရိတ်၊ ကလေးမွေးပြီးရင် အသုံးပြုရမယ့် အနှီး၊ အဝတ်အစား၊ နို့မှုန့်၊ သေးခံ ဘောင်းဘီနဲ့ ကလေးထိန်းအတွက် ကုန် ရမယ့် ငွေတွေကို တွက်ချက်ပြီး ကြိုတင် စုဆောင်းထားပါ။

♦♦ ဝက်သက်ကြီးအတွက် ကာကွယ်ဆေးကို ကြိုတင်ထိုးထားပါ
► ကိုယ်ဝန်ဆောင်ကာလမှာ Rubella ခေါ် ဝက်သက်ကြီးရောဂါဖြစ်ရင် ကိုယ် ဝန်ပျက်တာ၊ မွေးရာပါ ချို့ယွင်းချက် ပါလာတာတွေ ဖြစ်တတ်တဲ့အတွက် ကလေးမရယူခင် ကြိုတင်ပြီး ဝက်သက် ကြိုတင်ကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။

. . . ဆက်လက်ဖော်ပြပါမည်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal