ကယ်လ်စီယမ်ဓာတ်အကြောင်း သင်ဘယ်လောက်သိပါသလဲ

အရိုးအဆစ်သန်မာဖို့ ကယ်လ်စီ ယမ်ဓာတ်အရေးကြီးတာကို သိကြမှာပါ။ ကယ်လ်စီယမ်နဲ့ ပတ်သက်ပြီး ဘယ်လောက်သိသေးသလဲဆိုတာ ဒီ Quiz လေးဖြေပြီး ဆန်းစစ်ကြည့်ကြရအောင်။

၁။ ကယ်လ်စီယမ်ကို ဟင်းသီးဟင်းရွက်တွေကနေရနိုင်လား။
(က) မှန်
(ခ) မှား

၂။ ၀မ်းဗိုက်ထဲကရင်သွေးငယ်တွေက ကိုယ်ဝန်ဆောင်မိခင်တွေဆီက ကယ်လ်စီယမ်ဓာတ်တွေကို ယူသုံးလေ့ရှိလား။
(က) ရှိတယ်
(ခ) မရှိဘူး

၃။ အစားအသောက်တွေကနေ ကယ်လ် စီယမ်လျှော့ချလိုက်ရင် ကျောက်ကပ် ကျောက်တည်တာတွေ မဖြစ်နိုင်တော့ဘူး။
(က) မှန်
(ခ) မှား

၎။ ဘယ်အစားအသောက်ကနေ ကယ်လ်စီယမ်အများဆုံးရနိုင်လဲ။
(က) အဆီနည်းနို့
(ခ) ဒိန်ခဲ
(ဂ) ဒိန်ချဉ်

၅။ ဘယ်အရွယ်တွေမှာ ကယ်လ်စီယမ် ဓာတ်အလိုအပ်ဆုံးလဲ။
(က) အသက် ၄ နှစ်ကနေ ၈ နှစ်
(ခ) အသက် ၉ နှစ်ကနေ ၁၈ နှစ်
(ဂ) အသက် ၅၀ နှစ်အထက်

၆။ သင်ဟာ ကယ်လ်စီယမ်ဓာတ် နေ့စဉ် ဆုံးရှုံးနေပါသလား။
(က) မှန်
(ခ) မှား

၇။ ကယ်လ်စီယမ်က ခန္ဓာကိုယ်ကို ဘာ တွေဖြစ်စေနိုင်ပါသလဲ။
(က) အရိုးတွေသန်မာစေတယ်
(ခ) ကိုယ်ခံစွမ်းအားကောင်းစေတယ်
(ဂ) နှစ်မျိုးလုံး

၈။ ကယ်လ်စီင်္ယမ်စုပ်ယူအားကောင်းစေဖို့ ဒီအာဟာရဓာတ်လည်း လိုအပ်တယ်။
(က) ဗီတာမင် စီ
(ခ) ဗီတာမင်ဒီ
(ဂ) ပိုတက်စီယမ်

၉။ ကယ်လ်စီင်္ယမ်အားဖြည့်ဆေးတွေကို အမြဲအစာနဲ့ တွဲသောက်ရမှာလား။
(က) ဟုတ်တယ်
(ခ) မဟုတ်ဘူး

၁၀။ ကယ်လ်စီယမ်အားဆေးသောက် တဲ့အခါ ပမာဏများများသောက်လေလေ ခန္ဓာကိုယ်ထဲ စုပ်ယူမှုအားကောင်းလေလေပါ။
(က) မှန်
(ခ) မှား

 

ကဲ … အဖြေလေးတွေကို ကြည့်လိုက်ကြရအောင် ..♥

၁။ (က) မှန်
အရိုးအဆစ်သန်မာဖို့ နို့သောက်ရမယ်ဆိုတာကိုသိကြမှာပါ။ နို့နဲ့ နို့ထွက် ပစ္စည်းတွေမှာ ကယ်လ်စီယမ်ကြွယ်ဝနေတတ်ပါတယ်။ အဲဒီလိုပဲ ပန်းဂေါ်ဖီ၊ ဘရို ကိုလီ၊ ပန်းဂေါ်ဖီစိမ်း၊ ကိုက်လန်စတဲ့ဟင်း သီးဟင်းရွက်တွေမှာလည်း ကယ်လ် စီယမ်ကြွယ်ဝတတ်ပါတယ်။ အရိုးပျော့ ငါးဖြစ်တဲ့ ငါးသေတ္တာနဲ့ ဆယ်လ်မွန်ငါး တွေမှာလည်း ကယ်လ်စီယမ်ကြွယ်ဝ ပါတယ်။ ကယ်လ်စီယမ်အလုံအလောက် မရပါက အရိုးတွေအားနည်းကာ အရိုးပွ ရောဂါဖြစ်လာမှာပါ။

၂။ (က) ရှိတယ်
ကိုယ်ဝန်ဆောင်ပါက ရင်သွေးငယ် လေးတွေမှာ အရိုးတွေကြီးထွားသန်မာဖို့ ကယ်လ်စီယမ်ဓာတ်များစွာ လိုအပ်ပါတယ်။ အထူးသဖြင့် မီးဖွားခါနီး သုံးလအလိုမှာ ပိုပြီးလိုအပ်ပါတယ်။ ကယ်လ်စီ ယမ်အလုံအလောက်မရပါက သင့်အရိုး တွေဆီကနေပါ ယူသုံးလေ့ရှိပါတယ်။ ဒါ ကြောင့် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် တွေအနေနဲ့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝတဲ့အစားအစာတွေ စားပေးပါ။ လိုအပ်ပါက ကယ်လ်စီယမ်အားဖြည့်ဆေးပါသောက်ပါ။

၃။ (ခ) မှား
ကျောက်ကပ်ကျောက်တွေက ကယ်လ်စီယမ်အောက်ဆိုလိတ်လို့ခေါ်တဲ့ သတ္တုဓာတ်တစ်မျိုးနဲ့ ပြုလုပ်ထားတာပါ။ ဒါပေမဲ့ အစားအသောက်တွေက နေ ကယ်လ်စီယမ်လျှော့ချလိုက်ရုံနဲ့ ကျောက်ကပ်ကျောက်တည်တာကို မကာ ကွယ်ပေးနိုင်ပါဘူး။ ကယ်လ်စီယမ်တွေ များပြီး ရေသောက်နည်းရင်တော့ ကျောက်ကပ်ကျောက်တည်ဖို့ အခွင့်အ ရေးများပါတယ်။ ဒါကြောင့် ရေများများ သောက်ပေးရပါမယ်။

၎။ (ဂ) ဒိန်ချဉ်
အဆီမပါတဲ့နို့ထက်စာရင် ဒိန်ချဉ် က နှာတစ်ဖျားသာနေပါတယ်။ ဒိန်ချဉ် ရှစ်အောင်စခွက်တစ်ခွက်က တစ်နေ့တာ လိုအပ်တဲ့ ကယ်လ်စီယမ်ပမာဏ သုံးပုံ တစ်ပုံကို ပေးစွမ်းနိုင်ပါတယ်။ ဒိန်ချဉ်မှာ ပါတဲ့ ကယ်လ်စီယမ်ပမာဏကတော့ အမျိုးမျိုး ရှိနေတတ်ပါတယ်။ ဒါကြောင့် ဒိန်ချဉ်ဘူးမှာပါတဲ့ ပမာဏကိုတော့ သေချာစစ်ကြည့်ပါ။ လိမ္မော်ရည်၊ ဆန်နို့၊ ပဲနို့ကနေလည်း ကယ်လ်စီယမ်တွေရ တတ်ပါတယ်။ ဘယ်နို့ပဲသောက်သောက် မသောက်ခင် ဘူးကိုလှုပ်ပြီးမှ သောက်ပါ။ ဘာကြောင့်လဲဆိုတော့ ဘူးအောက်ခြေ မှာ ကယ်လ်စီယမ်တွေ အနည်ထိုင်နေ တတ်တာကြောင့်ပါ။

၅။ (ခ) အသက် ၉ နှစ်ကနေ ၁၈ နှစ်
ဆယ်ကျော်သက်အရွယ်မတိုင်ခင် တွေနဲ့ ဆယ်ကျော်သက်တွေဟာ ကြီး ထွားမှုနှုန်းမြန်သလို အရိုးတွေကလည်း အလျင်အမြန်ကြီးထွားလေ့ရှိပါတယ်။ တစ်နေ့တာလိုအပ်တဲ့ ကယ်လ်စီယမ် ပမာဏက အနည်းဆုံး ၁၃၀၀ မီလီဂရမ် လောက်ထိကိုရှိပါတယ်။ အဲ့ဒီပမာဏရဖို့ ဆိုရင် တစ်နေ့ကို နွားနို့ ၂ခွက်၊ ဒိန်ချဉ် တစ်ခွက်နဲ့ ကယ်လ်စီယမ်ကြွယ်ဝတဲ့ လိမေ်္မ်ာရည်တို့ သောက်ပေးရပါမယ်။ အရွယ်ရောက်ပြီးသားလူကြီးတွေမှာ တော့ တစ်နေ့ကို ၁၀၀၀ မီလီဂရမ် လောက် လိုအပ်ပါလိမ့်မယ်။

၆။ (က) မှန်
ကယ်လ်စီယမ်ဓာတ် အားလုံးလိုလို ကို အရိုးနဲ့သွားတွေမှာ သိမ်းဆည်းလေ့ ရှိပေမဲ့ နေ့စဉ်နဲ့အမျှ အရေပြား၊ ချွေး ဆံပင်နဲ့ တခြားနေရာတွေကနေ ဆုံးရှုံး လေ့ရှိပါတယ်။ သင့်ခန္ဓာကိုယ်ကနေ ကယ်လ်စီယမ်မထုတ်လုပ်နိုင်ပါဘူး။ ဒါ ကြောင့် အစားအစာနဲ့ ဆေးဝါးတွေကနေ ကယ်လ်စီယမ်ရယူနေရတာပါ။

၇။ (က) အရိုးတွေသန်မာစေတယ်
ကယ်လ်စီယမ်က အရိုးတွေကျန်း မာသန်စွမ်းစေဖို့ လိုအပ်တဲ့သတ္တုဓာတ် တစ်မျိုးပဲဖြစ်ပါတယ်။ ကြွက်သားတွေ လှုပ်ရှားဖို့ရယ် ဦးနှောက်နဲ့ခန္ဓာကိုယ် အ စိတ်အပိုင်းတွေကြား သတင်းအချက်အ လက်တွေ သယ်ယူပို့ဆောင်ဖို့ နာ့ဗ်ကြော တွေကို ကူညီရာမှာရယ် လိုအပ်ပါတယ်။ သွေးကြောထဲ သွေးတွေစီးဆင်းရာမှာ လည်း ကူညီပေးပါတယ်။ ဟော်မုန်းနဲ့ ပရိုတင်းဓာတ်တွေ ထွက်ရှိဖို့လည်း ကူညီပေးပါတယ်။

၈။ (ခ) ဗီတာမင်ဒီ
ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီက အတွဲပါ။ ဗီတာမင်ဒီမရှိဘဲ ခန္ဓာကိုယ်ကနေ ကယ်လ်စီယမ်ဓာတ်ကို မစုပ်ယူထားနိုင် ပါဘူး။ ဗီတာမင်ဒီကိုနေရောင်ကနေရ နိုင်သလို အစားအသောက်နဲ့ဆေးဝါးတွေ ကနေလည်း ရနိုင်ပါတယ်။ အဆီများတဲ့ ငါးတွေဖြစ်တဲ့ တူနာငါးနဲ့ ဆယ်လ်မွန်ငါး တွေကလည်း ဗီတာမင်ဒီကြွယ်ဝတဲ့ အ စားအစာတွေပါ။ ဒါပေမဲ့ ဗီတာမင်ဒီအလုံ အလောက်ရဖို့ အများစုက ဆေးဝါးတွေ အကူယူရပါတယ်။

၉။ (ခ) မဟုတ်ဘူး
ကယ်လ်စီယမ်အားဆေးတွေမှာ အသုံးများတဲ့ နှစ်မျိုးကတော့ Calcium Carbonate နဲ့ Calcium Citrate ပါ။ ပထမတစ်မျိုးက ဈေးသက်သာသလို အစာနဲ့တွဲသောက်ရင် ပိုပြီး ထိရောက်မှု ရှိပါတယ်။ နောက်တစ်မျိုးကတော့ ပိုပြီး ဈေးကြီးကာ အစာနဲ့တွဲသောက်သောက် သတ်သတ်ပဲသောက်သောက် အဆင်ပြေပါတယ်။

၁၀။ (ခ) မှား
ကယ်လ်စီယမ်ဆေးသောက်တဲ့ အခါမှာ ပမာဏများများသောက်လည်း ဘာမှတော့ သိပ်ပိုမထူးသွားပါဘူး။ နည်းနည်းစီခွဲသောက်တာက ပိုပြီး ထိရောက်ပါတယ်။ တစ်ခါသောက် ၅၀၀ မီလီဂရမ်ပမာဏလောက် သောက်ပေးမှ ခန္ဓာကိုယ်ထဲ စုပ်ယူမှုအားကောင်းမှာပါ။

◘ ဒေါက်တာနုမြတ်သိင်္ဂီဦး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *