ကိုဗစ်ကပ်ရောဂါဖြစ်နေတဲ့ကာလမှာ ရောဂါကူးစက်ခံရမှာကိုစိုးရိမ်တာကြောင့် တော်ရုံတန်ရုံ ဝေဒနာတွေခံစားရရင် ဆရာဝန်နဲ့ ပြဖို့ ဝန်လေးနေပါသလား။ နာတာရှည်ရောဂါရှိသူတွေကလည်း ဆေးခန်းရက်ချိန်းအတိုင်း သွားမပြကြသလိုဖြစ်နေပါသလား။ အောက်ပါပြဿနာတွေရှိနေရင်တော့ ဆရာဝန်နဲ့ ပြသဖို့ မနှောင့်နှေးသင့်ပါဘူး။
♦ နှလုံးပြဿနာ
—
ရင်ဘတ်နေရာမှာ ဖိထားသလို၊ ဆုပ်ဆွဲညှစ်ထားသလို နာကျင်တဲ့ဝေဒနာခံစားရရင် Heart Attack ဖြစ်တဲ့လက္ခဏာမို့ ဘယ်လိုကာလမျိုးမှာမဆို အရေးပေါ်ဌာနကို အမြန်ဆုံးသွားရောက်ပြသရပါမယ်။ အောက်ပါရောဂါလက္ခဏာတွေ ရှိနေရင်လည်း အရေးပေါ်ဌာနကို သွားရပါမယ်။
• အသက်ရှူမဝခြင်း
• ပျို့ခြင်း
• ချွေးစေးထွက်ခြင်း
• ရုတ်တရက် ထုံကျဉ်သွားခြင်း
• အားနည်းသွားခြင်း
• စိတ်ရှုပ်ထွေးခြင်း
• အမြင်အာရုံဆုံးရှုံးခြင်း
ဒီလက္ခဏာတွေအားလုံးဟာ လေဖြတ်တဲ့လက္ခဏာဖြစ်တာမို့ အရေးပေါ်ဌာနကို ချက်ချင်းသွားရောက်ဖို့ လိုအပ်ပါတယ်။
♦ အရေးပေါ်အခြေအနေ
—
ကိုဗစ်ကြောက်လို့ အရိုးကျိုးနေတယ်လို့ ထင်ရအောင် နာကျင်နေတာ တောင် ဆေးခန်းသွားမပြဘူးဖြစ်နေပါသလား။ မတော်တဆ ထိခိုက်ဒဏ်ရာရတာ၊ သွေးထွက်များတာ၊ အဖျားကြီးတာ အသက်ရှူရခက်ခဲနေတာနဲ့ ပြင်းထန်တဲ့ ဓာတ်မတည့်တုံ့ပြန်မှုတွေဖြစ်နေရင် အရေးပေါ်အခြေအနေဖြစ်တာမို့ ဆရာဝန်နဲ့ ချက်ချင်းပြသရပါမယ်။
♦ ကိုယ်ဝန်ဆောင်ချိန် ရက်ချိန်း
—
ကိုယ်ဝန်ဆောင်တွေက ရက်ချိန်းအတိုင်း ဆရာဝန်နဲ့တွေ့ဖို့ လိုအပ်ပါတယ်။ ဒါမှ မိမိကလေး ကြီးထွားဖွံ့ဖြိုးမှု ရှိ မရှိ သိနိုင်ပါတယ်။ တချို့ရက်ချိန်းတွေကို အွန်လိုင်းပေါ်ကနေ ဆွေးနွေးနိုင်ပေမယ့် သွေးစစ်ဆေးဖို့နဲ့ ကာကွယ်ဆေးထိုးဖို့ လိုအပ်ရင်တော့ ဆေးခန်းကို ကိုယ်တိုင်သွားရပါလိမ့်မယ်။
♦ ဆရာဝန်နှင့် ဆွေးနွေးခြင်း
—
စိတ်ဖိစီးမှုများလွန်းတာက စိတ်ကျန်းမာရေးအခြေအနေကို ပိုမိုဆိုးရွားနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် အွန်လိုင်း ဒါမှမဟုတ် ဖုန်းကတစ်ဆင့် ဆရာဝန်နဲ့ဆွေးနွေးပါ။
♦ နာတာရှည်ရောဂါများ
—
သင့်အနေနဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါလိုမျိုး နာတာရှည်ရောဂါရှိနေရင် ကိုဗစ်ကူးစက်နိုင်ခြေက အလွန်မြင့်မားပါတယ်။ ဒါပေမဲ့ သင်ရဲ့ ရောဂါကို ထိန်းချုပ်ထားနိုင်ဖို့အ တွက် ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြသဖို့ လည်း လိုအပ်ပါတယ်။ အွန်လိုင်းမှတစ် ဆင့် ပုံမှန်ဆွေးနွေးပြီး လိုအပ်ရင်တော့ ဆရာဝန်ဆီ သွားရောက်တွေ့ဆုံရမှာ ဖြစ်ပါတယ်။ တွေ့ဆုံရာမှာ မိမိကို ရောဂါကူးစက်မှုမခံရအောင် အကာအကွယ်အ ပြည့်အစုံ အသုံးပြုဖို့ လိုအပ်ပါတယ်။
♦ နှစ်စဉ် ကျန်းမာရေးစစ်ဆေးမှု
—
ရောဂါကာကွယ်ဖို့ တစ်မတ်သားလောက်လုပ်တာက တစ်ကျပ်ဖိုး ကုသမှုခံယူတာထက် ပိုတန်ဖိုးရှိပါတယ်။ နှစ်စဉ် ဆရာဝန်နဲ့ ကျန်းမာရေးစစ်ဆေးမှုပြုလုပ်တာက သင့်ခန္ဓာကိုယ်ထဲမှ ပြောင်းလဲမှုတွေကို ဆရာဝန်က သိရှိပြီး အကြံပေးနိုင်ပါတယ်။
♦ ကာကွယ်ဆေးထိုးခြင်း
—
တစ်ယောက်နဲ့တစ်ယောက် ခြောက်ပေအကွာနေတာ၊ လူစုလူဝေးရှောင်တာတွေက မိမိခန္ဓာကိုယ်ထဲ ပိုးမွှားမဝင်ရောက်အောင်ကာကွယ်နိုင်ပေမယ့် တုပ်ကွေးကာကွယ်ဆေးကတော့ ထိုးဖို့လိုအပ်ပါသေးတယ်။
♦ သွားဂရုစိုက်ခြင်း
—
သွားကျိုးတာ၊ မေးရိုးထိခိုက်ဒဏ်ရာရတာ၊ သွားဖုံးသွေးထွက်တာ၊ သွားဖုံးဒဏ်ရာရတာလိုမျိုး အရေးပေါ်အခြေအနေတွေမှာ သွားဆရာဝန်နဲ့ မဖြစ်မနေ ပြသရပါမယ်။
♦ ကင်ဆာရောဂါ Screening လုပ်ခြင်း
—
ကင်ဆာရောဂါကို စောစောစီးစီးအဆင့်မှာ တွေ့ရှိတာက ကုသမှု ထိရောက်တဲ့နေရာမှာ အလွန်အမင်း ကွာခြားသွားနိုင်ပါတယ်။ မမ်မိုဂရမ်ရိုက်တာ၊ ပတ်စ်မီးယားယူတာ၊ အူမကြီးမှန်ပြောင်းကြည့်တာ လိုမျိုးတွေကို မိမိပြုလုပ်ရမယ့် နှစ်အပိုင်းအခြားအလိုက် ပုံမှန်ပြုလုပ်သွားပါ။
♦ မိမိကလေးကို ကျန်းမာရေးစစ်ဆေးခြင်း
—
ကလေးငယ်တွေကလည်း ပုံမှန် ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုရှိ မရှိ ဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဒါ့ပြင် လိုအပ်တဲ့ကာကွယ်ဆေးတွေကိုလည်း အချိန်ဇယားအတိုင်း ထိုးပေးရပါမယ်။
#ဒေါက်တာခင်မိုးမိုး
#GoodHealthJournal_850
#COVID_SPECIAL_ARTICLEs