ကိုဗစ်နှင့် အဆုတ်ကျန်းမာရေး

COVID-19 ရောဂါပိုးဟာ အရင်ဦးဆုံးအဆုတ်ကိုတိုက်ခိုက်တတ်တဲ့အတွက် ရောဂါပိုးကူးစက်ခံရရင် များသောအားဖြင့် ချောင်းဆိုးတာ၊ အသက်ရှူမဝတာ၊ အဖျားရှိတာနဲ့ တုပ်ကွေးလိုမျိုးလက္ခဏာတွေပြတတ်ပါတယ်။
အောက်ဖော်ပြပါ အသက်ရှူလေ့ကျင့်ခန်းဟာ အဆုတ်ကျန်းမာရေးကိုကောင်းမွန်စေနိုင်တာကြောင့် ကိုဗစ်-၁၉ အပါအဝင် ရောဂါအတော်များများကိုတွန်းလှန်နိုင်တယ်လို့ သိရပါတယ်။
ဒီလေ့ကျင့်ခန်းကြောင့် အဆုတ်ကပြည့်ပြည့်ဝဝ ကျယ်ပြန့်ကားလာနိုင်တဲ့အတွက် အသက်ရှူထုတ်စဉ်မှာ ချွဲနဲ့ ဆဲလ်သေတွေပါ ထွက်သွားနိုင်ပါတယ်။

ဝမ်းဗိုက်မှအသက်ရှူပါ
——————
♦ ထိုင်ပြီး လက်တစ်ဖက်က ရင်ဘတ်ပေါ်နဲ့ ကျန်လက်တစ်ဖက်က ဝမ်းဗိုက်ပေါ်တင်ထားပါ။
♦ ဝမ်းဗိုက်က အပေါ်ကိုမြင့်တက်လာတဲ့အထိ နှာခေါင်းနဲ့အသက်ပြင်းပြင်းရှူသွင်းပါ။
♦ ပြီးရင်ပါးစပ်က လေချွန်သလိုမျိုးလုပ် ပြီး ဖြည်းဖြည်းချင်းအသက်ရှူထုတ်ပါ။
♦ ဝမ်းဗိုက်က မူလနေရာပြန်ရောက်ရပါမယ်။
♦ လုပ်နိုင်သမျှ အကြိမ်ကြိမ်ပြုလုပ်ပါ။
♦♦ relax ရရှိတဲ့အတွက် စိတ်ဖိစီးမှု၊စိတ်တင်းကျပ်နေတာတွေပါပျောက်ကင်းနိုင်ပါတယ်။

လေ့ကျင့်ခန်းပြုလုပ်ပါ။
——————
နှလုံးကျန်းမာရေးကောင်းမွန်စေတဲ့လေ့ကျင့်ခန်းအားလုံးက အဆုတ်ကျန်းမာရေးကိုအထောက်အကူပြုပါတယ်။
လမ်းလျှောက်တာလိုမျိုး အေရိုးဗစ်လေ့ကျင့်ခန်းက အသက်ရှူနှုန်းမြန်ဆန်စေပြီး အသက်ပြင်းပြင်းရှူနိုင်တဲ့အတွက် အဆုတ်ကိုသန့်စင်ပေးပါတယ်။ တစ်ကြိမ်ကို မိနစ် ၃၀ နှုန်းနဲ့ တစ်ပတ် ၅ ကြိမ်ပြုလုပ်ပါ။
ဆွဲဆန့်လေ့ကျင့်ခန်းတွေကလည်း ကိုယ်ဟန်အနေအထားကောင်းမွန်စေတာကြောင့် အသက်ရှူကြွက်သားတွေအတွက် အထောက်အကူရနိုင်ပါတယ်။ နေမကောင်းဖြစ်နေရင်တော့ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်မလုပ်ပါနဲ့။

ဆေးလိပ်ဖြတ်ပါ။
——————
ဆေးလိပ်သောက်တာက အသက်ရှူလမ်းကြောင်းအတွင်း ရောင်ရမ်းမှုကိုဖြစ်စေပြီး လေရှူပြွန်ကျဉ်းမြောင်းသွားတဲ့အတွက် အဆုတ်ကျန်းမာရေးကိုထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်တာက အဆုတ်ကင်ဆာဖြစ်ရတဲ့အကြောင်းရင်း နံပါတ်တစ်ပါ။ ဒါ့ပြင် ဆေးလိပ်ငွေ့ကြောင့် အောက်ဆီဂျင်လုပ်ငန်းစဉ်ပြုလုပ်ရတဲ့ အဆုတ်တွင်းက လေအိပ်ငယ်လေးတွေပျက်စီးပြီးနာတာရှည်အဆုတ်ရောင်ရောဂါ ဖြစ်လာနိုင်ပါတယ်။
ဆေးလိပ်သောက်သူတွေက ကိုဗစ်ရဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုလည်းဆိုးဆိုးရွားရွားခံစားရနိုင်ပါတယ်။

သင့်အိမ်မှကော်ဇောတွေကိုသန့်ရှင်းရေးပြုလုပ်ပါ။
——————
ဖုန်စုပ်စက်ကို အသုံးပြုပြီး အိမ်မှာခင်းထားတဲ့ကော်ဇောတွေကို တစ်ပတ် ၃ ကြိမ် သန့်ရှင်းရေးလုပ်ပါ။ သူတို့ပေါ်မှာ မှို၊ ပိုးဟပ်ချေး၊ ဖုန်ပိုး၊ ဖုန်မှုန့်နဲ့ သဲတွေကပ်ငြိနေတတ်ပြီး ဒီအညစ်အကြေးတွေက လေမှတစ်ဆင့် သင့်အဆုတ်ထဲဝင်ရောက်နိုင်ပါတယ်။

ဂက်စ်မီးဖိုကိုသေချာစစ်ဆေးပါ။
——————
ဒီမီးဖိုကိုအသုံးပြုရင် သူ့ဆီက ထွက်လာတဲ့ နိုက်တစ်ရပ်စ်အောက်ဆိုဒ်က အဆုတ်ကိုရောင်ရမ်းမှုဖြစ်စေပြီး ချောင်းဆိုးတာ၊ ရင်ကျပ်တာတွေဖြစ်လာနိုင်ပါတယ်။ ထင်းမီးဖို၊ မီးသွေးမီးဖို၊ ရေနံဆီမီးဖို အသုံးပြုရင်လည်း အဲဒီဓာတ်ငွေ့ထွက်ရှိနိုင်ပါတယ်။
လေဝင်လေထွက်ကောင်းပြီး အငွေ့တွေ အိမ်ပြင်ကို အလွယ်တကူထွက်ရှိနိုင်မှသာ အသုံးပြုသင့်ပါတယ်။

အိမ်တွင်းမှာပိုးဟပ်တွေမရှိပါစေနဲ့။
——————
ပိုးဟပ်ချေးနဲ့ သူတို့ရဲ့ အညစ်အကြေးက သင့်ကြမ်းပြင်၊ အိပ်ရာခင်း၊ စောင်နဲ့ပရိဘောဂပေါ်မှာရှိနေတတ်ပြီး လေကတစ်ဆင့် အဆုတ်ထဲဝင်ရောက်နိုင်ပြီး ဓာတ်မတည့်တာနဲ့ အခြားအဆုတ်ပြဿနာတွေဖြစ်လာနိုင်ပါတယ်။
ပိုးဟပ်များတဲ့အိမ်မှာနေရတဲ့ကလေးငယ်တွေက ငယ်စဉ်ကတည်းက ပန်းနာရင်ကျပ်ရောဂါရနိုင်ခြေ များပါတယ်။

Aircon ဆန်ခါနဲ့ Humidifier ကိုပုံမှန်သန့်စင်ပါ။
——————
အဲကွန်းထဲက လေစစ်ဆန်ခါနဲ့ ရေငွေ့ပြန်စက်တွေမှာ ဖုန်နဲ့မှိုတွေကပ်ငြိနေတတ်ပါတယ်။ ပုံမှန်ဆေးကြောမှုမလုပ်ရင် အဲဒါတွေက အဆုတ်တွင်းရောက်သွားပြီး အဆုတ်ရောင်လာနိုင်ပါတယ်။

ရေများများသောက်ပါ။
——————
အဆုတ်တွင်းမှာရှိတဲ့ အမြှေးပါးဟာ ရေလုံလုံလောက်လောက်ရနေရင် သူ့အလုပ်ကိုကောင်းကောင်းလုပ်နိုင်ပါတယ်။ ချွဲရှိရင်လည်း ပျော်ဝင်လွယ်ပြီး ချောင်းဆိုးတာနဲ့အတူ သလိပ်ထွက်သွားနိုင်ပါတယ်။

လက်ဆေးပါ။
——————
သင့်လက်ကို ဆပ်ပြာ၊ ရေနဲ့ သေသေချာချာဆေးကြောထားရင် ရောဂါပိုးမွှားတွေ သင့်အဆုတ်ထဲ မဝင်ရောက်အောင်ကာကွယ်နိုင်ပါတယ်။ တုပ်ကွေးရောဂါကာကွယ်ဆေးကိုလည်း နှစ်စဉ်ထိုးပါ။ သင်ဖျားနာနေရင် အလုပ်မသွားပါနဲ့။

လေထုသန့်စင်မှုရှိပါစေ။
——————
စက်ရုံ အလုပ်ရုံ၊ ကား၊ ဖုန်၊ ပန်းဝတ်မှုန်နဲ့ မီးလောင်တာကြောင့် ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကြောင့်လည်း အဆုတ်ကိုထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေ၊ အသက် ၆၅ ကျော်သူတွေနဲ့ နာတာရှည်ရောဂါရှိသူတွေမှာပါ။ ကံကောင်းထောက်မစွာနဲ့ ကိုဗစ်ကာလမှာ တချို့စက်ရုံတွေပိတ်ထားတာ၊ ကားအသွားအလာနည်းပါးတာတွေကြောင့် လေထုညစ်ညမ်းမှု လျော့ကျသွားပြီလို့ထင်ရပါတယ်။

များများရယ်မောပါ။
——————
ရယ်မောတာက ဝမ်းဗိုက်ကြွက်သားတွေအတွက် လေ့ကျင့်ခန်းပြုလုပ်သလိုဖြစ်တဲ့အပြင် အဆုတ်ထဲကိုလည်း လေများများဝင်ရောက်သွားပါတယ်။ အားရပါးရ ရယ်မောတာက အားကစားလုပ်တာ၊ မြန်မြန်လမ်းလျှောက်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်သလိုမျိုး အဆုတ်အတွင်းလေကောင်းလေသန့်တွေပိုမိုဝင်ရောက်နိုင်ပါတယ်။

အဆုတ်ကျန်းမာရေးကိုပုံမှန်စစ်ဆေးပါ။
——————
မနက်အိပ်ရာမှထထချင်း အသက်ပြင်းပြင်းရှူသွင်းပြီး ၁၀ စက္ကန့်ကြာအောင် အသက်အောင့်ထားပါ။ ချောင်းမဆိုး၊ ရင်မကျပ်၊ မမောပန်းဘဲ အလွယ်တကူပြုလုပ်နိုင်ရင် သင့်မှာ အဆုတ်ရောင်ရောဂါ မရှိသေးဘူးလို့ ယူဆရနိုင်ပါတယ်။

ကိုဗစ်ရောဂါဘေးမှ ကင်းဝေးနိုင်ကြပါစေ။

ဒေါက်တာခင်မိုးမိုး
(Good Health journal )
Ref: WebMD, Medical daily

Post Author: Good Health Journal