ကိုဗစ်နှင့် ဒက်ဇာ

ကိုဗစ် တတိယလှိုင်းမှာ ဒက်ဆာကို အသက်ကယ်ဆေးအဖြစ် လူသိများလာကြပါတယ်။ဖျားတာ ရက်တာရှည်လို့ မောပန်းလာပြီး အောက်ဆီဂျင် လျော့ကျလာရင် ဒက်ဆာကို သောက်ဆေး ဒါမှမဟုတ် ထိုးဆေး အနေနဲ့ အသုံးပြုနေကြတာမို့ ဒက်ဆာဆိုတာ ဘာဆေးလဲ၊ ဘယ်လိုလူတွေ ဘာကြောင့် အသုံးပြုသင့်သလဲ၊ ဒီဆေးကိုသုံးရင် ဘာတွေဆောင်သင့်၊ ရှောင်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
တကယ်တော့ ဒက်ဆာလို့ အတိုကောက် ခေါ်တဲ့ ဒက်ဆာမီသဇုန်း Dexamethasone က စတီးရွိုက်ဆေးဝါး တစ်မျိုးဖြစ်ပြီး ကိုဗစ်ရောဂါ အသင့်အတင့်ပြင်းထန်သူတွေနဲ့ အလွန်ပြင်းထန်သူတွေမှာ အသုံးပြုပါတယ်။ အထူးသဖြင့် Oximeter နဲ့တိုင်းရာမှာ အမြဲတမ်း အောက်ဆီဂျင် ၉၂ မှတ် ရောက်သူတွေကို သောက်ခိုင်းလေ့ရှိပါတယ်။ ဒီဆေးဝါးက ဆိုးရွားတဲ့ရောဂါပိုးတွေ အတွက်ထိရောက်မှု ရှိပေမယ့် ဆေးဝါးအသုံးပြုနည်း မမှန်ကန်ရင် ရေရှည်မှာ ဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။
ဘာကြောင့် Covid-19 မှာ ဒက်ဆာကို အသုံးပြုပါသလဲ။
ကိုဗစ်ရောဂါပြင်းထန်တဲ့လူနာတွေက တာရှည်စွာ ရောင်ရမ်းမှုတွေ ဖြစ်လာပြီး သူ့ကိုတုံ့ပြန်မှုကြောင့် အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းစနစ် ပျက်စီးလာပါတယ်။ ဒက်ဆာဆေးဝါးက ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုကို လျော့ကျအောင်ကူညီနိုင်ပါတယ်။ ဒီဆေးဝါးက ရောဂါကို ကုသဖို့ မကူညီနိုင်ပေမယ့် ရောင်ရမ်းမှုကြောင့်ဖြစ်တဲ့ ကိုယ်တွင်း သက်တောင့် သက်သာ မရှိတာကိုတော့ လျော့ကျနိုင်ပါတယ်။
ဒက်ဆာဆေးဝါးက ခန္ဓာကိုယ်အတွင်း ဘာတွေ ပြုလုပ်ပေးနိုင်သလဲ။
ကိုယ်တွင်း ခုခံအားစနစ်က ရောဂါပိုးမွှားတွေကို တိုက်ထုတ်ရာမှာ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာပါတယ်။ ခန္ဓာကိုယ်ကို ကာကွယ်ပေးတဲ့ ဒီဖြစ်စဉ်ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ချို့မှာ နာကျင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်လာပြီး ဒါကို ကုသမှု မခံယူရင် အခြေအနေ ပိုမို ဆိုးရွားလာနိုင်ပါတယ်။ ဒက်ဆာဆေးဝါးက ရောင်ရမ်းတာအတွက် ခန္ဓာကိုယ်တုံ့ပြန်တာပြင်းထန်မှု လျော့ကျနိုင်ပေမယ့် ဒီဆေးဝါးကြောင့် ဘေးထွက်ဆိုးကျိုးတွေ ရှိပါတယ်။
ဒက်ဆာဆေးဝါးက ကိုဗစ်ကုသရာမှာ ထိရောက်မှု ရှိပေမယ့် ဆရာဝန်ညွှန် ကြားချက် မပါပဲ အသုံးမပြုရပါ။ ကိုဗစိပြင်းထန်နေပြီး သွေးစစ်တဲ့အဖြေက ရောင်ရမ်းတာကို တုံ့ပြန်မှုများနေမှသာ ဆရာဝန်က မှန်ကန်တဲ့ ပမာဏနဲ့ သောက်ရမယ့် ရက်အကြာကို ချိန်ဆပြီး ပေးပါလိမ့်မယ်။
ဒက်ဆာဆေးဝါးကို ပေးရမှာ ဆေးရဲ့ပမာဏနဲ့ ဆေးပေးရမယ့်ရက်က ဆေးရဲ့ ထိရောက်မှုရရှိဖို့မှာ အဓိကနေရာကပါဝင်ပါတယ်။ ဆေးပေးရမယ့်ရက်မတိုင်ခင် ပေးမိရင် ကိုယ်ထဲမှာ ဗိုင်းရပ်စ်ပိုးမွှားတွေ ရက်ကြာကြာ ရှိနေနိုင်ပါတယ်။ လူနာက သက်သာသွားပေမယ့် ရေရှည်မှာ ကောင်းကျိုးထက် ဆိုးကျိုး ပိုများနိုင်ပါတယ်။ ဒါ့အပြင် ဒီဆေးဝါးကို ရက်ကြာကြာပေးထားရင်လည်း မှိုပိုးပေါက်ဖွားနိုင်ခြေ များပါတယ်။
ဒက်ဆာဆေးဝါးကို ရုတ်တရက် မဖြတ်ပါနဲ့။
ဒက်ဆာဆေးဝါးကို စတင် အသုံးပြုရပြီးဆိုတာနဲ့ ရောဂါသက်သာလာလို့ ဆေးပြန်ဖြတ်ရင် ဆေးပမာဏကို တစ်ဖြည်းဖြည်းလျော့ချပြီးမှ ရပ်လိုက်ပါ။ ဥပမာ 6 mg -4 mg -2mg or 6 mg -5 mg -4 mg -3mg -2mg -1mg သောက်ရတဲ့ ရက်အကြာကို လိုက်ပြီး လျော့ပါ။
ဆီးချိုရောဂါရှိသူတွေ ဒက်ဆာသောက်ရင် အထူးဂရုစိုက်ရပါမယ်။
ဆီးချိုရောဂါရှိသူတွေက ဒက်ဆာဆေးဝါးမှီဝဲရရင် သွေးတွင်းသကြားဓာတ် ပမာဏကို ပုံမှန်တိုင်းတာ ရပါမယ်။ ဒက်ဆာကြောင့် ဆီးချိုတက်နိုင်သလို ဆေးပမာဏများမျာကိုမှီဝဲရတာကြောင့် မှိုပိုးဝင်နိုင်ပြီး အန္တာရယ်ရှိပါတယ်။ ဆီးချိုအမြဲတိုင်း (တစ်နေ့ ၂-၃ ကြိမ်)ပြီး မိမိကို ကုသမှုပေးနေတဲ့ ဆရာဝန်နဲ့ အမြဲတိုင်ပင်ပါ။
ဒက်ဆာသောက်တာကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ။
ဒက်ဆာသောက်တာကြောင့် ရေရှည်မှာ
– သွေးတွင်းသကြားဓာတ်မြင့်တက်နိုင်ပါတယ်။
– အိပ်မပျော်၊ ဆောက်တည်ရာမရ ဖြစ်တတ်ပါတယ်။
– ဒေါသထွက်လွယ်ပြီး စိုးရိမ်ကြောင့်ကြမှုများနိုင်ပါတယ်။
– အစာမကြေပြီး ရင်ပူနာဖြစ်နိုင်ပါတယ်။
– အစာစားချင်စိတ်ကောင်းလာလို့ ဝိတ်တက်နိုင်ပါတယ်။
အားလုံးကျန်းမာကြပါစေ။
ဒေါက်တာခင်မိုးမိုး (Good Health Journal)

Post Author: Good Health Journal