ကိုဗစ်လက္ခဏာမဟုတ်သော ရာသီအပြောင်းမှာဖြစ်သည့် လည်ပင်းနာခြင်း

ကိုဗစ်လက္ခဏာမဟုတ်တဲ့ ရာသီအပြောင်းမှာဖြစ်တဲ့ လည်ပင်းနာရတဲ့အကြောင်း ဒေါက်တာဝင်းထိုက်ကြည် (နား နှာခေါင်း လည်ချောင်း အထူးကုဆရာဝန်)နဲ့ ဆွေးနွေးမေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

◊ ရာသီဥတုပြောင်းလဲချိန်မှာ ခန္ဓာကိုယ်မှာ အပူအအေး ပြောင်းလဲမှုတွေ နည်းနည်းရှိတယ်။ ခုခံအားစနစ် ပြောင်းလဲမှုတွေ ရှိတယ်။ ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ပိုးတွေ ပေါက်ဖွားမှုက များ လာတယ်။ အဲဒီတော့ ပိုးဝင်ကူးစက်လွယ် တယ်။ အထူးသဖြင့် လေကတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ အဲ့ဒီအ ချိန်မှာ အဖြစ်များတယ်။

◊ တချို့ကွမ်းစားတဲ့၊ ဆေးလိပ်သောက်တဲ့သူတွေမှာ ဖြစ်ရင် မြန်မြန် ပျောက်ဖို့ ပိုခက်ပါတယ်။ ဆီးချိုသွေးချို ရှိရင် ပျောက်ဖို့ ပိုခက်ပါတယ်။ သွားတွေ၊ ခံတွင်းတွေ မကောင်းဘူးဆိုရင်လည်း လည်ပင်းနာက ပျောက်ဖို့ ခက်တယ်။

◊ လည်ပင်းနာမဖြစ်အောင် လူထူတဲ့ နေရာသွားမယ်ဆိုရင် . . .

 

ကိုဗစ်လက္ခဏာမဟုတ်တဲ့ လည်ပင်းနာတာဖြစ်ရတဲ့အကြောင်း ဆရာနဲ့ ဆွေးနွေးချင်ပါတယ်။

လည်ပင်းနာရောဂါက အဖြစ်များပါတယ်။ လူတိုင်းလိုလို လည်ပင်းနာဖူးကြပါတယ်။ အလွယ်ဆုံးပြောရရင် လည်ပင်း ထဲမှာရှိတဲ့ ပစ္စည်းတွေရောင်လို့ ဖြစ်တာ ပါ။ အထူးသဖြင့် လူငယ်တွေမှာ အဖြစ် များတယ်။ ဖြစ်တဲ့အကြောင်းကလည်း ရာသီဥတုပြောင်းလဲတာကြောင့် ဖြစ်တာ ပါ။ နေပူတာကနေ မိုးရွာတယ်၊ ဆောင်း အကုန် နွေအကူး အပူအအေး ပြောင်းလဲ မှုများတဲ့အချိန်စတာတွေမှာ ဖြစ်တာ များ ပါတယ်။ အရပ်အခေါ်ကတော့ အပူကန် တာပေါ့။ တစ်ခါတလေမှာ အသံဝင် တာနဲ့ တွဲဖြစ်ရင် အသံအိုးပါရောင်တယ်။ အာခေါင်မြှေးတစ်ခုတည်း ရောင်တာ လည်း ဖြစ်နိုင်တယ်။ အသံအိုးရောင်တာ လည်း ဖြစ်နိုင်တယ်။ ရောင်ရင် လည်ပင်း နာတယ်။ တစ်ခါတလေကျရင် နှာခေါင်း မြှေးရောင်တာတွေလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကသာ နှာခေါင်းတို့၊ အာခေါင်တို့ဆိုပြီး မှတ်သား လို့လွယ်အောင် ခေါ်ကြပေမယ့် တကယ် ဆို လမ်းကြောင်းကတစ်ဆက်တည်း ရှိနေ တာဆိုတော့ ရောင်ပြီဆိုရင် တစ်နေရာ တည်း ရောင်တာလည်း ရှိတယ်။ အားလုံး တွဲပြီး ရောင်တာလည်း ရှိတယ်။

လည်ပင်းနာတာ ဘာကြောင့် အဖြစ်များရတာပါလဲ ဆရာ။

အဓိကက ရာသီဥတုပြောင်းလဲချိန်မှာ ခန္ဓာကိုယ်မှာ အပူအအေး ပြောင်းလဲမှုတွေ နည်းနည်းရှိတယ်။ ခုခံအားစနစ် ပြောင်းလဲမှုတွေ ရှိတယ်။ ပတ်ဝန်းကျင်မှာ ဗိုင်းရပ်စ်ပိုးတွေ ပေါက်ဖွားမှုက များ လာတယ်။ အဲဒီတော့ ပိုးဝင်ကူးစက်လွယ် တယ်။ အထူးသဖြင့် လေကတစ်ဆင့် ကူးစက်တတ်တဲ့ ဗိုင်းရပ်စ်ပိုးတွေ အဲ့ဒီအ ချိန်မှာ အဖြစ်များတယ်။ ကလေးတွေမှာ အရမ်းဖြစ်တတ်တယ်။ လူလတ်ပိုင်းတွေ မှာလည်း ဖြစ်တတ်တယ်။ လူလတ်ပိုင်းမှာတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တယ်ဆိုရင် များသောအားဖြင့် လည်ပင်းနာတယ်။ ဖျားချင်သလို မအီမလည်ဖြစ်တယ်။ ရေ သောက်ရင်လည်း နာတယ်။ အစာစား ရင်လည်း နာတယ်။ တအားဆိုးတဲ့သူတွေ မှာတော့ ရေသောက်လို့တောင် မရဘူး။ အဲဒီအခါမျိုးကျ ဆေးရုံတက်ရတဲ့အထိ ရောက်သွားပါတယ်။

ဘယ်လိုလူတွေမှာ လည်ပင်းနာဖြစ်ရင် ကုသပျောက် ကင်းဖို့ ခက်ခဲကြန့်ကြာတတ်ပါသလဲ ဆရာ။

တချို့ကွမ်းစားတဲ့၊ ဆေးလိပ်သောက်တဲ့သူတွေမှာ ဖြစ်ရင် မြန်မြန် ပျောက်ဖို့ ပိုခက်ပါတယ်။ ဆီးချိုသွေးချို ရှိရင် ပျောက်ဖို့ ပိုခက်ပါတယ်။ သွားတွေ၊ ခံတွင်းတွေ မကောင်းဘူးဆိုရင်လည်း လည်ပင်းနာက ပျောက်ဖို့ ခက်တယ်။ ပျောက်ဖို့ ခက်ခဲတဲ့ လူနာတွေမှာ ဘယ် သူတွေပါသေးလဲဆိုရင် နှာခေါင်းရောဂါ ဖြစ်တဲ့သူတွေ၊ အစာအိမ်ရောဂါရှိတဲ့ သူတွေမှာလည်း လည်ပင်းနာပြီးရင် ပျောက်ဖို့ ခဲယဉ်းတတ်ပါတယ်။ တကယ် လို့ အသံဝင်တာနဲ့ တွဲဖြစ်တယ်ဆိုရင် စကားပြောတာ ဆင်ခြင်ရမယ်၊ အသံကြိုးကို သွားထောက်နေတာကြောင့် အဲဒီအ ချိန်မှာ ညှစ်ပြီး ပြောလိုက်ရင် အသံဝင်တဲ့ အချိန် ပိုကြာသွားတတ်ပါတယ်။

လည်ပင်းနာတာ အရမ်းဆိုးတဲ့အခါမျိုးမှာ နောက်ဆက် တွဲဖြစ်လာနိုင်တာတွေကို သိပါရစေ ဆရာ။

လည်ပင်းနာတဲ့အများစုက ကံကောင်းစွာပဲ ဆေးနည်းနည်းသောက် လိုက်တာနဲ့ ပျောက်သွားကြပါတယ်။ အ ရောင်ကျတွေနဲ့ ပါရာစီတမောတွေ သောက်လိုက်ရုံနဲ့ ပျောက်သွားတတ်ကြပါတယ်။ တချို့တွေမှာကျတော့ မပျောက် ဘဲနဲ့ နောက်ဆက်တွဲအနေနဲ့ အစာစားလို့ မရ၊ ရေသောက်လို့ မရဘဲ ဆေးရုံတက်ရ တဲ့အခြေအနေအထိ ရောက်သွားကြ တယ်။ တချို့ကျတော့ ပြည်တည်တာ တွေ ဖြစ်တယ်၊ အာသီးတွေမှာ အဖြစ်များ တယ်။ ကလေးတွေမှာ ဖြစ်တာများတယ်။ ဘာကြောင့်အဲဒီလိုဆိုးရွားလဲဆိုရင် ဗိုင်း ရပ်စ်ပိုးကြောင့် ရောင်တဲ့အပြင် ဗက်တီး ရီးယားပိုးတွေ ဝင်လာလို့ဖြစ်တယ်။ ဗက် တီးရီးယားပိုးတွေ ဝင်ရင်တော့ အဖျားက နှစ်ရက်၊ သုံးရက်တည်းနဲ့ မပျောက်တော့ ဘူး။ သုံးရက်ကနေ ငါးရက်အထိ ဖျား တတ်တယ်။ လည်ပင်းနာတာ ပိုပိုဆိုးလာ တယ်။ ပါရာစီတမောလောက် သောက်ရုံ နဲ့ မပျောက်တော့ဘူး။ တကယ်လို့ လည် ပင်းနာတာ နှစ်ရက် သုံးရက်ဖြစ်ပြီဆို ရင် ဗက်တီးရီးယားပိုးကြောင့်လို့ပဲ ဆရာတို့ က သတ်မှတ်တယ်။ ပိုးသတ်ဆေး သောက်ရတယ်။ ပထမ တစ်ရက်၊ နှစ် ရက် နာရုံနဲ့တော့ သောက်စရာမလိုပါဘူး။ သုံးရက်ကျော်သွားရင်တော့ ပိုးသတ်ဆေး သောက်ရမယ်၊ မသောက်ရင် နောက် ဆက်တွဲအနေနဲ့ ပြည်တည်နာတွေဖြစ် မယ်၊ အန္တရာယ်ရှိတယ်။ အခုခေတ် ကံ ကောင်းတာက အရင်ကလို ဝက်သက် ရောဂါတို့၊ ဆုံဆို့နာတို့က မရှိသလောက် ရှားသွားပြီ။ အရင်ကဆို အဲဒါတွေဖြစ်ရင် လည်ပင်းနာဖြစ်တာများတယ်။ အခု နောက်ပိုင်းမှာ ကာကွယ်ဆေးမထိုးတဲ့ ကလေးတွေမှာလောက်ပဲ တွေ့ရတယ်။ ဒါပေမဲ့ တော်တော်လေးကို ရှားသွားပါပြီ။

နောက်ထပ်တွေ့ရတာက ပိုးသတ် ဆေးသောက်နေရဲ့သားနဲ့ ပြည်တည်နာ တွေ ဖြစ်တဲ့သူတွေရှိတယ်။ လူကြီးတွေ မှာတော့ ဆီးချိုသွေးချိုရောဂါနဲ့တွဲနေရင် ပြည်တွေ တည်တတ်တယ်။ ခြုံပြောရရင် လည်ပင်းနာရောဂါက အများစုအတွက် ကတော့ အန္တရာယ် မရှိပါဘူး။ ရာသီ ပြောင်းမှာ ဖျားပြီးတော့ လည်ပင်းနာတာ ဖြစ်ပေမယ့် သူ့အလိုလို ပျောက်သွား တတ်တယ်။

လည်ပင်းနာတာကို ဘယ်လိုအခြေအနေတွေမှာ သတိ ပြုဖို့ လိုအပ်ပါသလဲ ဆရာ။

အဲဒီတော့ အစာစားလို့ မရဘူး၊ ရေ သောက်ရင်လည်း ခက်ခဲတယ်ဆိုရင် တော့ ဆေးရုံတက်ပြီး ကုသဖို့ လိုပါတယ်။ ဆေးရုံတက်ဖို့ မကြောက်ပါနဲ့။
အလုပ်များမှာကြောက်တဲ့အတွက် ဂရုမစိုက်လို့ ပိုမိုဆိုးရွားသွားပြီး အသက်အန္တရာယ် ထိခိုက်နိုင်တဲ့အထိ ဖြစ်တာကို တစ်ခါတလေမှာ တွေ့ရတတ်ပါတယ်။ ရာသီပြောင်းကြောင့် ဖြစ်တာမို့ အနေအထိုင်မတတ်ရင် ပိုဆိုးရွားတတ် ပါတယ်။

လည်ပင်းနာမဖြစ်အောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို ပြောပြပေးပါ ဆရာ။

လည်ပင်းနာမဖြစ်အောင် လူထူတဲ့ နေရာသွားမယ်ဆိုရင် အအေးမိထားရင် နွေးနွေးထွေးထွေး နေမယ်။ အဲဒီရက်ပိုင်း တွေမှာ အိပ်ရေးပျက်မခံပါနဲ့။ တကယ်လို့ ကိုယ်က လည်ပင်းနာနေတယ်ဆိုရင် နှာ စေးချောင်းဆိုးနေမယ်ဆိုရင် အုပ်ပြီး ဆိုး သင့်တယ်။ ဒီရက်ပိုင်း ရာသီအကူး အပြောင်းအချိန်မှာ အနေအထိုင် အစားအသောက်တွေ ဆင်ခြင်ရင် မဖြစ်ပါဘူး။ တကယ်လို့ ဖြစ်ပြီဆိုရင်လည်း နှစ်ရက်နဲ့ မပျောက်ဘူးဆိုရင် နီးစပ်ရာ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

#ဒေါက်တာဝင်းထိုက်ကြည် (နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်)
#Health_Interview
#GoodHealthJournal

Post Author: Good Health Journal