ကူးစက်ရောဂါပြန့်ပွားနေစဉ် ရောဂါအန္တရာယ်မှ ကင်းလွတ်အောင် ဘယ်လိုနေထိုင်ရမလဲ

အခုတစ်လော ကမ္ဘာ့နိုင်ငံအတော် များများမှာ ရောဂါကူးစက်ခံနေရတဲ့ COVID-19  အဆုတ်ရောင်ရောဂါဟာ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံအတွင်း ကူးစက်ခံရသူတစ်ဦးမှ မတွေ့ရှိရ သေးပေမယ့် ပြည်သူအများစုကတော့ ရောဂါရှိသူတစ်ယောက်သာ ပေါ်လာခဲ့ရင် မိမိကို ကူးစက်မှာ ကြောက်ရွံ့ကြမှာပါ။ ဒါကြောင့် ရောဂါအန္တရာယ်မှ ကင်းလွတ်အောင် နေထိုင်နည်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

♦ ဖျားနာနေသူကို အိမ်မှာပဲ နေခိုင်းပါ


ဆောင်းတွင်းမှာ အအေးမိရောဂါက အဖြစ်များပါတယ်။ သင့်မိသားစုဝင်ထဲမှာ တစ်ယောက်ယောက်က ဖျားနာနေတယ်ဆိုရင် သူ့ကို လူစုလူဝေးရှိရာ နေရာ (ဥပမာ ကျောင်း၊ ရုံး၊ အလုပ်) ကို မသွားခိုင်းဘဲ အိမ်မှာပဲ နားနေခိုင်းပါ။

♦ ရောဂါလက္ခဏာမပြခင် ဆေး ကြိုသောက်ထားပါ

ရင်ကျပ်ပန်းနာ ဒါမှမဟုတ် ဓာတ် မတည့်မှုဖြစ်စဉ်အတွက် ဆေးမှီဝဲရသူ တွေအနေနဲ့ အအေးမိရောဂါမဖြစ်ခင် သောက်ရမယ့်ဆေးတွေကို ဆရာဝန်နဲ့ ကြိုတင်မေးမြန်းပြီး အဆင်သင့်ဆောင် ထားပါ။

♦ ပုံမှန်သုံးနေကျပစ္စည်းတွေကို ပိုးသန့်စင်ပါ


ရောဂါဖြစ်နေသူက အိမ်ပြင်ကို မထွက်သင့်သလို ရောဂါမရှိသူတွေက လည်း ရောဂါလက္ခဏာပြနေသူတွေနဲ့ နီး နီးကပ်ကပ်မနေဖို့ အရေးကြီးပါတယ်။ လူတွေနဲ့ အမြဲတမ်းထိတွေ့နေတတ်တဲ့ တံခါးလက်ကိုင်ဖု၊ လှေကားလက်ရန်း၊ ဓာတ်လှေကားခလုတ်၊ တယ်လီဖုန်း အစ ရှိတာတွေကို ပုံမှန်ပိုးသန့်စင်ပေးပါ။

♦ အသားနဲ့ ကြက်ဥကို သေချာစွာ ချက်ပြုတ်စားပါ


အစားအစာတွေမှာ ဘက်တီးရီး ယားတွေ ပါဝင်တတ်တဲ့အတွက် သူတို့ ကိုကိုင်တွယ်ရုံနဲ့ ရောဂါရရှိနိုင်ပါတယ်။ အသား၊ ငါး၊ ကြက်ဥတွေကို သေသေ ချာချာ ကျက်အောင် ချက်မှ သူ့မှာ ပါဝင် တဲ့ ဘက်တီးရီးယားတွေကို သုတ်သင် နိုင်မှာပါ။

♦ တိရစ္ဆာန်တွေနဲ့ ထိတွေ့မှုမရှိပါ စေနဲ့


တိရစ္ဆာန်အများစုက ရောဂါပိုးမွှားတွေကို သယ်ဆောင်ထားတတ်ကြပြီး သူတို့ကို ကိုင်တွယ်မိတာ၊ အကိုက်ခံရတာ ဒါမှမဟုတ် သူတို့နဲ့ နီးနီးကပ်ကပ် နေထိုင်တာကြောင့် သူတို့ဆီကနေတစ်ဆင့် မိမိထံ ရောဂါကူးစက်နိုင်ပါတယ်။ မလွှဲမရှောင်သာလို့ ကိုင်တွယ်ရမယ်ဆိုရင် ကိုင်တွယ်အပြီးမှာ သင့်လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောပေးပါ။

♦ လက်သုတ်ပဝါ၊ မျက်နှာသုတ်ပဝါတွေကို ပုံမှန်လျှော်ဖွပ်ပါ


မျက်နှာသုတ်ပဝါ၊ လက်သုတ်ပဝါ တွေက ရောဂါပိုးပေါက်ဖွားဖို့ အကောင်း ဆုံးနေရာတွေ ဖြစ်ပါတယ်။ အထူးသဖြင့် နေမကောင်းသူတွေ အသုံးပြုပြီးရင်ပါ။ ဒါကြောင့် မီးဖိုချောင် ဒါမှမဟုတ် ရေချိုး ခန်းလိုမျိုး အများသုံးနေရာမှာရှိတဲ့ လက် သုတ်ပဝါ၊ မျက်နှာသုတ်ပဝါတွေကို နေ မကောင်းသူအသုံးပြုပြီးပြီးချင်း လျှော် ဖွပ်လိုက်ပါ။

♦ ရေဓာတ်ပြည့်ဝပါစေ


လူတစ်ယောက်ဟာ ဖျားနာနေချိန် မှာ ပုံမှန်ထက် ရေဓာတ်ပိုမိုလိုအပ်ပါ တယ်။ ဒါကြောင့် ရေ၊ ကြက်စွပ်ပြုတ် ရည်၊ သစ်သီးဖျော်ရည်၊ နွားနို့လိုမျိုး အ ရည်တွေကို တစ်နေ့ ရှစ်ခွက်ခန့် သောက် သုံးပေးရပါမယ်။ အချိုရည်နဲ့ ကဖင်းပါတဲ့ ဖျော်ရည်တွေကိုတော့ ရှောင်ကြဉ်ပါ။

♦ စားစရာတွေ သိုလှောင်ထားပါ


မိမိနိုင်ငံကို ရောဂါပြန့်ပွားစပြုလာ ပြီဆိုရင် အိမ်ကနေ အပြင်ထွက်ဖို့ စိုးရွံ့ နိုင်ပါတယ်။ ဒါကြောင့် မိမိအိမ်မှာ အစား အစာနဲ့ ရေကို နှစ်ပတ်စာခန့် သိုလှောင် ထားပါ။ မပုပ်မသိုးနိုင်တဲ့အစားအစာတွေ၊ အလွယ်တကူစားသုံးနိုင်တဲ့အစားအစာ တွေကို သိုလှောင်ရမယ့်အပြင် တစ်ကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အိမ်သာ သုံးစက္ကူ၊ Mask၊ လက်ဆေးဂျဲလ်နဲ့ သင် သုံးနေကျ ဆေးဝါးတွေကို ကြိုတင်ဝယ် ယူထားပါ။

♦လူစုလူဝေးရှိတဲ့နေရာကိုသွားရင် လက်အိတ်ဝတ်ပါ


ပိုးမွှားတွေက လက်ကတစ်ဆင့် ပြန့်ပွားနိုင်ပါတယ်။Mask အုပ်တာနဲ့ လက်အိတ်ဝတ်တာက ရောဂါမကူးစက်အောင် ကာကွယ်နိုင်ပေမယ့် သူတို့ကို အသုံးပြုပုံပြုနည်းမှန်ကန်ရပါမယ်။ လက်အိတ်ဝတ်ပြီး လက်အိတ်ကို ချွတ် တဲ့အခါမှာ ပိုးမွှားတွေက လက်ပေါ်မှာ ကျန်ရစ်ခဲ့တတ်တဲ့အတွက် လက်အိတ် ချွတ်ပြီးတိုင်း လက်ကို သေချာစွာ ဆေး ကြောရပါမယ်။

 

♦ Mask အသုံးပြုရင် အထူးသတိထားပါ


Mask က အလွန်အသုံးဝင်ပေမယ့် အသုံးပြုနည်း မှန်ကန်ဖို့တော့ လိုအပ်ပါ တယ်။ Mask ကို ရောဂါရှိသူတွေက တခြားသူတွေဆီ မိမိထံမှရောဂါမကူးစက် အောင် အသုံးပြုရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ မဖြစ်မနေ အသုံးပြုရပါမယ်။ အရောင်ရှိတဲ့ဘက်ကို အပြင်ဘက်မှာထားဝတ်ရမှာဖြစ်ပြီး တစ်ခါအသုံးပြုပြီးတိုင်း အသစ်လဲလှယ်ရပါ မယ်။ Mask ကို မတပ်ခင်နဲ့ ပြန်ဖြုတ်အ ပြီးမှာ သင့်လက်ကို သေချာဆေးကြောဖို့ လည်း မမေ့ပါနဲ့။

♦ သတင်းထုတ်ပြန်ချက်တွေကို အမြဲတမ်းစောင့်ကြည့်ပါ


ရေဒီယို၊ သတင်းစာနဲ့ Facebook မှ ယုံကြည်ရမယ့် သတင်းအရင်းအမြစ်တွေကို အမြဲတမ်းစောင့်ကြည့်နေရပါ မယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal