နို့စို့ကလေးများတွင်အဖြစ်များသော အစာခြေမှုပြဿနာများ

သင့်အိမ်မှာ မွေးကင်းစကလေးငယ်တစ်ယောက်ရှိနေရင် သင့်ဘဝတစ်ခုလုံး သူနဲ့သာအချိန်ကုန်သွားပါလိမ့်မယ်။သူငိုလိုက်တိုင်း၊ သူအော်နေတိုင်း သူ့ကို နို့တိုက်ရတာ၊ အနှီးလဲရတာ၊ အီးပေတဲ့ သေးစိုခံဘောင်းဘီကိုချွတ်ပြီး သန့်ရှင်း ရေးလုပ်ပေးရတာ၊ နို့အန်ဖတ်တွေကို သန့်ရှင်းပေးရတာတွေကြောင့် သင်နားရတယ်လို့ မရှိတော့ဘဲ ဖိစီးမှုတွေလည်း များလာနိုင်ပါတယ်။ ဒီလိုတွေ ပြုလုပ်ပေးနေပါလျက်နဲ့ ကလေး အငိုမတိတ်ရင် သူလေထိုးလေအောင့်ပြီး အစာခြေစနစ် ပြဿနာဖြစ်နိုင်တာမို့ မွေးကင်းစကလေးငယ်တွေမှာ အဖြစ်များတဲ့ အစာခြေစနစ် ပြဿနာအကြောင်းကို သိထားဖို့ လို အပ်ပါတယ်။

နို့ပြန်ထွက်ခြင်း
ကလေးတွေ နို့စို့အပြီး နို့ပြန်ထွက် တတ်တာက အဖြစ်များတဲ့ ပြဿနာတစ် ခုပါ။ ကလေးငယ်အများစုမှာ အစာခြေ စနစ်ရဲ့ လုပ်ငန်းစဉ်က နှေးကွေးပါတယ်။ ဒါ့အပြင် နို့စို့ကလေးတွေမှာ အစာမျို ပြွန်ရဲ့ အဆို့ရှင်က ဖွံ့ဖြိုးဆဲပါ။ ဒါ့ကြောင့် ကလေးတွေက နို့စို့အပြီးမှာ နို့ပြန်ထွက် ကြတာ ဖြစ်ပါတယ်။

ဆရာဝန်နဲ့ပြသင့်သော အချိန်
နို့ပြန်ထွက်တာက များသောအား ဖြင့် မစိုးရိမ်ရပါဘူး။ အဖတ်စာ စတင်ပြီး စားတာနဲ့ ပျောက်ကင်းသွားပါလိမ့်မယ်။ ဒါပေမဲ့ နို့စို့ကလေးတွေမှာ အောက်ပါ လက္ခဏာတွေရှိနေရင်တော့ ဆရာဝန်နဲ့ ပြသပါ။
♦ အစာမစားခြင်း
♦ ကိုယ်အလေးချိန် အတက်နှေးခြင်း
♦ မကြာခဏ ကြို့ထိုးခြင်း
♦ အသက်ရှူပြဿနာဖြစ်ခြင်း

ဘာလုပ်ပေးနိုင်သလဲ
နို့ပြန်ထွက်တာသက်သာဖို့ ဆရာ ဝန်ရဲ့ အကြံပေးချက်တွေအပြင် ကလေးကို အောက်ပါအတိုင်းပြုလုပ်ပေးပါ။
♦ ကလေးကို နို့တိုက်ပြီးတိုင်း လေထုတ် ပါ။
♦ အစာကျွေးတိုင်း ကလေးကိုထောင်ပြီး ကျွေးပါ။ အစာကျွေးပြီးပြီးချင်း နာရီ ဝက်လောက် ဆက်ပြီးထောင်လျက် ထားပါ။
♦ နို့ပြန်ထွက်တာ သက်သာဖို့ မိခင်နို့ ဒါမှမဟုတ် နို့မှုန့်ကို ဆန်မှုန့်နဲ့ ရောစပ် ပြီး ကျွေးနိုင်ပေမယ့် မကျွေးခင် ဆရာဝန်နဲ့အရင် ဆွေးနွေးပါ။

အန်ခြင်း
ကလေးတွေအန်တာက ဗက်တီး ရီးယား ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့်ပါ။ သူ့အလိုလို ပျောက် ကင်းသွားနိုင်ပါတယ်။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
♦ ကလေးရှူးပေါက်တာနည်းရင်(သေး ခံဘောင်းဘီ အစိုနည်းနိုင်ပါတယ်။)
♦ တံတွေးမထွက်ရင် (အာခေါင်ခြောက် နေရင်)
♦ ရေဓာတ်ချို့တဲ့တဲ့ လက္ခဏာဖြစ်တာမို့ အရေးပေါ်ကုသမှု ခံယူရပါမယ်။

ဘာလုပ်ပေးနိုင်သလဲ
သင့်ကလေးကဆက်တိုက် အန်နေရင် အောက်ပါတို့ကို ပြုလုပ်ပါ။
♦ ရေဓာတ်ချို့တဲ့မှုမဖြစ်အောင် မကြာ ခဏ နို့တိုက်ကျွေးပါ။
♦ ကလေးက မိခင်နို့ ဒါမှမဟုတ် နို့ဘူးမ စို့ရင် ဆရာဝန်နဲ့ဆွေးနွေးပါ။ ဓာတ် ဆားရည်ဖျော်ပြီး ၁၅ မိနစ်ခြား တစ်ကြိမ် ဇွန်းနဲ့တိုက်ပါ။

ဝမ်းပျက်ဝမ်းလျှောခြင်း
နို့စို့ကလေးငယ်တွေ ဝမ်းပျက် ဝမ်း လျှောဖြစ်တာက ရိုတာဗိုင်းရပ်စ် (Rota virus) ကြောင့်ပါ။ ဒီဗိုင်းရပ်စ်ကြောင့် ကလေးတွေကဆောင်းရာသီမှာ ဝမ်းပျက် ဝမ်းလျောဖြစ်ပြီး အသက်ရှူပြဿနာပါ တွဲပြီး ဖြစ်တတ်ပါတယ်။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
အောက်ဖော်ပြပါ လက္ခဏာတွေ ရှိ နေရင် ဆေးရုံကို သွားပြပါ။
♦ ၂-၃ ပတ်ကြာတဲ့အထိ ဝမ်းပျက်ဝမ်း လျှောဖြစ်နေရင်
♦ ဝမ်းသွားစဉ် ငိုနေရင်
♦ ဝမ်းထဲမှာ ချွဲနဲ့သွေးပါနေရင်
♦ အနီအစက် အပြောက်ထွက်နေရင်

ဘာလုပ်ပေးနိုင်သလဲ
သင့်ကလေးက မိခင်နို့နဲ့ ဓာတ်မ တည့်မှုရှိလားဆိုတာကို စစ်ဆေးပါ။
♦ ကလေးအထူးကုဆရာဝန်နဲ့ဆွေးနွေးပါ။
♦ သင့်ကလေးကို အရည်များများတိုက်ပါ။

ဝမ်းချုပ်ခြင်း
ဝမ်းချုပ်တာက နို့စို့ကလေးတွေမှာ အဖြစ်များတဲ့ပြဿနာပါ။ တချို့ကလေး တွေမှာ အဖတ်စတင်စားခါစမှာ ဝမ်း ချုပ်တဲ့ ပြဿနာက ပိုပြီး ဆိုးရွားလာတတ် ပါတယ်။

ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ
ဝမ်းချုပ်တာက အန္တရာယ် မရှိနိုင်ပါ ဘူး။ ဒါပေမဲ့ သင့်ကလေးမှာ အောက်ပါ တွေဖြစ်နေရင် ဆရာဝန်နဲ့ပြပါ။
♦ သင့်ကလေးက သက်သောင့်သက်သာ မရှိဖြစ်နေရင်
♦ ကလေးက ဝမ်းသွားတဲ့အချိန်မှာ နာ ကျင်ပြီးငိုနေရင်
♦ ဝမ်းထဲမှာ သွေးပါနေရင်

ဘာလုပ်ပေးနိုင်သလဲ
ကလေးကိုကျွေးတဲ့ အစားအစာ တွေကို ပြောင်းလဲကြည့်ပါ။ ဆရာဝန်က လိုအပ်ရင် ဝမ်းပျော့ဆေးပေးပါလိမ့်မယ်။
♦ သင့်ကလေးစားမယ့် အစာထဲက ဆန် မှုန့်ကို ဖြတ်ထားကြည့်ပါ။
♦ ဆီးသီးကြီး ဖျော်ရည် Prune juice တိုက်ပါ။

အခြားပြဿနာများ

Feeding Intolerance
နို့စို့အပြီးမှာအန်ပြီး ဝမ်းပျက်တာပါ။ နို့စို့ကလေး အတော်များများမှာ ဖြစ် တတ်ကြပါတယ်။ များသောအားဖြင့် ရက်အနည်းငယ်အတွင်း ပြန်လည်ကောင်း မွန်သွားကြပါတယ်။ ဒါပေမဲ့ နို့စို့ပြီးတိုင်း အန်ပြီးဝမ်းပျက်တာ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ပြသပါ။ သွေးထဲပိုးဝင်တာ၊ လမစေ့ဘဲ မွေးထားတဲ့ကလေး၊ အစာ အိမ် ဒါမှမဟုတ် အူလမ်းကြောင်း မွေးရာ ပါ ချို့ယွင်းချက်ရှိကလေး၊ ပေါင်မပြည့် ကလေး ဒါမှမဟုတ် နောက်ကျမှအစာ ကျွေးမိတာကြောင့် Feeding Intolerance ရနိုင်ပါတယ်။

လေထိုးခြင်း
ကလေးငယ်က ငိုပြီးအော်နေရင် သူလေထိုးနေလို့ ဖြစ်နိုင်ပါတယ်။ လေ ထိုးတာက နို့စို့ကလေးတွေမှာ အဖြစ်များ တဲ့ပြဿနာပါ။ အသက်သုံးလအရွယ် ရောက်တဲ့ အထိ လေထိုးနိုင်ပါတယ်။ ဆ ရာဝန်က လေဆေးတိုက်ကျွေးဖို့ ညွှန် ကြားနိုင်ပါတယ်။ Probiotics တွေလည်း လေထိုးတာသက်သာနိုင်ပါတယ်။

ကလေးရဲ့ အစာခြေ ပြဿနာအများစုက သူတို့ရဲ့ အစာခြေစနစ် ဖွံ့ဖြိုး သွားတဲ့ အချိန်မှာ ပြန်လည်သက်သာ သွားတတ်ပါတယ်။

♦ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal