လည်ပင်းအရေးကြောင်းမပေါ်အောင် ကာကွယ်နိုင်မည့် နည်းလမ်းများ

အသက်အရွယ်ကြီးရင့်တာကို လည်ပင်းရှေ့က အရေးကြောင်းတွေကြည့်ရှုတာ နဲ့ သိရှိနိုင်ပါတယ်။ အမျိုးသမီးအများစုရဲ့ မျက်နှာတွေက အရေးကြောင်းကင်းစင် ပြီး ငယ်ရွယ်နုနယ်တဲ့အသွင်ပေါ်ပေါက်နေပေမယ့် လည်ပင်းက အရေးကြောင်းတွေ ပေါ်နေတာကြောင့် အသက်အရွယ်ကို ညာလို့ မရပါဘူး။ လည်ပင်းမှာ အရေးကြောင်း ပေးလာတာနဲ့ အရေပြား တွဲကျလာတာက အသက်အရွယ်ကြီးရင့်လာတာရဲ့ ပထမဆုံးလက္ခဏာပါ။ ဒါကြောင့် လည်ပင်းမှာအရေးကြောင်းတွေ မပေါ်အောင် ငယ် ရွယ်စဉ်ကတည်းက လည်ပင်းအရေပြားတွေရဲ့ ကျုံ့နိုင်ဆံ့နိုင်အားကောင်းအောင် ပြုလုပ်ပေးရပါမယ်။

ဘာကြောင့် အရေးကြောင်းပေါ်ရတာလဲ
လေထုညစ်ညမ်းမှု၊ ဆေးလိပ်ငွေ့နဲ့ ဆေးလိပ်သောက်တာတွေကြောင့် အရေး ကြောင်းတွေ အလွယ်တကူ ပေါ်ပေါက်လာနိုင်ပါတယ်။ လေထုညစ်ညမ်းမှုနဲ့ ဆေး လိပ်ငွေ့တွေက အရေပြားကို ပျက်စီးစေနိုင်ပါတယ်။ အသက်ငယ်ရွယ်စဉ်အခါကတော့ သင်ရဲ့ အရေပြားက ဒီဓာတ်တိုးပစ္စည်းတွေကို ဖယ်ရှားနိုင်ပေမယ့် အသက်ကြီးလာ တာနဲ့အမျှ ဓာတ်တိုးပစ္စည်းကို ဖယ်ရှားတဲ့လုပ်ငန်းစဉ်တွေ နှေးကွေးလာပြီး အရေပြား ပျက်စီးလာတာပါ။ ဆေးလိပ်သောက်တာကလည်း အရေပြားအတွက် အလွန် အန္တရာယ်များပြီး အရွယ်ကို အိုမင်းရင့်ရော်ပုံပေါက်စေပါတယ်။
နေရောင်ခြည်နဲ့ ထိတွေ့တာကလည်း အရေပြားနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေး အတွက် အလွန်အန္တရာယ်များပါတယ်။ နေရောင်ခြည်ဟာ သင့်ကို ဗီတာမင် ဒီ ရရှိ စေပြီး အရိုးသန်မာစေနိုင်ပေမယ့် နေရောင်ထဲထွက်တဲ့အခါမှာတော့ အရေပြားအရွယ် အိုမင်းမှုမဖြစ်အောင် ကာကွယ်နိုင်ဖို့ နေရောင်ကာလိမ်းဆေးကို မဖြစ်မနေ လိမ်းပေး ရပါမယ်။ နေရောင်က အရေပြားရဲ့ ကျုံ့နိုင်ဆန့်နိုင်အားကို ပျက်စီးစေနိုင်တဲ့အတွက် အရေးကြောင်းတွေ၊ အစက်အပြောက်တွေပေါ်လာနိုင်ပါတယ်။
လည်ပင်းမှာ အရေးကြောင်း မပေါ်အောင် ကာကွယ်နည်းများ
♦ သင့်အရေပြားကို UVA/ UVB အလင်းတန်းကနေ ကာကွယ်နိုင်ဖို့ နေရောင် ခြည်နဲ့ ထိတွေ့မှု နည်းနိုင်သမျှ နည်းအောင် နေပါ။
♦ ဆေးလိပ်သောက်တာ၊ ဆေးလိပ်ငွေ့နဲ့ ထိတွေ့တာကို ရှောင်ကြဉ်ပါ။
♦ လည်ပင်းလေ့ကျင့်ခန်းကို နေ့စဉ်ပြုလုပ်ပါ။
♦ သင့်မေးစေ့ကို ပင့်တင်ထားပြီး ဦးခေါင်းကို မတ်မတ်ထားပါ။
♦ နေ့စဉ် ရေအနည်းဆုံး ရှစ်ခွက်သောက်ပါ။
♦ ခေါင်းအုံးမြင့်မြင့်ကို အသုံးပြုပြီး အိပ်တာက သင့်အရေပြားအတွက် အလွန် အန္တရာယ်များပါတယ်။ မျက်နှာနဲ့ လည်ပင်းကြားရှိ ထောင့်ကျဉ်းကို အနည်းဆုံးဖြစ် အောင် ခေါင်းအုံးနိမ့်နိမ့်အသုံးပြုပါ။
♦ ညအိပ်ခါနီးမှာ သင့်လည်ပင်းကို အာလူးပါးလွှာ ကပ်ပါ။ အရေပြားအတွင်းမှ အဆိပ်အတောက်တွေ ကင်းစင်ပြီး မွေးညှင်းပေါက်သန့်စင်နိုင်ပါတယ်။
♦ အိပ်ရာမ၀င်ခင် Anti-wrinkle ခရင်မ်ကို သင့်မျက်နှာနဲ့ လည်ပင်းပေါ်မှာ လိမ်း အိပ်ပါ။
♦ ဖြစ်နိုင်ရင် Retin A Cream ကိုပါ လိမ်းပေးပါ။ အရွယ်တင်နုပျိုဖို့အတွက် အလွန်ထိရောက်မှုရှိပါတယ်။
♦ သင်ရဲ့ လည်ပင်းမှာ အရေးကြောင်းတွေ ပေါ်နှင့်နေပြီးသားဆိုရင်Retin A Cream နဲ့ Anti-wrinkle Cream ကို လိမ်းပေးနိုင်ပါတယ်။

◘ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *