အားကစားလုပ်နေတာက ရပ်လိုက်ရင် ဝလာမှာလား

အကြောင်းအမျိုးမျိုးကြောင့် လူတိုင်းဟာ တစ်ချိန်မဟုတ် တစ်ချိန်မှာ အားကစားပုံမှန်လုပ်နေရာကနေ နားလိုက်ရတာလည်း ရှိနိုင်ပါတယ်။

ဒီလို နားလိုက်တဲ့အခါ ဘာတွေဖြစ်လာနိုင်လဲဆိုတော့ –

+ အားကစားလုပ်နေကျသူတွေမှာ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေက မြန်နေမှာဖြစ်ပြီး ကယ်လိုရီလောင်ကျွမ်းတာကလည်း ပုံမှန်ထက်ကို မြန်ပါမယ်။ အားကစားလုပ်တာ ရပ်လိုက်တဲ့အခါမှာတော့ တဖြည်းဖြည်းနဲ့ ပြန်နှေးသွားပါလိမ့်မယ်။ နောက်ပြီး အစားကိုလည်း အားကစားလုပ်နေတုန်းက ပမာဏ အတိုင်း စားနေမယ်ဆိုရင် ပိုလာတဲ့ ကယ်လိုရီတွေကနေ ဝိတ်တက်လာစေပါမယ်။

+ ဝတဲ့သူတွေဟာ အားကစားလုပ်တုန်း ပိန်သွားတာက အဆီဆဲလ်တွေ ကျုံ့သွားတာဖြစ်ပြီး အဆီဆဲလ်အရေအတွက်ကလျော့သွားတာ မဟုတ်ပါဘူး။ ဒါကြောင့် ဖြုန်းတဲ့ကယ်လိုရီထက် စားတဲ့ကယ်လိုရီက ပိုများတဲ့အခါ အရင်ရှိပြီးသား အဆီဆဲလ်တွေထဲ ပြန်ပြည့်သွားမယ်၊ ဒီထက်ပိုဆိုးရင် အဆီဆဲလ် အသစ်တွေ ထပ်ပွားလာပါမယ်။

+ အဆီဆဲလ်အရေအတွက်ကို လျော့ချဖို့ဆိုတာက မလွယ်ပါဘူး။ ကယ်လိုရီကို များများဖြုန်းပေးပြီး အစားကို လုံးဝ လျော့ချလိုက်ရမှာပါ။ ဒါဆို သိမ်းဆည်းထားတဲ့ အဆီဆဲလ်တွေကနေ ခန္ဓာကိုယ်က လိုအပ်တဲ့ စွမ်းအင်အတွက် ဖြိုခွဲပြီး အသုံးပြုမှာဖြစ်လို့ အဆီဆဲလ်အရေအတွက် လျော့ကျစေပါမယ်။

+ အားကစားပုံမှန် လုပ်ထားတုန်းက မြင့်တက်လာတဲ့ နှလုံးရဲ့ ကြံ့ခိုင်မှု တဖြည်းဖြည်းနဲ့ ကျဆင်းလာပါမယ်။

+ တည်ဆောက်ထားတဲ့ ကြွက်သားတွေရဲ့ ထုထည်၊ ကြံ့ခိုင်မှုလည်း အားကစားမလုပ်တာကြာရင် တဖြည်း ဖြည်းနဲ့ ပြန်လျော့သွားပါမယ်။

Tips
အားကစားခန်းမကိုသွားဖို့ အချိန်မရတဲ့အခါမှာလည်း စက်ဘီးစီးတာ၊ ကြိုးခုန်တာ၊ လမ်းလျှောက်တာ၊ ပြေးတာ စတာတွေ လုပ်ပါ။ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်တွေ ကောင်းစွာ အလုပ်လုပ်နိုင်စေဖို့ပါ။ Weight တက်မှာ ကြောက်တယ်ဆိုရင် အစားအသောက်ကို ချင့်ချိန်စားပြီး ထိန်းနိုင်ပါတယ်။

 #ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *