Whey ပရိုတင်း

Whey ပရိုတင်းဆိုတာဘာလဲ

Whey ပရိုတင်းဆိုတာ ချိစ်၊ နို့ခဲ၊ ဒိန်ခဲ ထုတ်လုပ်တဲ့အခါ ထွက်လာတဲ့ အရည်ကနေ အမှုန့်အဖြစ် ပြန်လည်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ Whey ပရိုတင်းက ဆွိုင်းပရိုတင်းနဲ့ မတူတဲ့အချက်က ခန္ဓာကိုယ်တွင်း Estrogen ဟော်မုန်း (‘မ’ ဟော်မုန်း) ကို မမြင့်တက်လာစေပါဘူး။ Whey ပရိုတင်းကို နွားနို့၊ ဒိန်ချဉ်၊ ချိစ်တွေ စတဲ့ နို့ထွက်ပစ္စည်းတွေကနေ ရနိုင်ပါတယ်။

Whey ပရိုတင်း ဘယ်နှမျိုးရှိလဲ

Whey ပရိုတင်းမှာ Whey Protein Concentrate (WPC), Whey Protein Isolate (WPI), Hydrolyzed Whey Protein ဆိုပြီး သုံးမျိုးရှိပါတယ်။

WPC
WPC မှာ ပါဝင်တဲ့ ပရိုတင်း ပမာဏက ၂၅-၈၉ ရာခိုင်နှုန်းထိ ပါဝင်တတ်ပြီး လက်တို့စ် (၄-၈ ရာခိုင် နှုန်း), Fat, Minerals နဲ့ Moisture တွေလည်း ပါဝင်ပါတယ်။ လက်တို့စ် ပါဝင်တာကြောင့် လက်တို့စ်နဲ့အလာဂျီ ရှိသူတွေ (Lactose Intolerance) သောက်လို့ မရပါဘူး။

WPI
WPI မှာက ပရိုတင်း ပမာဏ ၉၀ – ၉၅ ရာခိုင်နှုန်းထိ ပါဝင်ပြီး WPC နဲ့ ယှဉ်ရင် အဆီပါဝင်မှု ပိုနည်းပါတယ်။ ပရိုတင်း ပမာဏ ပိုပါဝင်တာကြောင့် ဈေးနှုန်းအရ WPI က WPC ထက် ပိုများပါတယ်။ WPI မှာလက်တို့စ် ပါဝင်မှု အနည်းဆုံး (ဝ.၅-၁ ရာခိုင်နှုန်း) ဖြစ်တာကြောင့် Lactose Intolerance ရှိရင်တောင် သောက်နိုင်ပါတယ်။

Hydrolyzed Whey Protein
Hydrolyzed Whey Protein မှာ ပရိုတင်းပမာဏ ၈၀ – ၉၀ ရာခိုင်နှုန်းထိ ပါဝင်တတ်ပြီး Hydrolysis နည်းနဲ့ ပိုပြီး သေးငယ်တဲ့ ပရိုတင်း Peptides တွေရအောင် ထပ်မံဖြိုခွဲထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး အရွယ်အစား ပိုသေးငယ်အောင် ဖြိုခွဲလိုက်ပေမဲ့ အာဟာရဓာတ်တွေ လျော့သွားတာမျိုးမရှိတဲ့အပြင် ခန္ဓာကိုယ်ကနေ စုပ်ယူစွမ်းအားကို ပိုပြီး မြင့်သွားစေပါတယ်။ နောက်ပြီး အလာဂျီ ဖြစ်နိုင်ခြေလည်း လျော့နည်းသွားပါတယ်။

Whey ပရိုတင်းက ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်လဲ

(၁) ကွာလတီပြည့်ဝတယ်
ဝှီးပရိုတင်းမှာ ခန္ဓာကိုယ်က လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေ ပြည့်ပြည့်ဝ၀ပါတာကြောင့် ကွာလတီ မြင့်တဲ့ ပရိုတင်း ဖြစ်ပါတယ်။ တခြား ပရိုတင်းဓာတ်တွေနဲ့ ယှဉ်ရင် ခန္ဓာကိုယ်က အစာခြေရပိုလွယ်ကူပြီး အူကနေ အလွယ်တကူ စုပ်ယူနိုင်ပါတယ်။

(၂) ကြွက်သားတွေကို သန်မာစေတယ်
ကြွက်သားတွေဆိုတာ အသက်ကြီးလာတာနဲ့အမျှ လျော့တွဲပြီး အားနည်းလာပါတယ်။ ကွာလတီကောင်းတဲ့ Whey ပရိုတင်းမှာ လိုင်ဆင်းအမိုင်နိုအက်ဆစ် ပါဝင်ပါတယ်။ သူက ကြွက်သားထုထည် ခိုင်ခံ့ဖို့အတွက် အဓိက အရေးပါပါတယ်။ Whey ပရိုတင်းဟာဆိုရင် အသက်အလိုက် ကြွက်သားထုထည် လျော့ကျတာ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

(၃) သွေးဖိအားကို ကျစေတယ်
သွေးဖိအား အဆမတန် မြင့်တက်တာက နှလုံးရောဂါဖြစ်စေပါတယ်။ Whey ပရိုတင်းမှာပါဝင်တဲ့ Lactokinins တွေက သွေးဖိအားကိုကျစေတဲ့ ACE-inhibitors လိုမျိုး အာနိသင်ရှိတယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

(၄) ဆီးချိုသွေးချိုရောဂါ မဖြစ်စေဘူး
ဆီးချိုသွေးချိုရောဂါဟာ သွေးတွင်း သကြားဓာတ်မြင့်တက်တာရယ်၊ အင်ဆူလင်ရဲ့ တုံ့ပြန်နိုင်စွမ်းကျဆင်းတာရယ် စတာတွေကြောင့် ဖြစ်ရပါတယ်။ Whey ပရိုတင်းက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရှိသူတွေမှာလည်း ဖြည့်စွက်စာအနေနဲ့ မှီဝဲနိုင်ပါတယ်။

(၅) ရောင်ရမ်းတာကိုကျစေတယ်
ခန္ဓာကိုယ်တွင်း တစ်ခုခု ဒဏ်ဖြစ်ပြီဆိုရင် ရောင်ရမ်းတာဖြစ်လာပါတယ်။ ရေတို ရောင်ရမ်းတာက ကိစ္စမရှိပေမဲ့ တာရှည်ရောင်ရမ်းတာက ကျန်းမာရေးအတွက် မကောင်းပါဘူး။ Whey ပရိုတင်းဟာ ဆိုရင် ရောင်ရမ်းမှုကို ဖြစ်စေတဲ့ C-Reactive Protein (CRP) ပရိုတင်း ပမာဏကို သိသိသာသာကြီး လျော့ချပေးနိုင်ပါတယ်။

(၆) အဆာခံနိုင်တယ်
ပရိုတင်းတိုင်းက အစာစားချင်စိတ်ကို မလျော့ချစေနိုင်ပါဘူး။ ဒါပေမဲ့ Whey ပရိုတင်းကတော့ ကစိမ်းပရိုတင်း၊ ဆွိုင်း ပရိုတင်းတွေထက် ပိုပြီး အဆာခံနိုင်စွမ်း ရှိပါတယ်။ တစ်နည်းပြောရရင် Whey ပရိုတင်း စားပြီးရင် တော်တော်နဲ့ ဗိုက်ပြန်မဆာတတ်ပါဘူး။

(၇) ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်တယ်
Whey ပရိုတင်းတွေက အဆာခံနိုင်မယ်၊ ခန္ဓာကိုယ်တွင်း ဇီဝကမ္မဖြစ်စဉ်ကို မြန်စေပြီး အဆီတွေ လောက်ကျွမ်းစေမယ်၊ အဆီတွေနေရာမှာ ကြွက်သားတွေ အစားထိုးလာစေမယ်။ ဒါတွေကြောင့် ပိုနေတဲ့ ကိုယ်အလေးချိန်တွေကို လျော့ကျစေနိုင်ပါတယ်။

♥ #ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *