တုပ်ကွေးရာသီတွင် မိမိထံ ရောဂါမကူးစက်စေရန် လိုက်နာရမည့် အချက် ၁၁ ခု

အအေးမိတုပ်ကွေးရောဂါဟာ အလွန်မှ ကူးစက်လွယ်ပါတယ်။ အိမ်သားထဲက ဒါမှမဟုတ် အလုပ်ထဲက တစ်ယောက်ယောက်က အအေးမိတုပ်ကွေးရောဂါခံစားနေရရင် တစ်ယောက်ပြီးတစ်ယောက် တစ်အိမ်သားလုံး ဒါမှမဟုတ် အလုပ်ထဲက လူတွေ အားလုံးကို ကူးစက်သွားနိုင်ပါတယ်။ ဒါပေမဲ့လည်း အများကူးစက်ခံရချိန်မှာ အောက်ပါနည်းလမ်းတွေကို လိုက်နာရင် မိမိထံကို ရောဂါမကူးစက်နိုင်အောင် ကာကွယ်နိုင်ပါတယ်။

လက်ဆေးပါ
လက်ကို ဆပ်ပြာသုံးပြီး ရေနဲ့ သေချာဆေးကြောတာက အအေးမိ ဒါမှမဟုတ် တုပ်ကွေးရောဂါ ကာကွယ်နိုင်ဖို့ အဓိကသော့ချက်ပါ။ သင်ဟာ အအေးမိတုပ်ကွေး ရောဂါပိုးရှိနေတဲ့ မျက်နှာပြင် (ဥပမာ အိမ်သာတံခါးလက်ကိုင်ဖု၊ အများသုံးတယ်လီဖုန်း) ကို သင့်လက်တွေနဲ့ ကိုင်တွယ်မိပြီး အဲဒီလက်နဲ့ပဲ မိမိရဲ့ နှာခေါင်း၊ ပါးစပ် ဒါမှမဟုတ် မျက်လုံးနဲ့ ထိတွေ့မိတဲ့အခါမှာ ရောဂါပိုးက မိမိဆီကို ကူးစက်သွားနိုင်တာကြောင့် ဒီလိုတုပ်ကွေးရာသီမှာ ပစ်္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို စင်ကြယ်အောင် ဆေးကြောရပါမယ်။

တုပ်ကွေးကာကွယ်ဆေး ထိုးပါ
လူအများစုက တုပ်ကွေးရောဂါကို အပရိယပြဿနာလို့ပဲ ထင်မှတ်ကြပါတယ်။ အမှန်မှာတော့ ဒီရောဂါဟာ ပြင်းထန်နိုင်ပါတယ်။ အိပ်ရာထဲမှာ အကြာကြီးနေရနိုင်ပါတယ်။ ကလေးငယ်တွေ၊ အသက်ကြီးသူတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် တုပ်ကွေးရောဂါက အလွန်အန္တရာယ်များတဲ့အတွက် သူတို့တွေဟာ တုပ်ကွေးကာ ကွယ်ဆေးကို မဖြစ်မနေ ထိုးထားသင့်ပါတယ်။

ဆေးဝါးအဆင်သင့်ဆောင်ထားပါ
အကိုက်အခဲပျောက်ဆေး ဒါမှမဟုတ် နှာစေးပျောက်ဆေးလိုမျိုး ဆေးဝါးတွေကို မိမိအိမ်မှာ အဆင်သင့်ထားပါ။ ဆပ်ပြာ၊ လက်ဆေးဂျဲလ်နဲ့ တစ်သျှူးတွေကိုလည်း ဆောင်ထားဖို့ မမေ့ပါနဲ့။ အဖျားတိုင်း သာမိုမီတာလည်း အဆင်သင့်ရှိပါစေ။

ရောဂါလက္ခဏာကို သိရှိပါစေ
များသောအားဖြင့် အအေးမိရောဂါက နှာစေးတာ ဒါမှမဟုတ် နှာပိတ်တာလောက်ပဲ ဖြစ်တတ်ပါတယ်။ တုပ်ကွေးရောဂါကတော့ အအေးမိရောဂါထက် ပိုပြီးပြင်းထန် ပြီး ရုတ်တရက် ကိုယ်လက်ကိုက်ခဲတာ၊ အဖျားကြီးတာတွေ ဖြစ်လာတတ်ပါတယ်။

မှန်ကန်တဲ့ဆေးဝါးကို ရရှိပါစေ
အအေးမိတုပ်ကွေးရောဂါပျောက်ဆေးတွေ အများအပြားရှိပါတယ်။ ဆေးတစ်မျိုးတည်းနဲ့ အကိုက်အခဲပျောက်တာ၊ ချောင်းဆိုးသက်သာတာ၊ နှာပိတ်သက်သာတာတွေ ပါဝင်တဲ့ ဆေးအမျိုးအစားတွေ ရှိပါတယ်။ သင့်ရောဂါလက္ခဏာပေါ်မူတည်ပြီး ဆေးအမျိုးအစားကို ရွေးချယ်ရပါမယ်။ ပါဝင်ပစ္စည်းတူညီတဲ့ဆေးတွေကို တစ်မျိုး ထက်ပိုပြီး အသုံးမပြုသင့်ပါဘူး။

ပဋိဇီဝဆေးကို အသုံးမပြုပါနဲ့
အအေးမိတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးမွှားကြောင့် ဖြစ်တာပါ။ ပဋိဇီဝဆေးဝါးတွေက ဘက်တီးရီးယားပိုးတွေအတွက်သာ အသုံးဝင်တာကြောင့်ပါ။ ပဋိဇီဝဆေးကို မလိုအပ်ဘဲ အသုံးပြုတာက ဆေးယဉ်ပါးပိုးတွေ ပေါက်ဖွားလာနိုင်ပါတယ်။

ဖျားနေရင် အိမ်မှာပဲ အနားယူပါ
သင်ဟာ ဖျားနေလျက်နဲ့ အိမ်မှာ မနားဘဲ အလုပ်သွားနေခဲ့ရင် ပြန်လည်ကောင်းမွန်ဖို့အတွက် အချိန်ကြာမြင့်စွာ ယူရနိုင်ပါတယ်။ ဒါ့အပြင် သင့်ဆီက ပိုးမွှားတွေက တခြားသူဆီလည်း ကူးစက်သွားနိုင်ပါတယ်။

အိမ်မှာ ဖျားနာသူရှိရင် တစ်ခါသုံးပစ္စည်းတွေ အသုံးပြုပါ
သင့်အိမ်မှာ ဖျားနာသူရှိရင် သူ နေကောင်းတဲ့အထိ တစ်ခါသုံးပစ္စည်းတွေသာ အသုံးပြုပါ။ လက်သုတ်ပ၀ါကို သုံးမယ့်အစား တစ်သျှူးစက္ကူကို အသုံးပြုတာ၊ ကော်ဖီခွက်၊ ဖန်ခွက်တွေကို အသုံးပြုမယ့်အစား တစ်ခါသုံးစက္ကူခွက်၊ ပလတ်စတစ်ခွက်ကို အသုံးပြုပြီး အဲဒီပစ္စည်းတွေကို အသုံးပြုပြီးတာနဲ့တစ်ပြိုင်နက် လွှင့်ပစ်လိုက်ပါ။

သဘာဝကုထုံးကိုလည်း လိုက်နာပါ
ချောင်းဆိုးတဲ့အခါမှာ ပျားရည်တစ်ဇွန်းလောက် သောက်ကြည့်ပါ။ ပျားရည်က ဆေးဆိုင်က ချောင်းဆိုးပျောက်ဆေးလိုမျိုး အသုံးတည့်နိုင်ပါတယ်။ အသက် တစ်နှစ်အောက်ငယ်တဲ့ ကလေးငယ်တွေကိုတော့ ပျားရည်မတိုက်သင့်ပါဘူး။ ဒါ့အပြင် ဗီတာမင် စီ ပါဝင်မှုများတဲ့ အချဉ်အရသာရှိ သစ်သီးများများစားပေးပါ။ ဒိန်ချဉ်လိုမျိုး လူ့အကျိုးပြုဘက်တီးရီးယားပါဝင်တဲ့အစာတွေကလည်း အအေးမိရောဂါမဖြစ်အောင် ကာကွယ်နိုင်တယ်လို့ သိရပါတယ်။

အရည်များများသောက်ပါ
အရည်များများသောက်တာကြောင့် ချွဲသလိပ်တွေ ပျော်ဝင်နိုင်ပြီး နှာပိတ်တာ သက်သာနိုင်ပါတယ်။ အရည်၊ ကြက်ပြုတ်ရည်၊ အားကစားဖျော်ရည် အစရှိတာတွေကို သောက်သုံးနိုင်ပါတယ်။ ကြက်စွပ်ပြုတ်ရည်ပူပူသောက်တာ၊ ရေနွေးကြမ်း သောက်တာတွေကလည်း လေပြွန်ကို နွေးထွေးစေပြီး နှာပိတ်တာကို သက်သာစေနိုင်ပါတယ်။

လိုအပ်ပါက ဗိုင်းရပ်စ်တွန်းလှန်နိုင်တဲ့ ဆေးဝါးကို မှီဝဲပါ
ဘယ်ဆေးဝါးကမှ တုပ်ကွေးရောဂါကို မပျောက်စေနိုင်ပါဘူး။ ဒါပေမဲ့ တချို့ဆေး တွေက ရောဂါအမြန်သက်သာစေနိုင်ပါတယ်။ တုပ်ကွေးကြောင့် နေရထိုင်ရ သိပ်ခက်ခဲရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး Antiviral ဆေးတောင်းသောက်ပါ။ ရောဂါလက္ခဏာ စပြပြီး ၄၈ နာရီအတွင်း မှီဝဲနိုင်ရင် အကောင်းဆုံးပါ။

♥ ဒေါက်တာခင်မိုးမိုး ♥

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *