ဝူဟန်တုပ်ကွေးကာကွယ်ဖို့အတွက် ချင်းစားသုံးတိုင်း အန္တရာယ်ကင်းပါရဲ့လား

ချင်းဟာ သဘာဝအတိုင်းရောဂါတွေကို ပျောက်ကင်းစေနိုင်တဲ့ ဂုဏ်သတ္တိရှိတဲ့ အတွက် နှစ်ပေါင်းများစွာကတည်းက လူတွေအသုံးပြုလျက်ရှိကြပါတယ်။ လေထိုး လေအောင့်သက်သာတာ၊ အစာမကြေတာအတွက် ကောင်းမွန်တာ၊ နာကျင်မှုဝေဒနာ ပျောက်ကင်းတာ၊ ကင်ဆာဆဲလ်တွေကို သေစေနိုင်တာ စတဲ့ ဂုဏ်သတ္တိတွေကြောင့် ချင်းကို ရှေးခေတ်အာရှတိုက်သားတွေက စပြီး ယခုခေတ် ကျန်းမာရေးလိုက်စားသူ တိုင်း အသုံးပြုနေကြပါတယ်။ အခုလို ဝူဟန်တုပ်ကွေးကူးစက်မှုများနေတဲ့အချိန်မှာ ချင်းကို ပျားရည်၊ သံပရာရည်တို့နဲ့ ရောစပ်ပြီး ရောဂါကို ကာကွယ်နိုင်အောင် သောက် သုံးနေကြသူတွေလည်း အများအပြားပါပဲ။
ဒီလိုကောင်းကျိုးတွေ အများအပြားရှိပေမယ့်လည်း ချင်းကို အကန့်အသတ်နဲ့ သာ သောက်သုံးသင့်သူတွေရှိတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။

♦ သွေးကျဲဆေးသောက်သုံးနေရသူများ
ချင်းဟာ သွေးကျဲစေတဲ့ ဂုဏ်သတ္တိရှိတဲ့အတွက် သွေးကျဲဆေးသောက်သုံးရသူ ဒါမှမဟုတ် သွေးမတိတ်နိုင်တဲ့ရောဂါရှိသူတွေနဲ့ မသင့်တော်ပါဘူး။ ဒီရောဂါရှိသူတွေ အနေနဲ့ ချင်းကို မမှီဝဲခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်သင့်ပါတယ်။

♦ ဆီးချိုရောဂါအတွက် ဆေးဝါးသောက်သုံးနေရသူများ
ချင်းဟာ သဘာဝအားဖြင့် သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေတဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါကြောင့် ဆီးချိုရောဂါအတွက် မက်ဖော်မင်သောက်သုံးရသူတွေ၊ အင်ဆူ လင်ဆေးဝါးထိုးနေရသူတွေအနေနဲ့ ချင်းကို အထူးသတိထားပြီး စားသုံးရပါမယ်။ ချင်းကို မစားသုံးခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ပါ။

♦ သွေးတိုးရောဂါအတွက် ဆေးဝါးသောက်သုံးနေရသူများ
သွေးတိုးရောဂါအတွက် Norvasc လိုမျိုး Calsium Channel Blocker ဆေးဝါးတွေ သောက်သုံးနေရသူတွေအနေနဲ့ ချင်းနဲ့ ဓာတ်ပြုနိုင်ပြီး သွေးဖိအားနဲ့ နှလုံးခုန်နှုန်း အလွန်အမင်း ကျဆင်းနိုင်ကာ နှလုံးခုန်နှုန်းမမှန်ကာ တခြားနောက်ဆက် တွဲဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ သွေးတိုးရောဂါအတွက် ဆေးဝါးမှီဝဲရသူတွေ အနေနဲ့ ချင်းအသုံးမပြုခင်မှာ ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်ပါ။

♦ ချင်းနှင့် သည်းခြေကျောက်
သည်းခြေမှာ ကျောက်တည်သူတွေအနေနဲ့ ချင်းစားသုံးတာကြောင့် ရောဂါဝေဒ နာခံစားမှု ပိုမိုဆိုးရွားနိုင်ပါတယ်။ သည်းခြေအိတ်ဆိုတာ အသည်းအောက်မှာ အိတ်လို ပုံသဏ္ဌာန်ရှိပြီး သည်းခြေပြွန်နဲ့ ဆက်သွယ်ထားပါတယ်။ သည်းခြေအိတ်က အူထဲက အဆီတွေကို ဖြိုခွဲဖို့အတွက် လိုအပ်တဲ့သည်းခြေရည်တွေကို စုဆောင်းထားပါတယ်။ သည်းခြေအိတ်ထဲမှာ သည်းခြေရည်အနှစ်တွေ များလွန်းနေရင် သည်းခြေကျောက် ဖြစ်လာပါတယ်။ သည်းခြေကျောက်က သည်းခြေပြွန်ထဲကို ဆင်းလာပြီး ပြွန်တစ်နေရာ ရာမှာ ပိတ်ဆို့မှုဖြစ်ရင် သည်းခြေရည်တွေက အသည်းထဲကို ပြန်လည်ရောက်ရှိသွား ပြီး အသားဝါလာပါတယ်။ ချင်းကို ပမာဏများစွာ စားသုံးတာကြောင့် သည်းခြေရည် ထုတ်လုပ်မှုတွေ ပိုမိုများလာပြီး သည်းခြေအိတ်ညှစ်အား ပိုမိုကောင်းမွန်လာတဲ့အတွက် သည်းခြေကျောက်တွေက ပြွန်ထဲကို ဆင်းလာနိုင်ကာ ပြွန်ပိတ်ဆို့မှုတွေ ဖြစ်ကာ အရေးပေါ်ခွဲစိတ်မှု ခံယူရနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်ရိုးရာဆေးပညာအရတော့ ချင်းကို သည်းခြေကျောက်ကုသရာ မှာ အသုံးပြုနိုင်တယ်လို့ သိရပါတယ်။ ချင်းက သည်းခြေရည်ထွက်အောင် လှုံ့ဆော် နိုင်တာကြောင့်လို့ ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် သည်းခြေကျောက်တည်တဲ့ရောဂါရှိနေ ရင်တော့ ချင်းမစားသုံးခင်မှာ ဆရာဝန်နဲ့ ဦးစွာတိုင်ပင်ပါ။

♦ ချင်းနှင့် ကိုယ်ဝန်ဆောင်
လေ့လာမှုအများအပြားမှာတော့ ကိုယ်ဝန်ဆောင်ကာလမှာ ပျို့တာ၊ အန်တာ အတွက် ချင်းကို ကလေးအတွက် အန္တရာယ်မရှိဘဲ အသုံးပြုနိုင်တယ်လို့ ဆိုထားပါ တယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်ကာလမှာ ပျို့တာ၊ အန်တာအတွက် ချင်းကို အလွန် အကျွံအသုံးပြုသူတွေက ကိုယ်ဝန် ၁၂ ပတ်မှာ ကလေးပျက်ကျနိုင်ခြေများတယ်လို့ လေ့လာမှုအရ သိရပါတယ်။ ချင်းက သွေးယိုစီးမှုနိုင်ခြေလည်း များတဲ့အတွက် မီးဖွား ခါနီးအချိန်မှာ ချင်းကို အသုံးမပြုဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ချင်းကို အသုံးမပြုခင် ဆရာဝန်နဲ့ ဦးစွာ တိုင်ပင်သင့် ပါတယ်။

♦ ချင်းကို ပမာဏ ဘယ်လောက်အသုံးပြုသင့်ပါသလဲ
ချင်းမှုန့်ကို တစ်နေ့ လေးဂရမ်ခန့် အသုံးပြုတာက အန္တရာယ်ကင်းတယ်လို့ ဆို ထားပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့တော့ တစ်နေ့ကို တစ်ဂရမ်ထက် ပို မသုံးသင့်ပါဘူး။ လက်တစ်ဆစ်စာ ချင်းအမြစ်က ချင်းမှုန့် စားပွဲဇွန်း လေးပုံတစ်ပုံစာနဲ့ ညီ မျှပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal