သိုင်းရွိုက်ရောဂါအတွက် တစ်မိနစ်အတွင်း မိမိကိုယ်တိုင် စစ်ဆေးနိုင်သော နည်းလမ်း

သိုင်းရွိုက်ဂလင်းဆိုတာက သင့်လည်ပင်းရှေ့မှာရှိနေတဲ့ လိပ်ပြာပုံ သဏ္ဌာန် အကျိတ်ပါ။ သူက ခန္ဓာကိုယ်အတွက် အလွန်အရေးပါပြီး သိုင်းရွိုက် ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ ဒီဟော်မုန်းတွေက ခန္ဓာကိုယ်ရဲ့ဇီဝရုပ် ဖြစ်စဉ်၊ ကြီးထွားဖွံဖြိုးမှုနဲ့ ကိုယ်အပူချိန်ကို ညီညွတ်မျှတမှုရှိအောင် ထိန်းချုပ် ပေးပါတယ်။ ဒါ့အပြင် နှလုံးနဲ့အစာခြေစနစ်၊ ကြွက်သားသန်မာထွားကျိုင်းမှု၊ ဦး နှောက်ဖွံဖြိုးမှုနဲ့အရိုးသန်မာဖို့အတွက်ပါ ကူညီပေးပါတယ်။
သိုင်းရွိုက်ဂလင်းက အလုပ်လုပ်တာများလွန်းတာ ဒါမှမဟုတ် အလုပ် မလုပ်နိုင်တော့တာလိုမျိုး သိုင်းရွိုက်ရောဂါတွေကြောင့် အထက်ဖော်ပြပါ လုပ်ငန်း စဉ်တွေ ကမောက်ကမဖြစ်သွားနိုင်ပါတယ်။
သိုင်းရွိုက်ရောဂါထဲမှာ သိုင်းရွိုက်ကင်ဆာကလည်း အဖြစ်များတဲ့ပြဿနာ တစ်ခုဖြစ်နေတာကြောင့် ကင်ဆာ ရှိ မရှိ ကို မိမိဘာသာ အလွယ်တကူ စစ်ဆေး နိုင်တဲ့နည်းကို ဖော်ပြပေးလိုက်ပါတယ်။ ရောဂါရှိမှန်းစောစောသိရင် ကုသလို့ ပျောက်ကင်းနိုင်တဲ့အတွက် ဖော်ပြပါရောဂါဖြစ်နိုင်ခြေများသူတွေက အိမ်မှာနေ ရင်း စစ်ဆေးကြည့်ကြပါလို့ အကြံပေးချင်ပါတယ်။

♦ အမျိုးသမီးဖြစ်ရင်
အမျိုးသမီးတွေက အမျိုးသားတွေထက်သိုင်းရွိုက်ကင်ဆာပိုအဖြစ်များ ပါတယ်။

♦ အသက် ၃၀ ကျော်သူ
ဒီကင်ဆာက အသက်အရွယ်မရွေးမှာ ဖြစ်တတ်ပေမယ့် အသက် ၃၀ နောက်ပိုင်းမှာ ပိုအဖြစ်များပါတယ်။ အသက်ကြီးမှဖြစ်ရင် ရောဂါပိုမိုပြင်းထန်နိုင်ပါ တယ်။

♦ ဓာတ်ရောင်ခြည်နဲ့ထိထားသူ
အထူးသဖြင့် လည်ပင်းနဲ့ ရင်ဘတ်နေရာကို မကြာခဏ ဓာတ်မှန် ရိုက်ခံ ရသူ၊ ၁၉၅၀ မတိုင်ခင်က ဓာတ်ရောင်ခြည်ကုသမှုခံယူရဖူးသူနဲ့ Nuclear Accident ဒဏ်ခံရသူတွေပါ။

♦ မျိုးရိုးလိုက်သူ
မိဘဆွေမျိုးတွေထဲမှာ သိုင်းရွိုက်ကင်ဆာရှိသူတွေမှာ ဖြစ်တတ်ပါတယ်။

♦ အောက်ပါရောဂါလက္ခဏာရှိသူ
• လည်ပင်းအရှေ့နေရာမှာ အကျိတ်ရှိနေပြီး တစ်ခါတစ်ရံ နာကျင်ရင်
• လည်ပင်းရှေ့နေရာမှာ နာကျင်နေပြီး နားရွက်အထိပါ နာကျင်ခဲ့ရင်
• အစာမျိုရ၊ အသက်ရှူရတာခက်ခဲရင်
• အမြဲတမ်း အသံအက်တက်တက် ရှတတဖြစ်နေရင်
• အဖျားမရှိ ဆေးလိပ်မသောက်ဘဲ ချောင်းဆိုးနေရင်

♦ သိုင်းရွိုက်ကင်ဆာရှိမရှိစမ်းသပ်နည်း
• အဆင့် (၁)
ရေတစ်ခွက်ခပ်ပြီး သင့် ညှပ်ရိုးမှမေးစေ့နေ ရာအထိ ကောင်းကောင်းမြင်ရနိုင်တဲ့ အပေါ်အောက် လှည့်လို့ရတဲ့ မှန်အရှေ့မှာ မတ်တတ်ရပ် ပါ။
(သင်စစ်ဆေးရမယ့် သိုင်းရွိုက်ဂလင်းဟာ ညှပ်ရိုးအပေါ်ဘက် လည်မျို အောက်ပိုင်း သုံးပုံတစ်ပုံနေရာက လိပ်ပြာပုံသဏ္ဌာန်ဖြစ်ပါတယ်)
• အဆင့် (၂ )
ရေကိုငုံထားပြီး သင့်ဦးခေါင်းကို အနောက်ဘက်သို့မော့လိုက်ပါ။ ရေကို မျိုချလိုက်စဉ် သင့်လည်ပင်းနေရာက ဂလင်းတစ်ဖက်နဲ့တစ်ဖက် အရွယ်အစား ညီလား၊ ကွာခြားချက်ရှိလားကို သင့်မျက်လုံးနဲ့ ကြည့်ပါ။
သင်ရေမျိုချစဉ်မှာ သိုင်းရွိုက်အကျိတ်က တစ်ဖက်နဲ့တစ်ဖက် အရွယ် အစားမတူညီရင်၊ အကျိတ်ပတ်ဝန်းကျင်မှာ အဖုအထစ်တွေ ထွက်နေရင် သိုင်း ရွိုက်ကင်ဆာ ဒါမှမဟုတ် တခြားသိုင်းရွိုက်ရောဂါဖြစ်နိုင်တာမို့ ဆရာဝန်နဲ့ပြသပါ။

♥ ဒေါက်တာခင်မိုးမိုး

(လွယ်ကူစစ်ဆေးသင့်ကျန်းမာရေးစာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်)

Post Author: Good Health Journal