ပန်းနာရင်ကျပ်ရှိသူတွေအတွက် စတီးရွိုက်ရှူဆေးက နောက်ဆုံးဆေးလား

ပန်းနာရင်ကျပ်ရှိသူတွေအတွက် စတီးရွိုက်ရှူဆေးက နောက်ဆုံးဆေးလားဆိုတာကို ပါမောက္ခဒေါက်တာရတနာကျော်
အဆုတ်နှင့်ရင်ခေါင်းအထူးကုဆရာဝန်ကြီးက ရှင်းလင်းဖြေကြားပေးထားပါတယ်။

Q. ပန်းနာရင်ကျပ်ရှိသူတွေ သုံးရတဲ့ စ တီးရွိုက်ဆေး ဘယ်နှမျိုးရှိပါသလဲ။
စတီးရွိုက်ဆေးကို လေပြွန်ကျယ် ရှူဆေးနဲ့ စတီးရွိုက်ရှူဆေးဆိုပြီး အဓိ ကအားဖြင့် နှစ်မျိုးရှိပြီး သုံးစွဲရတဲ့ရောဂါ တွေကတော့ ပန်းနာရင်ကျပ်ရောဂါ (Asthma) နဲ့ နာတာရှည် အဆုတ်ပွလေ ပြွန်ကျဉ်းရောဂါ (COPD) တွေပါပဲ။
လူနာရဲ့ ရောဂါအခြေအနေပေါ်မှာ မူတည်ပြီး စတီးရွိုက်လို့ခေါ်တဲ့ လေပြွန် ရောင်ရမ်းတာကိုလျှော့ချတဲ့ရှူဆေး၊ လေ ပြွန်တွေကျဉ်းတဲ့အခါမှာ လေပြွန်ကျယ် အောင် လုပ်ရတဲ့ရှူဆေး (Bronchodilator) တွေရှိပါတယ်။ နောက်တစ်ခုက လေပြွန်ကျယ်အောင် လုပ်တဲ့အထဲမှာပဲ Chemical Compound ပေါ်မှာ မူတည် ပြီး Anticholinergic နဲ့ B2 Agonist ဆိုပြီး ခွဲခြားထားပါတယ်။ တချို့ရှူဆေး တွေမှာတော့ အမျိုးအစားတစ်မျိုးတည်း မဟုတ်ဘဲ ရှူဆေးဘူးတစ်ခုတည်းမှာပဲ စတီးရွိုက်ဆေးနဲ့ လေပြွန်ကျယ်ဆေး ရောထားတဲ့ ရှူဆေး၊ လေပြွန်ကျယ်ဆေး နဲ့ Anticholinergic လို့ခေါ်တဲ့ COPD မှာ အသုံးများတဲ့ဆေးတွေ ပေါင်းထားတာ တွေ ဆိုပြီး ခွဲခြားထားပါတယ်။

Q. ပန်းနာရင်ကျပ်ရှိသူတွေ စတီးရွိုက်ရှူ ဆေးသုံးရတာက လမ်းဆုံး၊ ဆေးဆုံးလို့ ပြောနေကြတာ ဟုတ်ပါသလား ဆရာမ။
ဒါနဲ့ပတ်သက်လို့ လူနာတွေကို သိ စေချင်တဲ့ ကျန်းမာရေးဗဟုသုတတွေ ရှိပါ တယ်။ များသောအားဖြင့် လူနာတွေက ရှူဆေးတွေ သုံးရပြီဆိုရင် လမ်းဆုံးပြီ၊ ကု သလို့ မရတဲ့အဆင့်ကျမှ ရှူဆေးကို သုံးရ တယ်လို့ အရပ်ထဲက လူအတော်များများ က ယူဆနေကြပါတယ်။ အမြဲတမ်းလိုလို ဒီစကားကို ကြားရပါတယ်။ ဒါကို ပြောရ ရင် အတော့်ကို မှားယွင်းတဲ့ အယူအဆ ဖြစ်ပါတယ်။

Q. ဘာကြောင့်မှားယွင်းတဲ့အယူအဆ ဖြစ်တယ်ဆိုတာကို ရှင်းပြပေးပါ ဆရာမ။
ဘာဖြစ်လို့လဲဆိုတော့ ဒီရှူဆေးက ဘယ်လိုကောင်းကျိုးတွေ ရရှိနိုင်လဲဆိုရင် စတီးရွိုက်ရှူဆေးတွေက လေပြွန်ထဲကို တိုက်ရိုက်ရှူသွင်းတာ ဖြစ်တဲ့အတွက် တုံ့ပြန်မှုအရမ်းမြန်တယ်။ ရှူပြီးတာနဲ့ အာနိသင်ကို လူနာက ချက်ချင်းရပါ တယ်။ ရှူဆေးတွေထဲမှာ ထည့်ထားတဲ့ ဆေးမှုန့်လေးတွေက အလွန်သေးငယ်တဲ့ မိုက်ခရိုဂရမ်နဲ့ ထည့်ထားတာကြောင့် ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့ ဆေးရဲ့ ပမာဏက အလွန်နည်းပါးပါတယ်။ သောက်ဆေးတွေနဲ့ နှိုင်းယှဉ်ပြီး ပြောရရင် စတီးရွိုက်ဆေးဖြစ်တဲ့ ပရက်နီဆိုလုံး ငါးမီလီဂရမ်ပါတဲ့ သောက်ဆေးတစ်လုံး ကို ပါးစပ်က နေ့စဉ် သောက်နေမှ ရောဂါ သက်သာတာနဲ့စာရင် စတီးရွိုက်ရှူဆေး တစ်ခုမှာက ၅၀ မိုက်ခရိုဂရမ်၊ ၁၀၀ မိုက် ခရိုဂရမ်၊ ၂၀၀ မိုက်ခရိုဂရမ်ပဲ ပါတာ ကြောင့် အဆပေါင်းများစွာ ကွာခြားပါ တယ်။ COPD တို့၊ ပန်းနာရင်ကျပ်တို့ဆို တာက နာတာရှည်ရောဂါတွေပါ။ တစ်ခါ၊ နှစ်ခါ၊ တစ်ရက်၊ နှစ်ရက်၊ တစ်ပတ်၊ နှစ် ပတ်လောက် ဆေးသောက်လိုက်ရုံနဲ့ ရော ဂါက အမြစ်ပြတ်သွားတာ မဟုတ်ပါဘူး။ လချီပြီး၊ နှစ်ချီပြီး သုံးစွဲရတာတွေ ရှိပါ တယ်။ ရေရှည်သုံးစွဲရတဲ့အခါ စတီးရွိုက် သောက်ဆေးကို တစ်နေ့ ငါးမီလီဂရမ်ပဲ သောက်ရင်တောင် နေ့တိုင်းသောက်ရ မယ်ဆိုရင် ခန္ဓာကိုယ်ထဲကို ၀င်သွားတဲ့ စတီးရွိုက်ဆေးပမာဏက အတော်ကြီးကို များပြားပါတယ်။

Q. စတီးရွိုက်ဆေးတွေ ခန္ဓာကိုယ်ထဲ များလာရင် ဘာတွေဖြစ်နိုင်ပါသလဲ ဆရာမ။
စတီးရွိုက်ဆေးတွေ ခန္ဓာကိုယ်ထဲမှာ များပြားလာတဲ့အခါ ဘေးထွက်ဆိုးကျိုး တွေ ခံစားလာရပါတယ်။ Cushing’s Syndrome လို့ ခေါ်ပါတယ်။ လူနာတွေ ဟာ ကိုယ်အလေးချိန်တက်လာတာ၊ ဆီး ချိုသွေးချိုရှိတဲ့ လူနာဆိုရင်လည်း သွေးချို တွေတက်လာတာ၊ အရိုးပျော့တာ၊ အစာ အိမ်ရောဂါဖြစ်တာ၊ တချို့ဆို စိတ်က ယောင်ချောက်ချားဖြစ်တာ (Steriod Psychotic)၊ အထူးသဖြင့် သွေးဖိအား တက်လာတာ၊ ခန္ဓာကိုယ်မှာ အီလက်ထရို လိုက် မညီမျှတော့တာ စတာတွေ အများ ကြီး ဖြစ်နိုင်ပါတယ်။ အများအားဖြင့် Cushing’s Syndrome ရလာပြီးတော့ ငယ်ရွယ်သူတွေမှာလည်း ဒီစတီးရွိုက် ဆေးကို အကြာကြီးပေးခဲ့ရင် ခန္ဓာကိုယ် မဖွံ့ဖြိုးမတိုးတက်တော့ဘဲနဲ့ ဖွံ့ဖြိုးမှုရပ် သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။ အဲဒီ တော့ လူနာတွေဟာ များသောအားဖြင့် ဆေးဆိုင်တွေကနေ စပ်ဆေးအနေနဲ့ သော်လည်းကောင်း၊ မသိနားမလည်တဲ့ သူတွေက ကိုယ့်ဘာသာကိုယ် စမ်းပြီး စပ်သောက်ကြည့်တဲ့အခါ သက်သာတယ် ဆိုပြီး ဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့ စတီးရွိုက်ဆေးတွေကို ကိုယ့်သဘောနဲ့ ကိုယ် သုံးစွဲနေတယ်ဆိုရင် နှစ်ရှည်လများ သုံးတဲ့အခါမှာ ဒီစတီးရွိုက်တွေရဲ့ ဘေး ထွက်ဆိုးကျိုးတွေ အများကြီးဖြစ်လာ တာကို တွေ့ရပါတယ်။

Q. ပန်းနာရင်ကျပ်ရှိသူတွေ စတီးရွိုက်ကို တစ်သက်လုံး သုံးစွဲနေရမှာလား ဆရာမ။
စတီးရွိုက်ရှူဆေးက အဆုတ်ထဲကို တိုက်ရိုက်ရောက်တာကြောင့် ပန်းနာရင် ကျပ်ရောဂါဝေဒနာသက်သာတာ မြန်ဆန် ပါတယ်။ နှစ်ရှည်လများ သုံးစွဲနိုင်ပါတယ်။ သုံးစွဲတဲ့အခါမှာ ဆေးကို အမြဲတမ်း အသုံး ပြုနေရမှာတော့ မဟုတ်ပါဘူး။ လူနာရဲ့ ရောဂါသက်သာလာပြီဆိုရင် သုံးစွဲတဲ့ အ မျိုးအစားကိုရော၊ သုံးစွဲတဲ့ ဆေးပမာဏ ကိုပါ ဖြည်းဖြည်းချင်း လျှော့ချပြီး ရောဂါ သက်သာတဲ့ အနည်းဆုံးပမာဏမှာ ဆရာ မတို့က ထိန်းထားပါတယ်။ ထိန်းထားပြီး တော့ ခြောက်လ၊ တစ်နှစ်ကြာတဲ့အထိ ရောဂါဝေဒနာလက္ခဏာမရှိတော့ဘူးဆို ရင် ဆေးကို ဖြတ်လိုက်ပါတယ်။ ဆေးကို ရာသက်ပန် သုံးစွဲရမယ်ဆိုတဲ့ သဘော ထားမျိုး မရှိပါဘူး။ စဖြစ်တဲ့အချိန်မှာ သုံး စွဲမယ်၊ တဖြည်းဖြည်းချင်း သုံးစွဲတဲ့ ဆေး အချိန်အဆနဲ့ သုံးစွဲတဲ့ ပမာဏကို ဖြည်း ဖြည်းချင်းလျှော့ချရပါတယ်။ ဝေဒနာ သက်သာလာပြီဆိုရင်၊ ပန်းနာရင်ကျပ် တာ လုံးဝမခံစားရတော့ဘူးဆိုရင် ဆရာမ တို့က သုံးစွဲတာကို လျှော့ချလိုက်ပါ တယ်။ အဲဒီတော့ ရာသက်ပန်သုံးရမယ် ဆိုတဲ့ သဘောလည်း မဟုတ်ပါဘူး။ တကယ်လို့ ရောဂါရဲ့ ပြင်းထန်မှုအဆင့် ငါးလောက်မှာ ရှိတဲ့သူဆိုရင်လည်း အနည်းဆုံးဆေးပမာဏနဲ့ ရာသက်ပန် သုံးစွဲရတဲ့သူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အများစုကတော့ စတင်သုံးစွဲလာပြီး ဆရာဝန်ညွှန်ကြားမှုကို လက်ခံပြီး မှန်မှန် ပြန်လည်ပြသကာ သက်သာလာပြီဆိုရင် ရှူဆေးကို ဖြည်းဖြည်းလျှော့ပြီးတော့ ဖြတ်လို့ရတဲ့ လူနာတွေ အများကြီးရှိပါ တယ်။

Q. စတီးရွိုက်ရှူဆေးသုံးစွဲနေရတဲ့ ပန်းနာ ရင်ကျပ်ရှိသူတွေအတွက် ဆရာမရဲ့ အ ကြံပြုချက်ကိုလည်း သိချင်ပါတယ်။
ပန်းနာရင်ကျပ်ရောဂါတို့၊ COPD တို့ ဆိုတာက တကယ့်ကို နာတာရှည်ရောဂါ တွေပါ။ ဒီလိုနာတာရှည်ရောဂါတွေမှာ ဒီ စတီးရွိုက်ရှူဆေးတွေက မဖြစ်မနေ အ ရေးကြီးဆုံးပစ္စည်းတစ်ခုအနေနဲ့ သုံးစွဲရတာဖြစ်တဲ့အတွက် လူနာတွေအနေနဲ့ ဒီရောဂါလို့ သတ်မှတ်ခံရပြီဆိုရင် ဒီဆေး တွေကို မသုံးမဖြစ် သုံးသင့်တယ် ဆိုတဲ့ ကျန်းမာရေးအသိပညာလေးရှိဖို့လည်း လို အပ်ပါတယ်။ မှန်ကန်တဲ့နည်းစနစ်ကို မှန် ကန်အောင် သုံးစွဲတတ်ဖို့လည်း လိုပါ တယ်။ ဒါမှရေရှည်မှာ ဒီရောဂါရဲ့ သက် သာမှုအတွက်ရော၊ ကိုယ်ရဲ့ ကျန်းမာရေး အတွက်ရော လိုအပ်တာတွေကို ဆရာမ တို့ လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီစတီး ရွိုက်ရှူဆေး၊ လေပြွန်ချဲ့ ရှူဆေးတွေနဲ့ ပတ်သက်လို့ နားလည် တတ်ကျွမ်းတဲ့သူ တွေနဲ့ သေချာသင်ကြားပြသဖို့၊ ကိုယ် ကိုယ်တိုင်လည်း သုံးစွဲတတ်ဖို့၊ သိတဲ့သူ ဆီကနေ မှန် မမှန် အမြဲတမ်း ပြန်ပြီး စစ် ဆေးမှုတွေလုပ်ဖို့ လိုအပ်ပါတယ်။

♦ ကျေးဇူးတင်ပါတယ် ဆရာမ။

◘ ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
တွေ့ဆုံမေးမြန်းသည်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *