ပါးရေ၊ နားရေ မတွန့်အောင် ဘယ်လိုအစားအစာတွေ စားဖို့လိုလဲ

Q. အသီးအရွက်တွေက အရေပြားအ ပေါ် အကျိုးသက်ရောက်မှုရှိပါသလား ဆရာ။
အရေပြားကို မြန်မြန်အိုစာမသွား စေဖို့ စားသောက်သင့်တာတွေက သင်ရဲ့ ပတ်ဝန်းကျင်မှာပဲရှိနေတာပါ။ အဲဒီအစား အသောက်တွေကို ရွေးချယ်စားသုံးတတ် မယ်ဆိုရင် ပါးရေနားရေတွန့်တာတွေ၊ တွဲကျနေတာတွေကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် Feed your skin, Starve your wrinkle လို့ ပြန်ပြောတာပါ။ သင် ရဲ့အရေပြားကို အစာကျွေးပါ၊ သင်ရဲ့အ ရေပြားမှာ အရေးကြောင်းတွေ ကင်းစင် ပါလိမ့်မယ်လို့ ဆိုလိုပါတယ်။

Q. ဘယ်လိုလေ့လာတွေ့ရှိခဲ့တာလဲ ဆ ရာ။
သုတေသနနဲ့ပတ်သက်ပြီး ၁၉၈၉ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ အသက် ၇၀ကျော်အရွယ်တွေရဲ့ အရေပြားအ ရေးကြောင်းတွေဟာ သူတို့စားသုံးတဲ့ အ စားအစာအမျိုးအစားပေါ် မူတည်ပြီး ကွဲလွဲ မှုရှိတာကို တွေ့ရပါတယ်။ ဒီသုတေသန မှာ သြစတြေးလျ၊ တရုတ်၊ ဂရိ၊ ဂျပန်နဲ့ ဆွီဒင်နိုင်ငံက လူပေါင်း ၂၀၀၀ ပါဝင်ပါ တယ်။ ဘာတွေ့သလဲဆိုတော့ ဆွီဒင်လူ မျိုးတွေမှာ အရေပြားအရေးကြောင်းပေါ် တာနည်းပြီး သြစတြေးလျတွေမှာတော့ အရေပြားမှာ အရေးကြောင်းတွေ အဆိုး ဆုံးပဲတဲ့။ ပြောရရင် ဆွီဒင်တွေကနုပျိုပြီး အော်ဇီတွေက အိုစာတဲ့သဘောပါ။ သူ တို့စားတဲ့အစားအသောက်တွေနဲ့ ဆက် စပ်ကြည့်တဲ့အခါ ဟင်းသီးဟင်းရွက်၊ သံ လွင်ဆီ၊ ငါး၊ ပဲကို အစားများပြီး သကြား၊ ထောပတ်၊ မလိုင် အစားနည်းတဲ့သူတွေ မှာ အရေပြားအိုစာမှု အတော်ကို နည်းပါ တယ်။

Q. ရယ်ဒီမိတ်အစားအစာတွေကကော အရေပြားအပေါ် ဘယ်လိုထိခိုက်မှုတွေ ဖြစ်နိုင်ပါသလဲ ဆရာ။
ဈေးကွက်ထဲမှာ ရယ်ဒီမိတ်တွေက အလျှံပယ်ပါ။ သဘာဝလတ်လတ်ဆတ် ဆတ် အသီးအနှံ၊ သစ်သီးသစ်ဖုတွေကို တာရှည်အထားခံအောင်၊ အလွယ်တကူ စားသုံးလို့ရအောင် ပြုပြင်မွမ်းမံထားကြ တာတွေပါ။ Processed Food လို့ခေါ် ပါတယ်။ ဥပမာ မိန်းကလေးငယ်တွေ အ လွန်ကြိုက်တဲ့ အချဉ်ပေါင်းတွေပေါ့။ လတ်ဆတ်တဲ့ ပန်းသီးအစား ပန်းသီးအ ချိုရည်ပေါ့။ တကယ်တော့ အဲဒီလိုပြုပြင် မွမ်းမံထားတဲ့ အစားအစာတွေမှာ မူလ အာဟာရတွေ လျော့နည်းသွားတဲ့အပြင် ဓာတုပစ္စည်းတွေ ပါဝင်ရောနှောထားတာ ကြောင့် အန္တရာယ်မကင်းလှပါဘူး။ ဓာတု ဆိုးဆေးတွေပါမယ်။ သကြားတွေပါမယ်။ တိရစ္ဆာန်တွေရဲ့အဆီ (Trans Fat) ပါ မယ်။ တာရှည်အထားခံရအောင် ဓာတု ပစ္စည်းတွေပါမယ်။ ပြီးတော့ အနံ့အရသာ အတွက် ထပ်ဆောင်းထည့်တဲ့ ဓာတုပစ္စည်း တွေပါမယ်။ ဒီတော့ ရယ်ဒီမိတ် အစားအ စာတွေ စားသုံးတဲ့သူတွေမှာ အရေပြားအ ရွယ် ပိုကျလွယ်တယ်လို့ ဆိုပါတယ်။ ရှင်း ရှင်းပြောရရင် အရေပြားတင် ထိခိုက်တာ မဟုတ်ပါဘူး၊ ဆီးချို၊ နှလုံးရောဂါ စတဲ့ ပြဿနာတွေလည်း ၀င်နိုင်တာပါပဲ။

Q. သောက်သုံးနေတဲ့ အချိုရည်တွေနဲ့ ပတ်သက်ပြီးလည်း အရေပြားအပေါ် ဘယ် လိုသက်ရောက်မှုရှိပါသလဲ ဆရာ။
ကျွန်တော်တို့ အလွယ်သောက်နေ တဲ့ အချိုရည်တွေကို လေ့လာကြည့်ရင် သကြားနဲ့ ဆော်ဒါမပါတာ ရှားပါတယ်။ သကြားဓာတ်ဟာ တစ်ချိန်မှာ Advanced Glycosylation Endproducts ဆို တာဖြစ်သွားတယ်။ အတိုအားဖြင့် AGE ပေါ့၊ ဒီ AGE ဟာ အရေပြားရဲ့ကော်လာ ဂျင်ကို ထိခိုက်ပျက်စီးစေတာမို့ ပါးရေနား ရေတွန့်တာ၊ လျော့ရိလျော့ရဲတွဲကျတာ တွေဖြစ်စေပါတယ်။ အိုစာလွယ်တယ်ဆို ပါတော့။ တိုက်တိုက်ဆိုင်ဆိုင် အိုစာတာ ကို အင်္ဂလိပ်လို AGE လို့ ခေါ်ပါတယ်။ အချိုစားရင် AGE တွေများလာပြီး အို လာမှာပါ။ ဒါကြောင့် မအိုချင်သေးရင် အချိုလျှော့စားပါ။ မအိုချင် အချိုကြဉ်ပေါ့။

Q. ဟင်းသီးဟင်းရွက်တွေနဲ့ အရွယ်တင် နုပျိုမှုကကော ဘယ်လိုဆက်စပ်နေပါသ လဲဆရာ။
အသီးအနှံနဲ့ အသီးအရွက်တွေမှာ အဓိကပါဝင်တာက ဗီတာမင်တွေပါ။ ဗီတာမင် အီး၊ ဗီတာမင် စီ၊ ဘီတာကယ်ရို တင်း၊ ဖလေဗိုနွိုက်(Flavonoids) ဓာတ်တွေနဲ့ လူအတွက် အကျိုးပြုဓာတ် ပစ္စည်းတွေ ပါဝင်ပါတယ်။ ဒီဓာတ်အများ စုဟာဓာတ်တိုးပစ္စည်း ဆန့်ကျင်တဲ့အစွမ်း ရှိတာကြောင့် အမှတ်အသား ဖရီးရယ်ဒီ ကယ်တွေကို တွန်းလှန်နိုင်ပါတယ်။ ဒီလို တွန်းလှန်တော့ အရေပြားပျက်စီးမှုနည်း ပြီး အရွယ်တင်စေပါတယ်။ သိပ္ပံပညာရှင် တွေက ဓာတ်တိုးဆန့်ကျင်မှုစံနှုန်း (ORAC) ကို သတ်မှတ်ပြီး ဘယ်အသီးအနှံ၊ ဘယ်အစားအသောက်က ဓာတ်တိုးပစ္စည်း ဆန့် ကျင်မှုများတယ်၊ နည်းတယ်ဆိုတာ နှိုင်းယှဉ်ဖော်ပြလေ့ရှိပါတယ်။ ORAC  ရဲ့အရှည်က Oxygen Radical Absorbance Capacityပါ။ ORAC များ လေ၊ ကောင်းလေပေါ့။ORAC များများ ပါတဲ့ အသီးအနှံစားလေလေ၊ အရေပြား ပျက်စီးမှုနည်းပြီး အရွယ်တင်လေလေပါ။

Q. ဟင်းသီးဟင်းရွက်တွေရဲ့ ကျန်းမာ ရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ရှင်းပြပေးပါ ဆရာ။
အသီးအနှံတွေရဲ့ ကောင်းကျိုးကို ပြောရရင် ကုန်နိုင်ဖွယ်တောင် မရှိပါဘူး။ ပါဝင်တဲ့အာဟာရတွေကို ခြုံငုံပြီး Phytonutrients လို့ခေါ်ပါတယ်။ ဒီအာ ဟာရတွေ ပြည့်ပြည့်၀၀ရရင် လူတွေရဲ့ အထွေထွေကျန်းမာရေးအတွက် အရမ်း ကို အကျိုးပြုပါတယ်။ နှလုံးရောဂါ၊ ကင် ဆာရောဂါစတဲ့ ရောဂါကြီးတွေကိုတောင် ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဒါကြောင့် သုတေသီတွေက ဟိုအသီးစားရင် ဟို ဟာမဖြစ်ဘူး၊ ဒီအရွက်စားရင် ဟိုဟာကို ကာကွယ်တယ်စသဖြင့် အော်နေကြတာ ပါ။ ဥပမာပေးရရင် ကြက်ဟင်းခါးသီး များများစားရင် ရင်သားကင်ဆာဖြစ်တာ အတော်နည်းဆိုပဲ။ ခါးတော့ ခါးတာပေါ့။

Q. ဟင်းသီးဟင်းရွက်တွေရဲ့ အာဟာရ တန်ဖိုးမပျက်စီးရလေအောင် ဘယ်လို စားသောက်သင့်ပါသလဲ ဆရာ။
ဟင်းသီးဟင်းရွက်တွေစားတဲ့အခါ တတ်နိုင်သမျှ အစိမ်းစားမှ အာဟာရတွေ၊ ဗီတာမင်တွေ ပြည့်ပြည့်၀၀ရမှာပါ။ ပြုတ် တာ၊ ကြော်တာ၊ ကင်တာ များများလုပ် လေ အာဟာရတန်ဖိုးလျော့သွားလေပါ။ တချို့အသီးအနှံတွေမှာ အခွံမှာမှ အာ ဟာရတွေကများတာမို့ အခွံခွာစားရင် လည်း လျော့သွားတာပါပဲ။ ပြုပြင်မွမ်းမံ တာတွေ များများလုပ်လေ၊ အာဟာရတွေ ပျက်စီးလေပါ။ တစ်ခုတော့ရှိပါတယ်။ ရေ ဒါမှမဟုတ် ဆားရည်နဲ့ သေသေချာချာ ပွတ်တိုက်ဆေးကြောဖို့တော့ လိုတာပေါ့။ အသီးအနှံတွေမှာပါလာတဲ့ ပိုးသတ်ဆေး၊ အားတိုးဆေးတွေရဲ့ အန္တရာယ်လည်း ကြောက်နေရတာမို့ပါ။

Q. ပါးရေနားရေမတွန့်အောင် ဘာတွေ စားဖို့ လိုအပ်ပါသလဲ ဆရာ။
စောစောက ပြောခဲ့သလိုပဲ၊ ငါး၊ သံ လွင်ဆီနဲ့ အသီးအနှံတွေကို အဓိကစား ပါ။ အရေပြားအတွက် အကျိုးရှိတဲ့ အမျှင်ဓာတ် (Fiber)၊ မဂ်္ဂနီဆီယမ်နဲ့ ပရိုတင်း ဓာတ်တွေက ပဲတွေမှာ ပါပါ တယ်။ ပဲပုပ်၊ ပဲပိစပ်က အရေပြားအတွက် အတော်ကောင်းတယ်။ သူ့မှာဓာတ်တိုး ပစ္စည်းဆန့်ကျင်မှုအားကောင်းတဲ့Phytoestrogen ဓာတ် ပါဝင်ပါတယ်။ ငါးစားရင်လည်း အရေပြားအတော်လန်း တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် ပင် လယ်ငါးတွေမှာ EPA နဲ့ DHA ဆိုတဲ့ အဖိုးတန်အဆီ နှစ်မျိုးပါတယ်။ ဒီအဆီ တွေက အရေပြားအတွက် အကျိုးရှိရုံ တင်မက နှလုံးရောဂါ၊ အဆစ်အမျက် ရောင်ရောဂါ (လေးဖက်နာ) စတာတွေပါ အကျိုးပြုပါတယ်။ နောက်တစ်ခုက သံလွင်ဆီ။ ကျွန် တော်တို့နိုင်ငံမှာတော့ ဒီဆီကို ဟင်းချက် ရာမှာ သိပ်မသုံးကြသေးဘူး။ ဈေးပေါပေါ စားအုန်းဆီပဲ အဓိက သုံးနေကြဆဲပါ။ အ ရှေ့အလယ်ပိုင်းနိုင်ငံတွေကတော့ သံ လွင်ဆီကိုပဲ ပင်တိုင်အသုံးပြုကြပါတယ်။ ဒီဆီက မပြည့်ဝတဲ့ဆီမို့ လူကို အကျိုးပြု တယ်။ ကလာပ်စည်းတွေရဲ့မျက်နှာပြင်ကို တောင့်တင်းစေတယ်။ အစားအသောက် မှာပါတဲ့ ဗီတာမင် အီးကို ခန္ဓာကိုယ်က စုပ်ယူရာမှာလည်း ကူညီတယ်။ ကိုလက် စထရောအဆီဓာတ်ကို ကျစေတဲ့အပြင် နှလုံးရောဂါဖြစ်သွားမှုကို လျော့ပါးစေပါ တယ်။

◘ ဒေါက်တာဦးကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *