ဇင့် (Zinc) ဘာကြောင့်လိုအပ်သလဲ

ဇင့်က သတ္ထုဓာတ်တစ်မျိုးဖြစ်ပြီး လသားအရွယ်၊ ကလေးဘဝနဲ့ ကိုယ်ဝန်ဆောင်ချိန်တွေမှာ အထူးလိုအပ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ အနံ့ခံအာရုံ၊ အရသာအာရုံတွေ ကောင်းစွာဖွံ့ဖြိုးဖို့ ဇင့်ကို လိုအပ်ပါတယ်။ အအေးမိ ဖျားနာ ပျောက်ဆေးတွေမှာ ပါဝင်နေကျ သတ္ထုဓာတ်တစ်မျိုးပါ။ ကိုယ်ခံစွမ်းအားကောင်းဖို့၊ အနာကျက်မြန်စေဖို့၊ ဝမ်းပျက်ဝမ်းလျှောရောဂါမဖြစ်ဖို့၊ အအေးမိဖျားနာတာ ကာကွယ်ဖို့ ဇင့်က ကူညီပါတယ်။

ဇင့် နှင့် ကိုဗစ်-၁၉ ရောဂါ

ဇင့် က ကိုဗစ် – ၁၉ ရောဂါ ကာကွယ်ရေးနဲ့ကုသရေးမှာ ထိရောက်ပါတယ်လို့ သုတေသန အခိုင်အမာ ဆိုထားတာ မရှိပါဘူး။ ကိုဗစ်-၁၉ ရောဂါ မဖြစ်အောင် ကာကွယ်ရေးအတွက် တစ်နေ့တာလိုအပ်တဲ့ ဇင့် ပမာဏထက် ပိုသောက်ဖို့ မလိုကြောင်း ဆိုထားပါတယ်။

အသက်အရွယ်အလိုက် တစ်နေ့တာ လိုအပ်သော ဇင့် ပမာဏ

မွေးစမှ ၆ လ = ၂ မီလီဂရမ် (မိခင်နို့ရည်မှာ လသားအရွယ် လိုအပ်တဲ့ ဇင့်ပမာဏ ပါဝင်ပြီးဖြစ်တာကြောင့် မွေးစမှ ၆ လအထိ တခြားအာဟာရတွေ ဖြည့်စွက်တိုက်စရာ မလိုပါဘူး)
၇ လမှ ၁ နှစ် = ၃ မီလီဂရမ်
၁ နှစ်မှ ၃ နှစ် = ၃ မီလီဂရမ်
၄ နှစ်မှ ၈ နှစ် = ၅ မီလီဂရမ်
(၄ နှစ်မှ ၈ နှစ် အတွင်း ယောက်ျားလေး၊ မိန်းကလေးတွေ အနေနဲ့ ဇင့်ကို တစ်နေ့ ၁၂ မီလီဂရမ်ထက် ပိုမသောက်ပါနဲ့)
၉ နှစ်မှ ၁၃ နှစ် = ၈ မီလီဂရမ်
(၉ နှစ်မှ ၁၃ နှစ် အတွင်း ယောက်ျားလေး၊ မိန်းကလေးတွေ အနေနဲ့ ဇင့်ကို တစ်နေ့ ၂၃ မီလီဂရမ်ထက် ပိုမသောက်ပါနဲ့)
၁၄ နှစ်မှ ၁၈ နှစ်
အမျိုးသား = ၁၁ မီလီဂရမ်
အမျိုးသမီး = ၉ မီလီဂရမ်
ကိုယ်ဝန်ဆောင်မိခင် = ၁၂ မီလီဂရမ်
နို့တိုက်မိခင် = ၁၃ မီလီဂရမ်
(၁၄ နှစ်မှ ၁၈ နှစ် အတွင်း အမျိုးသား၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ အနေနဲ့ ဇင့်ကို တစ်နေ့ ၃၄ မီလီဂရမ်ထက် ပိုမသောက်ပါနဲ့)
၁၉ နှစ်နှင့် အထက်
အမျိုးသား = ၁၁ မီလီဂရမ်
အမျိုးသမီး = ၈ မီလီဂရမ်
ကိုယ်ဝန်ဆောင်မိခင် = ၁၁ မီလီဂရမ်
နို့တိုက်မိခင် = ၁၂ မီလီဂရမ်
(၁၉ နှစ်နှင့် အထက် အမျိုးသား၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်မိခင်၊ နို့တိုက်မိခင်တွေ အနေနဲ့ ဇင့်ကို တစ်နေ့ ၄၀ မီလီဂရမ်ထက် ပိုမသောက်ပါနဲ့)

ဇင့် ပါဝင်သော စားစရာများ

ကမာကောင် (Oysters) တွေက ဇင့်ဓာတ် အရမ်းကြွယ်ဝပါတယ်။ ပင်လယ်စာ၊ ကြက်သား၊ အနီရောင်အသား၊ ပဲအမျိုးမျိုး၊ အစေ့အဆန်၊ Cereals နို့နဲ့နို့ထွက်ပစ္စည်း တွေမှာလည်း ဇင့်ပါဝင်ပါတယ်။ အသား၊ ငါးတွေမှာ ဇင့်ဓာတ်ပိုပြီး ကြွယ်ဝတာကြောင့် သက်သတ်လွတ်စားသူ (Vegetarians) တွေအနေနဲ့ ဇင့်ပါဝင်တဲ့ သက်သတ်လွတ်စားစရာတွေကို သေချာစားပေးဖို့လိုပါတယ်။ ဇင့်ဓာတ်ပိုပြီးရရှိအောင် ပဲ (Beans)၊ အစေ့အဆန် (Seeds)၊ အပင်အနှံ (Grains) တွေကို မချက်ပြုတ်ခင် နာရီအတော်ကြာ ရေစိမ်ထားပြီးမှ ချက်ပါ။

ဇင့် ဖြည့်စွက်ဆေး

ဇင့်ကို စားစရာတွေကနေလည်း ရရှိတာကြောင့် ဖြည့်စွက်ဆေးအနေနဲ့ မှီဝဲတဲ့အခါ ပမာဏ မလွန်စေဖို့ အရေးကြီးပါတယ်။
ဇင့် ဖြည့်စွက်ဆေးမှာ Zinc Gluconate, Zinc Sulfate, Zinc Acetate ဆိုပြီး ရှိပါတယ်။ အကုန်လုံးက ဇင့်ရဲ့ အာနိသင် တူတူပဲ ပေးမှာပါ။ Zinc Gluconate ကိုတော့ ခန္ဓာကိုယ်က ပိုပြီး စုပ်ယူနိုင်စွမ်း အားကောင်းတယ်လို့ သုတေသနတချို့က ဆိုပါတယ်။

ဇင့်က ပိုးသတ်ဆေး (Antibiotics)၊ ဆီးဆေး (Diuretics)၊ Penicillamine ဆေးတွေနဲ့ ဓာတ်ပြုနိုင်တာကြောင့် ဆေးတွေအကုန် တစ်ချိန်တည်းမှာ ရောမသောက်ပါနဲ့၊ အနည်းဆုံး ၂ နာရီခြားပြီး သောက်ရပါမယ်။

ဇင့်ချို့တဲ့ရင် ဘာဖြစ်နိုင်လဲ

ခန္ဓာကိုယ်မှာ ဇင့်သတ္ထုဓာတ်ချို့တဲ့ရင် ကိုယ်ခံအားကျတာ၊ အနာကျက်နှေးတာ၊ ဆံပင်ကျွတ်တာ၊ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုနှေးတာတွေ ဖြစ်စေပါတယ်။

လိုတာထက် ပိုမသောက်ပါနဲ့

ဇင့်ကို လိုတာထက်ပိုပြီး သောက်မိရင် ခေါင်းမူးတာ၊ အန်တာ၊ ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ ချောင်းဆိုးတာ၊ ဖျားတာ၊ ချမ်းတုန်တာ၊ နုံးချည့်တာတွေဖြစ်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း ကောင်းတဲ့ HDL ကိုလက်စထရောတွေ လျော့ကျစေနိုင်တာ၊ အရသာပျက်စေတာ၊ ကော့ပါးဓာတ်ချို့တဲ့စေတာ၊ ကိုယ်ခံအားကျတာတွေ ဖြစ်စေပါတယ်။ ဒါကြောင့် တန်ဆေး၊ လွန်ဘေးဆိုတဲ့စကားကို မမေ့ပါနဲ့။

ထူးဒါလီကိုကို (MPharm)

Post Author: Good Health Journal