သင့်ကျန်းမာရေးကဒေါင်ဒေါင်မြည်နေသေးကြောင်း သိရှိနိုင်သော လက္ခဏာ ၁၀ ခု

ကျန်းမာခြင်းက လဘ်ကြီးတစ်ပါး ဖြစ်ပါတယ်။ ကျန်းမာနေပါမှ စိတ်ပျော်ရွှင်ပြီး မိမိ လုပ်ချင်တာတွေကို စိတ်ချလက်ချ ပြုလုပ်နိုင်မှာမို့ လူတိုင်းက ကျန်းမာရေး ကောင်းမွန် တာကို လိုချင်ကြပါတယ်။
ကျန်းမာရေးကောင်းနေဖို့က အစားအသောက်ကိုချင့်ချိန်ပြီးစားတတ်ဖို့၊ အရာရာကို အကောင်းဘက် က မြင်ကြည့်တတ်ပြီး စိတ်အေးချမ်းစွာ နေတတ်ဖို့ နဲ့ လေ့ကျင့်ခန်းကို ပုံမှန် အသင့်အတင့် ပြုလုပ်နေဖို့ လိုအပ်ပါတယ်။
ဒါပေမဲ့ အများစုက အိမ်အလုပ်၊ ရုံးအလုပ်၊ မိသားစု ကိစ္စတွေနဲ့ လုံးပန်းနေကြရတဲ့ အတွက် လေ့ကျင့်ခန်း ပြုလုပ်ဖို့ အချိန် မပေးနိုင်ကြပါဘူး။
လေ့ကျင့်ခန်း မပြုလုပ်ထားတာကြောင့် သင့်ကျန်းမာရေး မကောင်းမှာစိုးရိမ်နေပါသလား။
အောက်ပါ လက္ခဏာ တွေကတော့ သင် ကျန်းမာရေးကောင်းနေသေးကြောင်းကို ဖော်ပြနေတာမို့ သင်ကိုယ်တိုင် စစ်ဆေးကြည့်ပါ။
၁ ။ ဆံပင် နှင့် လက်သည်း ခြေသည်း
သင့်ရဲ့ဆံသားက နှစ်ခွဖြစ်တာ၊ ကျိုးလွယ်တာ၊ မွဲခြောက်ခြောက်ဖြစ်တာ၊ ဆံသားခြောက်သွေ့တာနဲ့ ဆံပင်အကျွတ် များတာတွေ မရှိဘူးဆိုရင် သင့်ကျန်းမာရေးကကောင်းမွန်တယ် လို့ ဆိုရမှပါ။
လက်သည်းခြေသည်းကိုလည်း ကျွတ် ဆတ်ဆတ်ဖြစ်နေလား၊ အဖတ်တွေကွာကြနေသလား၊ မာကြောပြီး ခြောက်သွေ့နေသလား( ရေ အသောက် နည်းတဲ့ လက္ခဏာပါ) ဆိုတာကို စစ်ဆေးကြည့်ပါ။
ဒီ လက္ခဏာတွေ သင့်မှာရှိနေရင်တော့ သင့်မှာ ကျန်းမာရေး ပြဿနာရှိနေနိုင် တာမို့ လျစ်လျူ မရှုထားသင့်ပါဘူး။
၂။ မျက်စိ
ကျန်းမာစွာ အသက်ရှင်နေဖို့ မျက်လုံး တစ်စုံ ကျန်းမာဖို့ကလည်း အရေးကြီးပါတယ်။သင့်ရဲ့ ကျောက်ကပ်၊ အသည်း၊ အဆုတ်နဲ့ သွေးကြောတွေမှာ ပြဿနာရှိ မရှိ သိရှိနိုင်ဖို့ မျက်လုံးရဲ့ အဖြူရောင် အစိတ်အပိုင်းကို စစ်ဆေးရပါမယ်။ မျက်လုံး အဖြူသားက အဖြူရောင်တောက်တောက် ဒါမှမဟုတ် ကြက်ဥ အခွံအရောင် ဖြစ်နေရပါမယ်။ အဲဒီနေရာမှာ သွေးကြောတွေကို မြင်နေရမှာ မဟုတ်ရသလို ခြောက်သွေ့နေတာ၊ နီရဲနေတာ နဲ့ အဝါရောင်ဖြစ်နေတာတွေလည်း မရှိရပါဘူး။ ဒီထဲက တစ်ခုခု ရှိနေရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခု ဖြစ်နေပြီ ဖြစ်တဲ့အတွက် ဆရာဝန်နဲ့ စစ်ဆေးတိုင်ပင်ပါ။
၃။ ကျန်းမာရေးနှင့်ညီညွတ်သော BMI
BMI ဆိုတာက မိမိ အရပ်နဲ့လိုက်ပြီးကိုယ်အလေးချိန် ကိုတိုင်းတာထားတဲ့ အချိုးအစားပါ။ ကျန်းမာရေး ကောင်းသူတွေရဲ့ BMI က ၁၈.၅ မှ၂၄.၉ အတွင်းရှိနေရပါမယ်။ BMI ၁၈.၅ ထက် လျော့နည်းသူတွေက ပေါင်မပြည့်သူတွေ ဖြစ်ကြပြီး BMI ၂၅ ထက်ကျော်ပြီး ၃၀ အောက်ရှိသူတွေက အဝလွန်သူတွေ ဖြစ်ကြပါတယ်။
BMI တွက်နည်း
ကိုယ်အလေးချိန်(ပေါင်)
BMI = -————————— x ၇၀၃
အရပ်အမောင်း(လက်မ)၂
ဥပမာကိုယ်အလေးချိန် ၁၄၀ပေါင် အရပ်က ၅ပေ ၄ လက်မရှိရင်
၁၄၀
BMI = ——— x ၇၀၃ = ၂၄
၆၄ x၆၄
၄။ ကြွက်သားကျန်းမာရေး
လူတစ်ယောက် ကျန်းမာတယ် မကျန်းမာဘူးဆိုတာကို ကိုယ်အလေးချိန် တစ်မျိုးထဲနဲ့ တိုင်းတာလို့ မရနိုင်ပါဘူး။ ကိုယ်ခန္ဓာ အချိုးအစား မျှတမှုက ပိန်ပြီးသေးသွယ် တာထက် ပိုပြီးအရေးကြီးပါတယ်။ အပေါ်ပိုင်းကြီးပြီး အောက်ရှူးနေတာ၊ ပိန်ပေမယ့် ခါးမရှိပဲ ဗိုက်ပူနေတာ၊ ရှိုက်ကုန်းလေးဖြစ် နေတာကြောင့် ခါးနောက်ကျောရိုး ပြဿနာဖြစ်ပြီး အရိုးနဲ့ ကြွက်သားတွေ ပျက်စီး နိုင်ပါတယ်။
၅ ။ အိမ်သာသွားသည့် အကြိမ်ပေါင်း
သင့်ခန္ဓာကိုကိုယ်က ပုံမှန် အတိုင်း အလုပ်လုပ်နေသလားကို သိရှိနိုင်ဖို့ သင် တစ်နေ့အတွက် အိမ်သာသွားတဲ့ အကြိမ်အရေအတွက်ကို သတိထားပြီးကြည့်ဖို့လည်း လိုအပ်ပါတယ်။
သင့်ရဲ့ ဆီးအရောင်ကအဝါရောင် ဖျော့ဖျော့ ဖြစ်ရမှာဖြစ်ပြီး ဝမ်းကအရည် သွားရမှာ မဟုတ်ပါဘူး။ ဆီးအသွားများတာ၊ ဆီးအရောင်ပြောင်းတာ၊ ဝမ်းအရည်သွားတာ၊ ဝမ်းသွားတဲ့ အကြိမ် ပေါင်း များနေတာက သင့် ကျောက်ကပ် ဒါမှမဟုတ် အူမကြီးမှာ ပြဿနာတက်နေတဲ့ လက္ခဏာပါ။
၆ ။ အိပ်စက်မှု ပုံစံ
သင် အိပ်ရာဝင်အပြီး မိနစ် ၂၀ အတွင်းမှာ အိပ်မပျော်ခဲ့ရင် ဒါမှမဟုတ် အိပ်ချိန်က ၆ နာရီထက် နည်းနေရင် ဒါမှမဟုတ် ၁၀ နာရီကျော်နေရင် အိပ်စက်မှု ပုံစံ မမှန်တော့ပါဘူး။ ညအိပ်နေရင်း မကြာခဏနိုးနေတာ ဒါမှမဟုတ် အိပ်ရေးမဝပဲ အိပ်ရာကထနေရသလို ဖြစ်နေတာက အိပ်စက်မှု နဲ့ဆိုင်တဲ့ ပြဿနာကြောင့်ပါ။
အိပ်စက်မှု ပြဿနာကြောင့် ဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေတွေ ဖြစ်လာ နိုင်တာမို့ မပေါ့ဆသင့်ပါဘူး။
၇ ။ ကြံ့ခိုင်မှု အခြေအနေ
ကိုယ်ခန္ဓာ ကြံ့ခိုင်မှုရှိ မရှိဆိုတာကို စစ်ဆေးကြည့်ဖို့ကလည်း အရေးကြီးပါတယ်။ သင့် အနေနဲ့ အခက်အခဲမရှိပဲ ပုံမှန်လှုပ်ရှားမှုတွေကိုနှစ်နာရီခွဲလောက်၊ အေရိုးဗစ်လေ့ကျင့်ခန်းကို ဆယ်မိနစ်လောက် ပြုလုပ်နိုင်ရင်၊ push upလေ့ကျင့်ခန်းကို ဆက်တိုက် ဆယ်ကြိမ် ပြုလုပ်နိုင်ရင်၊ ဒူးခေါင်းဆန့်ထားပြီး သင့်လက်နဲ့ ခြေချောင်းတွေကို အခက်အခဲ မရှိပဲ ထိနိုင်ရင် သင့် ကြံ့ကြံ့ခိုင်မှုအခြေအနေက ကောင်းမွန်ပါတယ်။
၈ ။ ကိုယ်တွင်းက အနံ့ဆိုးထွက်ခြင်း
သင်က ပုံမှန် ရေချိုးနေပေမယ့် သင့် အဝတ်အစားတွေကိုလျော်ဖွတ်ပြီး ဝတ်နေပေမယ့် သင့်ခန္ဓာကိုယ်က အနံ့ဆိုးတွေ ထွက်နေရင် အနံ့အသက် ပျောက်ဆေးနဲ့ ဖုံးအုပ် နေမယ့် အစား ဆရာဝန်နဲ့သာ သွားဆွေးနွေးလိုက်ပါ။ ကိုယ်တွင်းက အနံ့ဆိုးတွေ ထွက်နေတာက ကျန်းမာရေး ပြဿနာရှိနေတာကြောင့်ပါ။
၉ ။ စွမ်းအင်အဆင့်
လူတစ်ယောက် ကျန်းမာမှု ရှိမရှိက သူ့မှာရှိတဲ့ စွမ်းအင်အဆင့်ကို ကြည့်ရှုတာနဲ့လည်း သိရှိနိုင်ပါတယ်။ ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်က တစ်နေ့တာလုံးအတွက် စွမ်းအင် အပြည့်အဝ ရှိနေပြီး သူလုပ်ရမယ့် လုပ်ရပ်အပေါ် အာရုံစူးစိုက်ကာ အကောင်းဆုံးဖြစ် အောင် လုပ်ဆောင်နိုင်ပါတယ်။
၁၀ ။ သွေးလှည့်ပတ်မှု
ကိုယ်တွင်း သွေးလှည့်ပတ်မှု ကောင်းမွန်နေတာက ကျန်းမာရေးအခြေအနေကောင်းမွန်တဲ့ လက္ခဏာပါပဲ။ သင့်သွေးကြောတွေ ကျန်းမာပြီး သွေးကြောအတွင်း သွေးခဲဖတ်တွေ၊ သွေးခဲတုံးတွေ ပိတ်ဆို့မှု မရှိဘူးဆိုရင် ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကအောက်ဆီဂျင် လုံလုံလောက်လောက် ရရှိ သွားပါမယ်။
သင့်မှာ ထုံတာကျဉ်တာ၊ ကြွက်တက် တာဒါမှမဟုတ် ခေါင်းကိုက်တာတွေ မရှိဘူးဆိုရင် သင်ရဲ့ သွေးလှည့်ပတ်မှု က ကောင်းမွန်နေတယ်ဆိုတဲ့
အဓိပ္ပာယ်ပါ။
သင်က အထက်ဖော်ပြပါတွေကို စစ်ဆေးကြည့်ပြီးလို့ အားလုံး အိုကေတယ်ဆိုရင် သင့်ကျန်းမာရေးက ဒေါင်ဒေါင်မြည်နေတုန်းပါ။
ဒါပေမယ့် ကျန်းမာရေး ဆက်လက် ကောင်းနေဖို့ ကိုယ်ကာယ လှုပ်ရှားမှုကို ပုံမှန် ပြုလုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။ အခြေအနေ မပေးလို့ အားကစားခန်းမ ကို မသွားနိုင်ရင်တောင် အိမ်ပြင် ထွက်ပြီး လမ်းလျှောက်တာ၊ ရေကူးတာမျိုးတွေကို ပြုလုပ်ပေးပါ။
အားလုံး ကျန်းမာ ချမ်းသာကြပါစေ။
○ ဒေါက်တာခင်မိုးမိုး ○

Post Author: Good Health Journal