ငှက်ပျောဖူး ဘာကြောင့်စားသင့်တာလဲ

ငှက်ပျောတစ်ပင်လုံး ဘာမှလွှင့်ပစ်စရာ မလိုလောက်အောင်ကို စားသုံးလို့ရပါတယ်။ ကျန်းမာရေးရာကောင်းကျိုးတွေလည်း ရှိတာကြောင့် စားသုံးရကျိုးလည်း နပ်မှာဖြစ်ပါတယ်။ ငှက်ပျောသီးက ကျန်းမာရေးနဲ့ ညီညွတ်သလို၊ ကိုယ်အလေးချိန် ထိန်းလိုသူတွေအတွက်လည်း အသုံးဝင်တာ သိပြီးဖြစ်မှာပါ။ အခုရေးသားမှာကတော့ ငှက်ပျောဖူးရဲ့ ကျန်းမာရေးရာ ကောင်းကျိုးတွေပဲ ဖြစ်ပါတယ်။
ပိုးသတ်အာနိသင်ရှိတယ်
ငှက်ပျောဖူးက ဘက်တီးရီးယားပိုးမွှားတွေ ပွားများတာကို တားဆီးနိုင်တဲ့ အာနိသင်ရှိလို့ အနာသန့်စင်ရာမှာ အသုံးပြုနိုင်ပါတယ်။ ကပ်ပါးပိုးတွေကို သေစေတဲ့အပြင် ငှက်ဖျားရောဂါကုသရာမှာလည်း အသုံးပြုနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ် လျော့နည်းစေတယ်
သွေးတွင်းသကြားဓာတ် မထိန်းနိုင်တဲ့ ဆီးချိုသွေးချိုရှိသူတွေအနေနဲ့ ငှက်ပျောဖူးကို အသုံးပြုနိုင်ပါတယ်။ ငှက်ပျောဖူး၊ နနွင်းမှုန့်၊ မဆလာမှုန့်နဲ့ ဆားကို ရောကျိုပြီး သောက်သုံးပါက ဆီးချိုသွေးချိုရှိသူတွေမှာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်အောင် ထိန်းနိုင်တာကို တွေ့ရ ပါတယ်။
သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်
ငှက်ပျောဖူးမှာ သံဓာတ်များစွာပါဝင်လို့ သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ သံဓာတ်က သွေးနီဥထုတ်လုပ်ရာမှာ လိုအပ်ပြီး အဆုတ်က အောက်ဆီဂျင်ကို ခန္ဓာကိုယ်အနှံ့ကို ပို့ဆောင်ရာမှာလည်း မရှိမဖြစ် လိုအပ်ပါတယ်။
ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင် ထိန်းပေးတယ်
ငှက်ပျောဖူးကို သင်စားသောက်တဲ့ နေ့စဉ် အစားအစာထဲမှာ ပါဝင်အောင် ထည့်စားပါက ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင် ထိန်းနိုင်ပါတယ်။ ငှက်ပျောဖူးမှာ အမျှင်ဓာတ်ကြွယ်ဝတာကြောင့် စားသုံးပြီးတဲ့အခါ ပြည့်ဝနေစေပါတယ်။ မကြာခဏ ဆာလောင်မှုလည်း မရှိတာကြောင့် အစာ တဇွတ်ဇွတ် စားသုံးမှုကို ဟန့်တားပြီးသားလည်း ဖြစ်စေပါတယ်။ ငှက်ပျောဖူးမှာ ကယ်လိုရီနဲ့ အဆီပါဝင်မှုနည်းပြီး ကိုလက်စထရော လုံးဝ မပါဝင်တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူတွေ စားသုံးသင့်တဲ့ အစားအစာတစ်ခုပဲဖြစ်ပါတယ်။
နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
ငှက်ပျောဖူးမှာ ကိုလက်စထရော မပါဝင်တာကြောင့် သွေးလွှတ်ကြောအတွင်း အဆီခဲပိတ်ဆို့မှု မရှိလို့ နှလုံးနဲ့ သွေးကြောတွေရဲ့ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အမျှင်ဓာတ်နဲ့ အင်တီအောက်ဆီးဒင့်တွေ များစွာပါဝင်လို့ သင်စားသုံးလိုက်တဲ့ အစားအစာထဲမှာပါဝင်တဲ့ တခြားအဆီတွေ ဓာတ်ပြုမှုမရှိအောင်လည်း ဟန့်တားပေးပါတယ်။ ဒီလိုဟန့်တားလိုက်တာကြောင့် ကိုယ်တွင်းကို အဆီတွေ မ၀င်ရောက်အောင် တားဆီး လိုက်နိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်း စေတယ်
အင်တီအောက်ဆီးဒင့်တွေ များစွာ ပါဝင်တဲ့ ငှက်ပျောဖူးကို ပုံမှန်စားသုံးတာကြောင့် ကင်ဆာဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။ အင်တီအောက်ဆီးဒင့်က ဓာတ်တိုးပစ္စည်းတွေကြောင့် ဆဲလ်တွေ ပျက်စီးပြီး ကင်ဆာအဖြစ် မကူးပြောင်းအောင် ကာကွယ်ပေးပါတယ်။
စိတ်စွမ်းအား မြှင့်တင်ပေးတယ်
စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်များတာတွေက ခန္ဓာကိုယ်မှာ မဂ္ဂနီစီယမ်ချို့တဲ့တာကြောင့်ပါ။ ငှက်ပျောဖူးမှာ မဂ္ဂနီစီယမ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ပုံမှန်စားသုံးမယ်ဆိုရင် စိတ်ကျန်းမာရေး ကောင်းမွန်စေလို့ စိတ်ရောဂါတွေ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါတယ်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *