ဇရာအိုတဲ့ လက္ခဏာတွေ တွေ့နေရပြီလား

အမြဲတမ်းပြုလုပ်နေကျ အမူအကျင့်တွေဆိုပေမယ့် ဇရာအိုမင်းမှုကို မြန်ဆန် စေတဲ့၊ အားပေးတဲ့ လုပ်ဆောင်မှုတွေ သင့်မှာရှိနေရင်တော့ ဒီနေ့ကစလို့ သတိ ထားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

နေ့စဉ် နေရောင်ကာခရင်မ် လိမ်းပါ
နေပူတဲ့အချိန်မှ မဟုတ်ပါဘူး။ ဘယ် အချိန်၊ ဘယ်ရာသီဥတုပဲဖြစ်ဖြစ် အိမ်အပြင် ထွက်တဲ့အခါ အနည်းဆုံး SPF 15 ၁၅ ဆပါတာကို အသုံးပြုပါ။ နွေရာသီမျိုးမှာတော့ အနည်းဆုံး SPF 15 ၃၀ ဆ ပါဝင်တဲ့ နေရောင်ကာခရင်မ်မျိုးကို လိမ်းသင့်ပါတယ်။ နေရောင်ကာခရင်မ်တွေက နေရောင်ခြည်မှာပါဝင်တဲ့ အရေပြားထိခိုက်မှုကို ဖြစ်စေတဲ့ ခရမ်းလွန်ရောင်ခြည် ဘီကို ကာကွယ် နိုင်ပါတယ်။ နေရောင်ကာ ခရင်မ်လိမ်းရုံနဲ့ မလုံ လောက်သေးပါဘူး။ မနက် ၁၀ နာရီကနေ ညနေ ၃ နာရီအ တွင်း နေရောင်ခြည်ထိတွေ့မှုကို လည်း တတ်နိုင်သလောက် ရှောင်ဖို့ လိုပါတယ်။

နေကာမျက်မှန်တပ်ပါ
အသားအရေကို နေရောင်ခြည်မထိအောင် ကာကွယ်သလို သင့်မျက်လုံးကိုလည်း နေရောင်ခြည်မထိအောင် ကာကွယ်ဖို့လိုပါတယ်။ နေရောင်ခြည်ကြောင့် မျက်လုံးတစ်ဝိုက်မှာရှိတဲ့ အရေပြားတွေရဲ့ တင်းရင်းမှုလျော့နည်းတာက အရေးကြောင်းတွေ ဖြစ်စေပါတယ်။ မျက်လုံးနဲ့ မျက်ဝန်းတစ် ဝိုက်မှာရှိတဲ့ အရေပြားကို နေရောင်ခြည်ဒဏ်မှ ကာကွယ်ဖို့ နေရောင်ခြည်ထဲ ထွက်တဲ့အခါ နေရောင်ကာနိုင်စွမ်းကောင်း မွန်တဲ့ နေကာမျက်မှန်တပ်ပြီးသွားလာဖို့ လိုပါတယ်။

ထီး၊ ဦးထုပ်ဆောင်းပါ
နေရောင်ခြည်ဟာ သင့် ကို အိုမင်းရင့်ရော်စေတဲ့ အဓိက ရန်သူပါ။ သင့်အသား အရေပေါ်ကို နေရောင်ခြည် တိုက်ရိုက်မကျစေဖို့ နေပူထဲ ထွက်တဲ့အခါ ထီး၊ ဦးထုပ် ဆောင်းပါ။ အင်္ကျီလက်ရှည် ဝတ်ဆင်ပါ။

ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်တာက သင့်အရေပြားအပေါ် ထိခိုက်မှုတွေ ဖြစ်စေပါတယ်။ ဆေးလိပ်က ကိုလာဂျင်ပျက်စီးမှုကို မြန်ဆန်စေပြီး အရေပြားဆီကို သွေးလှည့်ပတ်မှုကို နှေးကွေးစေပါတယ်။ သွေး လှည့်ပတ်မှု မကောင်းတာကြောင့် အရေ ပြားဆီကို အစာအာဟာရနဲ့ အောက်ဆီဂျင်ရောက်ရှိမှုလည်း နှေးကွေးသွားပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သူတွေမှာ အရေးကြောင်းတွေပေါ်လာပြီး အရွယ် မတိုင်မီ အိုမင်းမှုတွေ ဖြစ်စေတာပါ။

အရက်အလွန်အကျွံ မသောက်ပါနှင့်
အရက် အလွန်အကျွံ သောက်သုံး တာကြောင့် ခန္ဓာကိုယ်မှာ ရေဓာတ်ဆုံးရှုံး တာက အရေပြားမှာပါ ရေဓာတ်ဆုံးရှုံးမှု ကိုဖြစ်စေပါတယ်။ ရေဓာတ်ဆုံးရှုံးမှု ကြောင့် အရေပြားမှာ အရေးကြောင်းတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် အရက်က သွေးကြောတွေ ကျယ်တာ၊ ပြတ်တာ ဖြစ် စေတာကြောင့် မျက်နှာမှာ အနီစက်နဲ့ မှဲ့ ခြောက်တွေ ဖြစ်စေပါတယ်။ ဒါကြောင့် အရက်ကို အလွန်အကျွံ မသောက်သုံးမိ ဖို့ လိုပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal