လက်ပွားလေးပါတာကြောင့် ရှက်ရွံနေလား

 

တချို့ကလေးတွေမှာ မွေးရာပါ လက်ပွားအပိုလေးတွေ ပါလာတတ်တာ သင်လည်း တွေ့ဖူးမှာပါ။ လက်ပွားလေးပါတာကြောင့် သူငယ်ချင်းတွေရဲ့ လှောင်ပြောင်မှုတွေ ခံရတဲ့အခါ သူတို့တွေမှာ စိတ်ဒဏ်ရာရနိုင်ပါတယ်။ သူတို့ကိုယ် သူတို့ သိမ်ငယ်စိတ်ဝင်ပြီး လက်ချောင်းလေးကို လူရှေ့သူရှေ့ရောက်တဲ့အခါ ၀ှက်ထားတတ်ကြပါတယ်။
ဖြစ်ပွားနိုင်ခြေ
ဒီလက်ပွားလေးကို ငယ်ရွယ်စဉ်မှာပဲ ခွဲစိတ်ဖယ်ရှားနိုင်ပါတယ်။ မွေးရာပါ လက်ပွားပါတာက အယောက် ၅၀၀ ကနေ ၁၀၀၀ ကြား ကလေးတွေမှာ တစ်ယောက် တွေ့ရတတ်ပါတယ်။ ဘာကြောင့်ဖြစ်ရလဲဆိုတာကိုတော့ သေချာမသိရသေးပေမယ့် တချို့ကလေးတွေမှာတော့ မျိုးရိုးဗီဇကြောင့် ဒါမှမဟုတ် မျိုးဗီဇ ချို့ယွင်းမှုတွေကြောင့်လို့ ပညာရှင်တွေက ပြောပါတယ်။
သွင်ပြင်လက္ခဏာ
လက်ပွားလေးတွေက အများအားဖြင့် လက်တစ်ဖက်ထဲမှာ ဖြစ်တတ်ပါတယ်။ လက်သည်းနဲ့ ကပ်လျက် ဒါမှမဟုတ် လက်မနဲ့ ကပ်လျက်မှာ လက်ပွားလေးတစ်ကြောင်းပါတာကို တွေ့ရတတ်ပါတယ်။ လက်သည်းနဲ့ ကပ်လျက်မှာ လက်ပွားပါတတ်တာကို ပိုတွေ့ရတတ်ပါတယ်။ လက်ခလယ်နဲ့ကပ်လျက်မှာ လက်ပွားပါတဲ့ကလေးကတော့ အလွန်တွေ့ရခဲပါတယ်။ လက်ပွားက သူနဲ့ကပ်လျက် လက်ချောင်းထက် အရွယ်အစား ပိုပြီး သေးငယ်တတ်ပါတယ်။ ပုံမမှန်ကြီးထွားလာတတ်ပြီး တခြားလက်ချောင်းတွေလို လုပ်ဆောင်နိုင်မှု မရှိတတ်ပါ။ တချို့တွေမှာ တစ်သျှူးတွေနဲ့သာ ဖွဲ့စည်းထားတာ ကြောင့် ခွဲစိတ်ဖယ်ရှားရာမှာ ပိုမိုလွယ်ကူစေပါတယ်။ တချို့တွေမှာတော့ အရိုးနဲ့ အဆစ်တွေ ပါဝင်တာကြောင့် ခွဲစိတ်ဖယ်ရှားရာမှာ အနည်းငယ် ခက်ခဲမှုတွေ ရှိနိုင်ပါတယ်။
ဖြစ်ရသော အကြောင်းရင်း
မိခင်ရဲ့ ၀မ်းထဲမှာ သန္ဓေသားလေးရဲ့ လက်တွေက အစပိုင်းမှာ လှော်တက်နဲ့ အလားသဏ္ဌာန်တူပါတယ်။ ကိုယ်ဝန်ခြောက်ပတ် ဒါမှမဟုတ် ခုနစ်ပတ်လောက် အတွင်းရောက်မှ လက်ချောင်းလေးတွေ ခွဲထွက်လာပါတယ်။ အဲဒီလို လက်ချောင်းလေးတွေ ခွဲထွက်ချိန်မှာ တချို့ကလေးတွေမှာ ပုံမမှန်တဲ့ ဖွံ့ဖြိုးမှုကြောင့် လက်ပွားလေးတွေ ဖြစ်လာရတာပါ။ ဆေးပညာရှင်တွေက ဒီလက်ပွားလေး တွေဖြစ်လာရတဲ့ နောက်ကွယ်က အကြောင်းရင်းကို တိကျစွာ မဖော်ထုတ်နိုင်သေးပါဘူး။ မျိုးရိုးဗီဇအရ မိဘမျိုးရိုးမှာ လက်ပွားပါဖူးတဲ့သူရှိရင် ကလေးမှာလည်း ပါလာနိုင်တယ်လို့ပဲ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ လက်ပွားပိုဖြစ်နိုင်ခြေများတဲ့ လူမျိုးတွေရှိပါတယ်။ ဆေးပညာရှင်တွေရဲ့ အဆိုအရ အာဖရိကအနွယ်ဝင် အမေရိကန်နိုင်ငံသားတွေမှာ လက်ပွားဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရပါတယ်။
စစ်ဆေးဖော်ထုတ်ခြင်း
တချို့လက်ပွားလေးတွေက ကလေးငယ်ရဲ့ ခန္ဓာကိုယ်တခြားအစိတ်အပိုင်းမှာ ပုံမကျဖြစ်မှုတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။ ဒါကြောင့် ဆရာဝန်တွေအနေနဲ့ လက်ပွားပါတဲ့ ကလေးငယ်တွေကို တခြားစစ်ဆေးမှုတွေလည်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ လက်ပွားပါတဲ့ ကလေးငယ်တွေကို ငယ်ရွယ်စဉ်မှာပဲ ရောဂါရှာဖွေဖော်ထုတ်မှုတွေ ပြုလုပ်ပေးနိုင်ပါက အကောင်းဆုံးပါ။
ကုသခြင်း
လက်ပွားလေးတွေက ကလေးငယ်ကို နာကျင်မှုမပေးတာကြောင့် တချို့တွေမှာ စောစောစီးစီး မဖယ်ရှားဘဲ ထားတတ်ကြပါတယ်။ ငယ်ငယ်ရွယ်ရွယ်မှာပဲ ခွဲစိတ်ဖယ်ရှားလိုက်တာက ပိုမိုလွယ်ကူစေပါ တယ်။ တချို့ခက်ခဲနိုင်တဲ့သူတွေလည်း ရှိတတ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ်မှာပဲ ဖယ်ရှားလိုက်မယ်ဆိုရင် ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း မထိခိုက်နိုင်တော့ပါဘူး။ ခွဲစိတ်ဖယ်ရှားပြီးနောက်ပိုင်းမှာ တခြားကုသမှုတွေ လုပ်ဆောင်ဖို့ မလိုအပ်တော့ပါ။

 

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *