ကိုဗစ်ဖြစ်ပြီး ပျောက်ကင်းသူများတွင် ကျန်ရှိသည့် ရောဂါလက္ခဏာများနှင့် ဖြေရှင်းနည်း

၂၀၁၉ ဒီဇင်ဘာလဆန်းကတည်း က ကမ္ဘာ့ကပ်ရောဂါဖြစ်လာခဲ့တဲ့ COVID-19 ရောဂါနဲ့ ပြန်လည် ကောင်းမွန်သူပေါင်း သန်း ၂၀၀ ကျော် ခန့်ရှိတယ်လို့ သိရပါတယ်။ ဒီထဲက ထက်ဝက်ကျော်လောက်မှာ ကိုဗစ်ရဲ့ လက္ခဏာတွေက ခြောက်လကျော်တဲ့အ ထိ ကျန်ရှိနေတယ်လို့ လေ့လာမှုကြီးတစ်ခုအရ သိရပါတယ်။ ဒါကို Long COVID Symptom လို့ ခေါ်ပြီး မောပန်းတာ၊ အသက်ရှူမဝတာ၊ ရင်ဘတ် အောင့်တာ၊ အဆစ်အမျက်ကိုက်ခဲတာနဲ့ အနံ့အရသာပျောက်ကင်းတာလိုမျိုး လက္ခဏာတွေ ပြတတ်ပါတယ်။

ဒီလေ့လာမှုကို အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှာ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၅၇ နိုင်ငံမှ ၂၀၁၉ ဒီဇင်ဘာလမှ ၂၀၂၁ မတ်လအတွင်းက ကာကွယ်ဆေးမထိုးထားတဲ့ ကိုဗစ်လူနာပေါင်း၂၅၀၃၅၁ ယောက်ပါဝင်တယ်လို့ သိရပါတယ်။ လေ့လာမှုအရ လူကြီးရော၊ ကလေးငယ်တွေမှာပါ ကိုဗစ်ရောဂါဖြစ်ပြီး ခြောက်လကြာတဲ့အထိ Long COVID လက္ခဏာတွေ ကျန်ရှိခဲ့တယ်လို့ တွေ့ရှိခဲ့ပါတယ်။ ကိုဗစ်ကြောင့် လူနာရဲ့ ကျန်းမာရေး၊ လှုပ်ရှားမှု ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုတွေ ထိခိုက်တာကို တွေ့ရှိခဲ့ပါတယ်။

♦ Long COVID ပြဿနာ ♦

Long COVID ဖြစ်သူတွေက ကိုယ်အလေးချိန်ကျဆင်းသွားတာ၊ မောပန်းလွယ်တာ၊ အဖျားရှိတာနဲ့ နာကျင်တာတွေဖြစ်ပြီး ငါးယောက်မှာ တစ်ယောက်နှုန်းက လှုပ်ရှားနိုင်မှု လျော့သွားတယ်လို့ ဆိုပါတယ်။

၁၀ ယောက်မှာ ခြောက်ယောက်နှုန်း ကတော့ ရင်ဘတ်အောင့်နေတတ်ပြီး လူနာရဲ့ လေးပုံတစ်ပုံက အသက်ရှူရ ခက်ခဲတဲ့ပြဿနာတွေ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။ ရင်ဘတ်အောင့်တာနဲ့ နှလုံးတုန်တာတွေက လူအတော်များများမှာ ဖြစ်ပါတယ်။

ငါးယောက်မှာ တစ်ယောက်နှုန်း က အဖုအပိမ့်တွေထွက်ပြီး ဆံပင်ကျွတ်တယ်လို့ ဆိုပါတယ်။ အစာစားချင်စိတ် မရှိတာ၊ ဗိုက်နာတာ၊ ပျို့တာအန်တာနဲ့ ဝမ်းပျက်တာလိုမျိုး အစာခြေပြဿနာတွေလည်း ဖြစ်တတ်ပါတယ်။

ကိုဗစ်နဲ့ တိုက်ပွဲဖြစ်နေရတာက ရောဂါပျောက်ကင်းလို့ ပြန်ကောင်းရင်တောင်မှ မပြီးဆုံးသေးပါဘူး။ ကိုဗစ်ကို အကောင်းဆုံးကာကွယ်ဖို့အတွက်ကတော့ ကာကွယ်ဆေးထိုးတာပဲဖြစ်ပြီး ကာကွယ်ဆေးကြောင့် ရောဂါကူးစက် နှုန်း လျော့သွားနိုင်ပါတယ်။

Long COVID ပြဿနာ ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ကျွမ်းကျင်သူတွေက အဖြေရှာနေဆဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်ရဲ့လှုံ့ဆော်မှုကြောင့် ခုခံအားစနစ် တွေ အလုပ်လွန်သွားတာ၊ ရောဂါပိုးက တ ဝဲဝဲလည်ပြီး ပြန်ဖြစ်နေတာ၊ ရောဂါပြန် လည်ကူးစက်ခံရတာ ဒါမှမဟုတ် ပဋိပစ္စည်း တွေ ထုတ်လုပ်မှုများလာတာကြောင့်လို့ သုတေသီတွေက ယုံကြည်ကြပါတယ်။

♦ Long COVID ပြဿနာကို ဖြေရှင်းနည်း ♦

မောပန်းတာနဲ့ အသက်ရှူမဝတာတွေကတော့ တဖြည်းဖြည်းနဲ့ပုံမှန်အနေ အထားကို ပြန်ရောက်သွားမှာပါ။ သင့််ကို ဖိအားဖြစ်စေတဲ့အလုပ်မျိုး မလုပ်ပါနဲ့။ သင့်စွမ်းအင်အများဆုံးဖြစ်နေတဲ့အချိန်မှာ တစ်နေ့တာအတွက် အရေးကြီးဆုံး အလုပ်ကို ဦးစားပေးပြီး ပြုလုပ်ပါ။ အဆုတ်သန်မာတဲ့လေ့ကျင့်ခန်း၊ အသက် ရှူလေ့ကျင့်ခန်းနဲ့ ယောဂကျင့်စဉ်တွေ ပြုလုပ်နိုင်ပါတယ်။ သင့်ကို ပင်ပန်းနွမ်း နယ်စေပြီး ဖိအားဖြစ်စေတဲ့ လှုပ်ရှားမှုမျိုး ကိုတော့ မပြုလုပ်ပါနဲ့။

ခန္ဓာကိုယ်ကိုက်ခဲတာက ဗိုင်းရပ်စ် ကျန်ရှိနေတဲ့အတွက် ရောင်ရမ်းမှုဖြစ်စဉ် ကြောင့် ဖြစ်တာပါ။ အပူကပ်တာ၊ အအေးကပ်တာတွေ ပြုလုပ်ပေးတာနဲ့ သက်သာနိုင်ပါတယ်။

မှတ်ဉာဏ်လျော့သွားတာ၊ အာရုံ စူးစိုက်လို့ မရတာ၊ ဉာဏ်မရွှင်တာတွေက ဗိုင်းရပ်စ်ပိုးကြောင့် ဦးနှောက်ထိခိုက်သွားလို့ ဖြစ်တာပါ။ ယာယီသာဖြစ်ပြီး ဒီလိုဖြစ်နေစဉ်အတွင်း သင့်အတွက် အရေးကြီးတာတွေ လွတ်မသွားအောင် ရေးမှတ်ထားပြီး ပြုလုပ်ရပါမယ်။ မိမိအတွက် အရေးကြီးဆုံးအလုပ်ကိုသာ ဦးစားပေး ပြီးပြုလုပ်ပါ။

အနံ့အရသာပြောင်းလဲတာတွေကတော့ ၆-၈ ပတ်အတွင်း ပြန်လည် ကောင်းမွန်နိုင်ပါတယ်။ ပြင်းထန်တဲ့အနံ့ ကို ခဏခဏရှူပေးတာက မကြာခင် အနံ့ပြန်လည်ရရှိနိုင်ပါတယ်။

TIPS
♦ ကိုဗစ်ရောဂါကနေ ပြန်လည်သက်သာလာသူတွေကတော့ ဆရာဝန်နဲ့ ပြသ ပြီး ကျန်းမာရေးစစ်ဆေးမှု ပြန်လည်လုပ် ဖို့လိုအပ်ပါတယ်။
♦ အာဟာရကောင်းမွန် အောင် စားသုံးတာကလည်း ဝေဒနာ ပျောက်ကင်းနှုန်း မြန်ဆန်နိုင်ပါတယ်။

#ဒေါက်တာခင်မိုးမို
#GoodHealthJournal_851
#COVID_SPECIAL_ARTICLEs

Post Author: Good Health Journal