“ဆီးချိုသွေးချိုရောဂါဆိုတာ…ပါမောက္ခဒေါက်တာခင်စောသန်းနဲ့တွေ့ဆုံခြင်း (၄)”

ဆီးချိုရောဂါဖြစ်ရင် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အမြင်အာရုံထိခိုက်တာတွေ ဖြစ်လာတတ်တယ်ဆိုတော့ အဲဒါတွေ အကြောင်းတစ်ခုချင်းစီ ရှင်းပြပေးပါဦး။

ဆီးချိုရောဂါသမားတွေ သေဆုံးရခြင်းအကြောင်းကို ကြည့်ရင် နှလုံးရောဂါဟာ အဓိကပဲ။ ဆီးချိုသမားတစ်ဦးဟာ Heart Attack ရဖို့အတွက်၊ သွေးကြောပိတ် ရောဂါဖြစ်ဖို့အတွက် သွေးကြောပိတ်ပြီးသား Heart Attack ရပြီးသားလူတစ်ယောက်နဲ့ တန်းတူ Risk ရှိတယ်လို့ ပြောရမယ်။ သွေးချိုများတဲ့အတွက်ကြောင့် သွေးထဲမှာ ဇီဝကမ္မဖြစ်စဉ်တွေက အားလုံးဆက်စပ်နေတာပေါ့။ ကစီဓာတ်ကိုပြောင်းလဲတဲ့ဟာတွေ၊ ဟိုဘက်မှာအဆီဓာတ်ကို ပြောင်းလဲတာတွေ။ ဆီးချိုသမားတွေက သွေးကြောထဲမှာ အဆီတွေဟာ သွားကပ် လောက်အောင်ကို Dense ဖြစ်နေတာပေါ့။ အဲတော့ သွေးကြောတွေ ကျဉ်းလာတယ်၊ နှလုံးရောဂါဖြစ်လာတယ် ပေါ့။

ပိုဆိုးတာကတော့ အာရုံကြောတွေ ထိခိုက်လာတာပေါ့။

နှလုံးသွေးကြောကျဥ်းရင် လူတွေကသိတယ်။ ရင်ဘတ်ထဲက အောင့်လာတယ်။ ဒါ Warning Sign ပေါ့။ အာရုံကြောလေးတွေကို ထိခိုက်တဲ့ အခါကျတော့ သူတို့က နာလို့နာမှန်း မသိတော့ဘူး။ံHeart Attack ဖြစ်လို့ဖြစ်မှန်းမသိဘဲ နှလုံးကြောင့်မောလာ တော့ မှ Heart Attack ဖြစ်ပြီးတာ သိတယ်။ အသိနောက်ကျတာတွေ ဖြစ်နိုင်တယ်။ ဆီးချိုနဲ့ပတ်သက်တဲ့ ကုထုံးတွေမှာဆိုရင် နှလုံးအတွက် safe ဖြစ်တယ်ဆိုတဲ့ စကားကို အရမ်းရှေ့တန်း တင်တာကို တွေ့ရတယ်။ ဆီးချိုကို ကုသတဲ့ဆေးထဲမှာကိုက နှလုံးကို ကာကွယ်တဲ့ ဆေးမျိုးဆိုရင် ပိုပြီးတော့ နာမည်ရတယ်။ ဘာလို့လဲဆိုတော့ ဆီးချိုသမားတွေမှာ နှလုံးဟာ တော်တော်ကြီး ဒုက္ခပေးတဲ့ ရောဂါကြီးဖြစ်နေတယ်။

နောက်ရောဂါတခုကတော့ လေဖြတ်တာ။ မြန်မာနိုင်ငံမှာ တစ်ရက်တစ်ရက် ဆေးရုံတက်လာတဲ့ လူနာတွေကို ကြည့်မယ်ဆိုရင် Non-Communicable Disease လို့ခေါ်တဲ့ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါပေါ့။ လေဖြတ်တာတွေ၊ နှလုံးသွေးကြောပိတ် တာတွေ၊ နှလုံးကြောင့် မောပြီးရောက် လာတာတွေ၊ ကျောက်ကပ်ပျက်စီးပြီး ရောက်လာတဲ့သူတွေ အဲလိုရောဂါတွေက ပိုများလာတယ်။ တစ်ရက်တစ်ရက် လေဖြတ်ပြီး ရောက်လာတာက ၁၁၅ ယောက်ကနေ ၁၅ ယောက်အထိရှိတယ်။ ကြည့်လိုက်ရင် ဆီးချိုရောဂါကြောင့်လို့ စာရင်းဝင်ချင်မှ ၀င်မယ်။

သူတို့က လေဖြတ်တယ်ဆိုတဲ့ စာရင်းထဲ ၀င်သွားတာပေါ့။ ဒါပေမယ့် တကယ်က အဲ့လူတွေ လေဖြတ်ပြီးရောက်လာတာ ဘာလို့လဲဆိုတော့ ဆီးချိုရယ်၊ သွေးတိုး ရယ်၊ သွေးထဲမှာ အဆီများတာရယ် ဒီသုံမျိုးသာ ထိထိမိမိကုလိုက်ရင် တစ်ရက်တစ်ရက်လေဖြတ်တာ၊ နှလုံး သွေးကြောပိတ်တာတွေကို လျော့ချလို့ရ တယ်။ ဒီရောဂါတွေကို တော်တော်လေး ဂရုစိုက်ပြီး ကုသဖို့လိုနေပြီ။ NCD ရဲ့ဖြစ်နှုန်းတွေကို လျော့ချဖို့လိုနေပြီဆိုတာ တော်တော်လေး သိသာနေပါပြီ။ ဦး နှောက်က သွေးကြောပိတ်တဲ့အခါ လေဖြတ်တာပေါ့။ လေဖြတ်တယ်ဆိုရင် နိုင်ငံမှာလည်း အဲဒီလူရဲ့လုပ်အား ဆုံးရှုံးတယ်။ အဲဒီလူကို ပြုစုဖို့ မိသားစုတွေရဲ့ လုပ်အားထက်ဆုံးရှုံးတယ်၊ ငွေကြေးထပ် ဆုံးရှုံးတယ်။ နိုင်ငံမှာလည်း အများကြီး Burden ဖြစ်တယ်ဆိုတော့ လေဖြတ်တာ ကို တော်တော်လေး လျော့ချဖို့လိုတယ်။ ဒါတွေအတွက်က ဆီးချိုတို့၊ သွေးတိုးတို့ ကို သေချာကုရမယ်။

နောက်ထပ်အရေးကြီးတဲ့ရောဂါကတော့ ခြေထောက်သွေး ကြောကျဉ်းတဲ့ရောဂါပေါ့။

လူတစ်ယောက်က ဆီးချိုကြောင့် ဘာမဟုတ်တဲ့ အနာလေးသေးသေးလေးကနေ ဖြတ်ရမယ်၊ ခြေသည်းညှပ်လိုက်တာလေး၊ ဆူးလေးစူးလိုက်တာလေး၊ နေပူထဲသွားလို့ အပူလောင်တာကနေ ဆီးချိုသမား တစ်ယောက်ဟာ အနာကြီးကြီးမားမား ဖြစ်ပြီး ဖြတ်ရလောက်တဲ့အထိ ဖြစ်သွားနိုင်တယ်။ ဒါတွေက မဖြစ်သင့်တဲ့အရာ။ ကိုယ်လက်အင်္ဂါဆုံးရှုံးတယ်ဆိုတာ လူတ ယောက်ဟာ ဘ၀မှာတော်တော်လေးကို ဆုံးရှုံးသွားပြီ။ သူ့မိသားစုမှာလည်း တော် တော်ကြီးကို တာဝန်တွေ ပိသွားပြီဆိုတော့ ဒါတွေက ကာကွယ်လို့ရတာတွေ ဖြစ်တဲ့အတွက် နောက်ဆက်တွဲကို ဒါတွေ မဖြစ်အောင် ဆီးချိုသွေးချိုကို သေချာ ကုဖို့ လိုတယ်ဆိုတာ ပြောချင်တယ်။

 

ဒါတွေပဲလားဆိုတော့ မကဘူး။ မျက်စိ တချို့ဆိုရင် မျက်စိဆေးရုံကနေပြန်လွှဲ တာ။ သူတို့ဆီးချိုရှိမှန်းမသိဘူး။ မျက်စိမ မြင်ဘူး။ မျက်စိဗြုန်းကနဲ ကွယ်သွား တယ်။ ဒါမှမဟုတ် မျက်စိတအားဝါးလာ တယ်။ အဲဒါကြောင့် သွားပြတယ်။ ဒီတော့မှ ဟိုဘက်ကနေ သွေးချိုရှိတယ် ဆိုပြီး ဆရာမတို့ဆီကို ပြန်လွှဲတာပေါ့။ ဒါကြောင့်မို့ စောစောစီးစီးကသာသိရင် တချိန်တုန်းကတော့ Infection ခေါ်တဲ့ မျက်ခမ်းစပ်ရောဂါတွေဟာ ဆရာမတို့ရဲ့ အမြင်အာရုံကိုထိခိုက်တာ မျိုးဖြစ်တယ်။ ဆီးချိုရောဂါကလည်း အမြင်အာရုံကို ထိခိုက်ဆုံးရှုံးစေတဲ့ထဲမှာလည်း ထိပ်ရောက်လာတာပေါ့။ သူက အမြင်လွှာတွေကို သွားထိခိုက်တယ်။ အဲ့အချိန်မှာ စစချင်းဖြစ်တဲ့ဟာတွေက အမြင်အာရုံကို အဲလောက်ကြီး မထိခိုက်သေးဘူး။ သူ့အမြင်လွှာကို စထိခိုက်နေပြီဆိုတာ မသိသေးဘူးပေါ့။

လူနာက မသိနိုင်ဘူး။ ဆရာမတို့ ဆေး (၁)၊ ဆေး (၂)၊ ဆေးမန်းမှာ ဆီးချိုရောဂါနဲ့ ဟော်မုန်းရောဂါဌာနတွေ ဖွင့်လှစ်ပြီးတော့ ဒီမြင်လွှာမှာဆီးချိုနဲ့ပတ် သက်ပြီး ပြောင်းလဲမှုတွေရှိ၊ မရှိ screening ပေါ့ အဲဒါတွေ လုပ်ပေးနေပါတယ်။ အဲလိုလုပ်ပေးတဲ့အတွက် အရင်တုန်းကတော့ မျက်စိဆေးရုံကို လွှတ်ဖို့အတွက်ကျတော့ လူနာတွေက ဆေးရုံကို လွှတ်ရင် တန်းမသွားဘူး။ ဆရာမတို့က ဒီမှာ Retina Photo နဲ့ screening လုပ်လိုက်တော့ နည်းနည်း အချိန်ကုန်သက်သာတာပေါ့။ သူ့ရဲ့ ရောဂါအနည်းအများအလိုက် ကုသမှုကို လုပ်ပေးနိုင်တယ်။ တခါ result ကို လက်တွေ့ပြပြီးတော့မှ မျက်စိရောဂါဆေးရုံကြီးကိုလည်း သွားပြဖို့ပြောရင် သူတို့လည်းလက်ခံတာပေါ့။ ဒီလိုမျိုး မျက်စိနဲ့ပတ်သက်လို့ စစ်ဆေးမှုတွေ၊ ကုသမှုတွေကလည်း အရေးကြီးတယ်။

အဲဒါအပြင် နောက်ထပ်ထိခိုက်တာကတော့ ကျောက်ကပ်။ ဆီးချိုရောဂါကြာလာတာ နဲ့အမျှ ဆီးချိုသေချာမထိန်းနိုင်ဘူးဆိုရင် ထိခိုက်တဲ့ထဲမှာ ကျောက်ကပ်လည်းပါတယ်။ ပထမပိုင်းကတော့ သွေးကြော လေးတွေ ထူလာတဲ့အခါမှာ ကျောက်ကပ်ရဲ့ pores လေးတွေမှာ ပရိုတင်းတွေကို ပြန်မစုပ်နိုင်တော့ဘူး။

အဲ့အတွက်ကြောင့် ဆီးထဲမှာ အသားဓာတ် ပါလာတယ်။ ကျောက်ကပ်ရောဂါ၊ ဆီးချို ကိုယ်တွေ့တဲ့အချိန်မှာ သူ့မှာ ဆီးချိုရောဂါရှိတာ ဘယ်လောက်မှန်း မသိဘူး။ ဆီးချိုရောဂါ အမျိုးအစား (၂) မှာဆိုရင် ကျောက်ကပ်က ဘယ်လိုနေလဲ ဆိုတာ စစ်ပေးရတယ်။ နှစ်စဉ်လည်း ဆီးထဲမှာ အသားဓာတ်ပါဝင်မှုကို စစ်ခြင်း အားဖြင့် ကျောက်ကပ်ဘယ်လိုနေလဲ ဆိုတာ သိနိုင်တယ်။

ဒါကြောင့်မို့လို့ ဆီးချိုရောဂါသည်တစ်ယောက်သည် ဆရာဝန်ကပေးတဲ့ ဆီးချိုရောဂါဆေးလေးကို ပုံမှန်သောက်နေရုံနဲ့ မပြီးဘူး။ ဆရာမ စောကပြောခဲ့သလို တကိုယ်လုံးမှာ ထိခိုက်နိုင်စရာတွေ အများကြီးပဲ။ အဲဒါကြောင့် အမြဲတမ်း ဆရာဝန်နဲ့ ပြနေပြီး သူတို့ရဲ့ ကျောက်ကပ်တွေ၊ နှလုံးတွေ၊ မျက်စိတွေ၊ ခြေထောက်တွေကို ပုံမှန်စစ်ဆေးနေရမယ်။ နောက်ပြီးတော့ လိုအပ်သလို ကုသမှုတွေ၊ ဆေးတွေကို ပြန်ညှိပြီး အတိုးအလျော့လုပ်တာတွေ၊ ကုသမှုထပ်ထည့်တာတွေ ဆရာဝန်က လုပ်ပေးမှာမို့လို့ လူနာကိုယ်တိုင်ကလည်း စိတ်ပါဝင်စားပြီး Self-motivation, Self-management နဲ့ပါဝင်ဖို့ကလည်း အရေးကြီးတယ်။ ဆရာဝန်ကို မှန်မှန်ပြရမယ်၊ မှန်မှန် စစ်ဆေးရမယ် ဆိုတဲ့ အသိစိတ်ကလည်း အရေးကြီးတယ်။

.

.

ဆက်လက်ဖော်ပြပါမည်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *