ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်တဲ့ အိမ်တွင်းရှိပစ္စည်းတချို့

 

အိမ်တွင်းမှာရှိတဲ့ တချို့ပစ္စည်းတွေက ကျန်းမာရေးအတွက် အသုံးပြုနိုင်တယ်ဆိုတာ အမှုမဲ့အမှတ်မဲ့နဲ့မို့ ဗဟုသုတတွေ ရှာမဖတ်ထားမိရင် မသိနိုင်ပါဘူး။ ဥပမာ – ခဲတံ တစ်ချောင်းက ကျန်းမာရေးအတွက် အထောက်အကူပြု အသုံးပြုနိုင်တယ်ဆိုတာ အများစုက တော်ရုံနဲ့ မသိနိုင်ပါဘူး။ တင်းနစ်ဘောလုံးတစ်လုံးကလည်း သွေးတိုးရောဂါရှိသူတွေအတွက် အထောက်အကူပြုနိုင်တယ်ဆိုတာလည်း သိသူနည်းပါလိမ့်မယ်။

ပီကေ
ရင်ပူတာကို သက်သာစေတယ်
အင်္ဂလန်မှသုတေသီတွေရဲ့ လေ့ လာမှုတစ်ခုမှာ ရင်ပူတာကို ဆိုးဆိုးရွားရွားခံစားရတဲ့GERD နဲ့ အစာမျိုပြွန်ထဲက အစာနဲ့အက်စစ်တွေ ပြန်ဆန်တက် တဲ့ စားချဉ့်ပြန်ရောဂါ ခံစားနေရသူတွေကို အစာစားပြီးတဲ့အခါတိုင်း ပီကေကို နာရီ ဝက်ကြာဝါးခိုင်းပြီး လေ့လာခဲ့ရာမှာ အက်စစ်ထွက်တဲ့နှုန်းနည်းသွားပြီး ရင်ပူတာသက်သာသွားတာကို တွေ့ရတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ပီကေဝါးတဲ့အခါ ထွက်လာတဲ့ တံတွေးတွေက ဓာတ်ပြယ်စေနိုင်သလို အစာမျိုချမှုနှုန်းကိုလည်း မြန်ဆန်စေတာကြောင့်ပါ။

ခဲတံ
ခေါင်းကိုက်တာ မဖြစ်အောင် ကာကွယ် ပေးတယ်
တစ်နေ့တာ အလုပ်တွေလုပ်ပြီးတဲ့ အခါ ခေါင်းကိုက်ကျန်နေတတ်ပါတယ်။ အလုပ်ထဲမှာ အာရုံစူးစိုက်တာများတဲ့အခါ ဒါမှမဟုတ် စိတ်ဖိစီးမှုများတဲ့အခါတွေမှာ အံကြိတ်ထားတာ၊ မျက်မှောင်ကြုတ်တာ စတာတွေက သူ့လိုလိုဖြစ်သွားတတ်ပါတယ်။ အဲဒီအခါ မေးရိုးနဲ့ မျက်နှာအ ကြောတွေ တင်းမာပြီး ခေါင်းကိုက်တာ ဖြစ်လာပါတယ်။ ဒါတွေကို ပျောက်စေဖို့ဆိုရင် ခဲတံကို အပေါ်သွားနဲ့ အောက်သွားကြားထားပြီး မကိုက်ဘဲ ထိန်းထားပေးပါ။ တစ်နာရီခြားပြီး နှစ်ကြိမ်လောက်ဆက်တိုက် ပြုလုပ်ပေးပါ။

ဆံပင်လေမှုတ်စက်
အအေးမိဝေဒနာတွေကို သက်သာစေတယ်
အအေးမိဝေဒနာ ခံစားနေရသူတွေအနေနဲ့ သာမန်အခန်းအတွင်းမှာရှိတဲ့ လေကိုရှူတာထက်စာရင် လေပူတွေကို ရှူသွင်းပါက အအေးမိလက္ခဏာတွေ တစ်ဝက်လောက်အထိ လျော့ကျသွားနိုင်တယ်လို့ သိရပါတယ်။ လေပူကို ရှူသွင်းတာက နှာခေါင်းအတွင်းမှာရှိတဲ့ ဗိုင်းရပ်စ်ပိုးတွေကို သတ်ရာမှာ ကူညီပေးပါတယ်။ ဆံပင်လေမှုတ်စက်ကို လေအပူကြီး နံပါတ်အမြင့်ဆုံးအထိမတင်ဘဲ လေခပ်နွေးနွေးထွက်အောင်ဖွင့်ကာ မျက်နှာကနေ အနည်းဆုံး ၁၈ လက်မ (၄၆ စင်တီ မီတာ) လောက်ခွာထားကာ သင်ရှူနိုင်သလောက် အချိန်ဆွဲကာ ရှူပေးပါ။ အနည်းဆုံး နှစ်မိနစ်၊ သုံးမိနစ်လောက် ရှူပေး သင့်ပါတယ်။ မိနစ် ၂၀ လောက် ရှူပေးနိုင်ရင်တော့ အကောင်းဆုံးပါ။

သိုးမွေးထိုးတံ

စိတ်ဖိစီးမှုကို လျော့နည်းစေတယ်
တစ်ချောင်းထိုးဖြစ်ဖြစ်၊ နှစ်ချောင်း ထိုးဖြစ်ဖြစ် သိုးမွေးထိုးတာက သာမန်လူ တစ်ယောက်ရဲ့ နှလုံးခုန်သံကို တစ်မိနစ်မှာ ၁၁ ကြိမ်လောက် လျော့နည်းသွားစေနိုင်တာကြောင့် တရားထိုင်သလိုမျိုးပဲ စိတ်ကိုတည်ငြိမ်အေးချမ်းစေနိုင်ပါတယ်။ အာရုံစူးစိုက်မှုကိုလည်း ကောင်းမွန်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ ရှိလာတဲ့အခါ သိုးမွေးထိုးတာကို ပြုလုပ်လိုက်မယ်ဆိုရင် စိတ်ဖိစီးမှုတွေ လျော့ နည်းသွားစေပါတယ်။ ဖြစ်နိုင်ရင် စိတ်နဲ့ ခန္ဓာကိုယ်ကို ငြိမ်းချမ်းသွားစေတဲ့ တရားထိုင်တာက အကောင်းဆုံးနည်းလမ်းပါ။

တိပ်
ဆူးတွေကို ဖယ်ရှားနိုင်တယ်
အရေပြားပေါ်မှာ ဆူးတစ်ခုခု ဆူးနေပါက အဆူးဘယ်လောက်ပဲ သေးငယ်ပါစေ တိပ်ကို အသုံးပြုပြီး ဖယ်ရှားနိုင်ပါတယ်။ ဆူးရှိတဲ့နေရာပေါ်မှာ တိပ်ကပ်ပြီး အသာဖိလိုက်ပြီးမှ တဖြည်းဖြည်းချင်း ပြန်ဆွဲခွာလိုက်ပါ။ တိပ်ကို အရေပြားပေါ် ကပ်မိနေအောင်သာ ဖိကပ်ရမှာဖြစ်ပြီး ဆူးကိုအသားထဲ ပိုဝင်သွားအောင် မဖိမိဖို့ သတိပြုရပါမယ်။ ဒီနည်းနဲ့ ပြုလုပ်လိုက်မယ်ဆိုရင် ဆူးက ဘယ်လောက်ပဲ သေးငယ်နေပါစေ တိပ်မှာကပ်ပြီး ပါလာနိုင်ပါတယ်။

မုန့်လုပ်ရာမှာသုံးတဲ့ တလိမ့်တုံး
ခြေဖဝါးနာကျင်တာကို သက်သာစေ တယ်
ဖိနပ်အပါး ဒါမှမဟုတ် ဒေါက်မြင့်ဖိနပ် အမြင့်ကြီးတွေစီးပြီး မတ်တပ်ကြာကြာရပ်တာ၊ လမ်းလျှောက်တာတွေ ပြုလုပ်ပါက ခြေဖဝါး၊ နာကျင်ညောင်းညာ တတ်ပါတယ်။ ခြေဖနောင့်နဲ့ ခြေမကို ဆက်သွယ်ထားတဲ့အရွတ် ရောင်ရမ်းတာက အများစုမှာဖြစ်တတ်တဲ့ ခြေဖဝါး ပြဿနာပါ။ မုန့်လုပ်ရာမှာသုံးတဲ့ တလိမ့်တုံးကို ခြေဖဝါးပေါ်တင်ပြီး လှိမ့်ပေးတာ က ခြေဖဝါးနာကျင်တာကို သက်သာစေပါတယ်။ တီဗီကြည့်ရင် အချိန် ၅ မိနစ် လောက်ပေးပြီး ခြေဖဝါးပေါ် တလိမ့်တုံးတင် လှိမ့်ပေးနိုင်ပါတယ်။

ရေနွေးဘူး

ရာသီလာစဉ် နာကျင်ကိုက်ခဲဝေဒနာတွေ ကို သက်သာစေတယ်
ရာသီလာစဉ် နာကျင်ကိုက်ခဲတာ၊ ဆီးအိတ်ဝန်းကျင် ရောင်ရမ်းနာကျင်တာ၊ သားအိမ် ဒါမှမဟုတ် ဆီးအိတ် ကြီးမားပြီး နာကျင်တာ၊ အဲဒီနေရာတွေတစ်ဝိုက် ကို သွေးစီးဆင်းမှုလျော့နည်းပြီး နာကျင်တာ စတာတွေအတွက် ရေနွေးအိတ်ကို အသုံးပြုနိုင်ပါတယ်။ ရေနွေးထည့်ပြီး အသုံးပြုရတဲ့ ရေနွေးအိတ်တွေရှိသလို လျှပ်စစ်မီးမှာ ပလပ်ထိုး၊ ပူအောင်လုပ် ပြီးသုံးရတဲ့ လျှပ်စစ်ရေနွေးအိတ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ နာကျင်တဲ့ နေရာတွေအပေါ်ကို ရေနွေးအိတ်ကပ် ပေးမယ်ဆိုရင် သွေးစီးဆင်းမှုကောင်းပြီး နာကျင်မှုကို သက်သာစေပါတယ်။

တင်းနစ်ဘောလုံး
သွေးပေါင်ချိန် လျော့နည်းစေတယ်
တင်းနစ်ဘောလုံးကို ညှစ်သလိုမျိုး လက်လေ့ကျင့်ခန်းတွေကို ပြုလုပ်တာက သွေးတိုးရောဂါရှိသူတွေမှာ သွေးဖိအားမတက်လာအောင် ကူညီပေးပါတယ်။ သွေးတိုးလေ့ရှိသူတွေရဲ့ သွေးကြောတွေက မာကျောနေတတ်ပြီး လက်ညှစ်တဲ့ လေ့ကျင့်ခန်းပြုလုပ်တာကြောင့် သွေးကြောတွေကို ပြန်လည်ပျော့ပျောင်းစေပါ တယ်။ တင်းနစ်ဘောလုံးကိုပဲ ညှစ်လိုက်၊ ဖြေလျှော့လိုက်နဲ့ ၅ မိနစ်ကြာအောင် ပြု လုပ်ပေးပါ။ သွေးတိုးရောဂါရှိသူတွေအနေနဲ့ တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်လောက် လက်ညှစ်လေ့ကျင့်ခန်းကို ပြုလုပ်ပေးသင့်ပါတယ်။

ကင်မရာ
အရေပြားကင်ဆာရောဂါဖြစ်ပွားနှုန်းကို လျှော့ချပေးတယ်
သင်က ဓာတ်ပုံ မကြာခဏ ရိုက် လေ့ရှိသူတစ်ယောက်ဖြစ်မယ်ဆိုရင် အရင်က ရိုက်ထားဖူးတဲ့ဓာတ်ပုံတွေနဲ့ အမြဲပြန်ပြီး နှိုင်းယှဉ်ကြည့်ပေးပါ။ ဒါမှသာ အရေပြား အရောင်ပြောင်းလဲမှု ရှိ၊ မရှိ၊ မှဲ့တွေပြောင်းလဲမှု ရှိ၊ မရှိ သိနိုင်မှာပါ။ သင်က ဓာတ်ပုံရိုက်လေ့ မရှိဘူးဆိုရင် တောင် သုံးလတစ်ကြိမ်လောက်တော့ ဓာတ်ပုံရိုက်ကြည့်ဖို့ မမေ့ပါနဲ့။ စတူရီယို ကို သီးသန့်သွားပြီး ဓာတ်ပုံရိုက်ဖို့က တကူးတကဖြစ်နေမယ်ဆိုရင် ဖုန်းကင်မရာ နဲ့လည်း အလွယ်တကူ ဓာတ်ပုံရိုက်နိုင်ပါတယ်။ ဓာတ်ပုံတွေကို နှိုင်းယှဉ်ကြည့်တဲ့ အခါ မှဲ့တွေ ပုံမှန်ဟုတ်၊ မဟုတ်၊ သေချာစွာ ကြည့်ပေးဖို့ လိုပါတယ်။ မှဲ့တွေ၊ အရေပြားအရောင်တွေ ပြောင်းလဲမှု ရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှုတွေ လုပ်ဖို့လိုအပ်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

Post Author: Good Health Journal