လူအများကြားမှာသိသာပြီး ဆွဲဆောင်မှုရှိတဲ့ ကိုယ်နေဟန်ထားရှိဖို့ဆိုရင်

ခန္ဓာကိုယ်အနေအထား ပုံစံကျနစွာ နေထိုင်တတ်တာက ခါးနာတာကင်းစေရုံမကဘဲ လူအများရဲ့အာရုံစိုက်ခံရလောက်အောင် ဆွဲဆောင် မှုရှိသူတစ်ဦးလည်း ဖြစ်စေပါတယ်။

ထိုင်နေတဲ့အခါ ကြည့်ကောင်းဖို့ဆိုရင်
ထိုင်ခုံမှာ၊ သင့်လုပ်ငန်းခွင်ထဲမှာ ထိုင်ပြီး အလုပ်လုပ်တဲ့အခါ ခါးကိုဆန့်ထားပြီး သင့်ခန္ဓာကိုယ်က ၉၀ ဒီဂရီ ထောင့်မှန်ကျအောင် ထိုင်သင့်ပါတယ်။ ခါးကိုဆန့်တန်းထားပြီး နောက်ကျောကို ဖြောင့်မတ်နေစေဖို့လိုပါတယ်။ ဒါမှ မကြာခဏဆိုသလိုဖြစ်တတ်တဲ့ ခါးနာ ကျင်တာနဲ့ နောက်ကျောနာကျင်မှုတွေကို ကင်းဝေးစေမှာပဲဖြစ်ပါတယ်။ အချိန်ကြာ ကြာထိုင်တာကြောင့် သင့်နောက်ကျောရိုး မှာ ဒဏ်ဖြစ်စေနိုင်တဲ့အတွက် အနားယူပေးဖို့လည်း လိုအပ်ပါတယ်။ ထိုင်နေတဲ့ အချိန်တစ်နာရီလောက်ကြာပြီဆိုရင် ငါး မိနစ်လောက်တော့ လမ်းထလျှောက်ပေးပါ။ ဒါမှမဟုတ် ထိုင်ခုံမှာပဲ ဆွဲဆန့်လေ့ကျင့်ခန်းမျိုးတွေကို ပြုလုပ်ပေးပါ။ ဒါမှ သင့်ကျောရိုးအတွက် လုံလောက်တဲ့အနားယူမှုကို ရရှိစေမှာ ဖြစ်ပါတယ်။
မတ်တတ်ရပ်တဲ့အခါ ကြည့်ကောင်းဖို့ ဆိုရင်
လမ်းလျှောက်တဲ့ပုံစံမှန်ကန်စေဖို့ ကလေးငယ်ဘဝကတည်းက အလေ့အကျင့်ကောင်းတွေရှိနေဖို့ လိုအပ်ပါတယ်။ လူအများစုက လမ်းလျှောက်တဲ့ပုံစံ၊ အိပ် စက်တဲ့ပုံစံနဲ့ မတ်တတ်ရပ်မှုပုံစံတွေ မှားယွင်းနေတတ်ကြပါတယ်။ ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်တယ်ဆိုရာမှာ မှန်ကန်မှုရှိမှသာ သင်ဟာစမတ်ကျ ပြီး လူအများကြားမှာ ဆွဲဆောင်မှုရှိနေ မှာဖြစ်ပါတယ်။ သင့်ခြေထောက်အစုံဟာ သင့်ခန္ဓာကိုယ်ကို အကောင်းဆုံးအ ထောက်အပံ့ပေးနိုင်ဖို့လိုအပ်ပါတယ်။ သင့်ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးက သင့်ခြေထောက်ပေါ်မှာ မှီခိုနေရမှာဖြစ်တဲ့အတွက် သင့်ခြေထောက်လျှောက် လှမ်းမှုပုံစံက အဓိကကျလှပါတယ်။ ခါးကိုမတ်၊ ရင်ကိုဖွင့်ပြီး လမ်းကိုတစ်ဖြောင့်တည်း လျှောက်ပေးပါ။ မတ်တတ်ရပ်ချိန်မှာ ခြေထောက်နှစ်ဖက်ကို အနည်းငယ်ခွာရပ်ပြီး သင့်ခန္ဓာကိုယ်တစ်ခုလုံးက သင့်ခြေထောက်ပေါ်မှာ သက်သောင့်သက်သာအနေအထားနဲ့ ရှိနေဖို့လိုပါတယ်။
ကိုယ့်အနေအထား ကိုယ်သိဖို့ဆိုရင်
သင့်ခန္ဓာကိုယ် အချိုးအစား ပုံစံကျ နမှု ရှိ၊ မရှိကို သင်ကိုယ်တိုင်နားလည် နိုင်ဖို့အတွက်လိုအပ်ပါတယ်။ လူဆိုတာ တစ်နေရာတည်းမှာ တစ်သမတ်တည်း နေတာမျိုးမဟုတ်တဲ့အတွက် သင့်ပြုမူ လှုပ်ရှားမှုတိုင်းက မှန်ကန်တဲ့အနေအ ထားရှိနေရဲ့လားဆိုတာ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးကြည့်ဖို့လိုပါတယ်။ ကားမောင်း ချိန်၊ ထိုင်ချိန်၊ မတ်တတ်ထချိန်၊ လှုပ်ရှား နေချိန်၊ လမ်းလျှောက်နေချိန် စတာတွေ မှာ သင့်ခန္ဓာကိုယ်က တိုင်တစ်တိုင်လို ဖြောင့်တန်းနေစေဖို့ နံရံမှာ ကျောကပ်မှီ ပြီးလေ့ကျင့်ပေးပါ။ သင်က ခါးကိုင်း တတ်တဲ့အကျင့်ရှိနေတယ်ဆိုရင်တော့ ကျောမှီလိုက်တဲ့အချိန်မှာ အနည်းငယ် နာကျင်မှုကို ခံစားရပါလိမ့်မယ်။ ဒါဆိုရင် တော့ သင်ရဲ့ခါးနေရာကို ဆန့်တန်းဖို့လို နေပြီဆိုတာ သိနိုင်ပါတယ်။
ထိုင်တဲ့အခါ သတိထားမိဖို့ဆိုရင်
သင်က ထိုင်ခုံတစ်လုံးပေါ်မှာ အချိန်ကြာကြာထိုင်နေမယ်ဆိုရင်တော့ ခါးနေရာကို ဆန့်တန်းထားရုံနဲ့ မပြီးပါဘူး။ သင့်နောက်ကျောက ထိုင်ခုံနောက်မှီမှာ သက်သောင့်သက်သာနဲ့ မှီနေနိုင်ဖို့ လိုအပ်ပါသေးတယ်။ မဟုတ်ရင်တော့ ကြာလာတဲ့အခါမှာ သင့် နောက်ကျောရိုးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေပါတယ်။ လူအများစုဟာ ထိုင်ခုံမှာ ထိုင်နေတဲ့အချိန် ခန္ဓာကိုယ်အနေအထား မှန်ကန်မှုရှိစေဖို့ထက် ကိုယ်အဆင်ပြေသလိုပဲ ထိုင်လေ့ရှိကြပါတယ်။ တစ်ခါတလေ သင့်အတွက် သက်သောင့်သက်သာရှိတယ်လို့ ထင်တဲ့ နေထိုင်မှုပုံစံက အချိန်ကြာလာချိန်မှာ သင့်ပခုံး၊ နောက်ကျောနဲ့ ကျောရိုးမကြီးတွေကို ဝန်ထုပ်ဝန်ပိုးဖြစ်လာစေပါတယ်။
အိပ်စက်တဲ့အခါ သတိထားဖို့ဆိုရင်
လူတစ်ယောက်ဟာ တစ်နေ့တာအတွက်အိပ်စက်ချိန် ၈ နာရီလိုအပ်ပါတယ်။ ဒီ ၈ နာရီလုံး အိပ်စက်နေချိန်မှာ မှန်ကန်တဲ့ အိပ်စက်မှုပုံစံကလည်း အရေးပါလှပါတယ်။ မှန်ကန်တဲ့ အိပ်စက်မှုပုံစံမရှိဘူး ဆိုရင် ကြွက်သားတွေကို ထိခိုက်လာနိုင်ပါတယ်။ တကယ်တော့ အိပ်စက်ပြီးလို့ နိုးထလာချိန်မှာ သင်ကြွက်သားတွေကပါ သက်သောင့်သက်သာဖြစ်နေပြီး အနားရနေဖို့ လိုအပ်ပါတယ်။ မှန်ကန်တဲ့ အိပ် စက်မှုပုံစံဖြစ်စေဖို့အတွက် ပက်လက်အိပ်တတ်သူဆိုရင် တံကောက်ကွေးအောက်မှာ ခေါင်းအုံးတစ်လုံးခုထား သင့်ပြီး၊ ဘေးစောင်းအိပ်တတ်သူဆိုရင်တော့ ဒူးနှစ်ခုကြားမှာ ခေါင်းအုံးခုအိပ်ပါ။ သင့်နောက်ကျောကို အကောင်းဆုံးထောက်ပံ့ပေးနိုင်မယ့် အိပ်ရာအနေအထားဖြစ်ဖို့လည်း အရေးကြီးပါတယ်။ အဖုအထစ်တွေဖြစ်နေတဲ့ အောက်ခံအခင်းတွေကြောင့် သင့်နောက်ကျောကို နာကျင်မှုဖြစ်စေပါတယ်။
ပိန်သွယ်တယ်လို့ ထင်မြင်စေဖို့ဆိုရင်
လမ်းလျှောက်ချိန်မှာပဲဖြစ်စေ၊ ထိုင်နေချိန်မှာပဲဖြစ်စေ ဝမ်းဗိုက်ကိုရှပ်ထားတဲ့အအလေ့အကျင့် ရှိနေဖို့လိုပါတယ်။ ဝမ်းဗိုက်နေရာက ကြွက်သားတွေကို လျှပ်ထားလိုက်တာကြောင့် တော်ရုံနဲ့ သင့်ကို ဗိုက်ပူသူလို့ မထင်ရတော့ဘဲ ပိန်သွယ်တယ်လို့ ထင်ရစေပါတယ်။ ဝမ်းဗိုက်ကို လျှပ်ထားချိန်မှာ လူအများစုဟာ အသက်ရှူဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ဒါဟာလည်း ကျန်းမာ ရေးအတွက် မလုပ်သင့်တဲ့ လုပ်ဆောင်ချက် တစ်ခုဖြစ်ပါတယ်။ အသက်ရှူချိန်မှာ ဝမ်းဗိုက်ကို လှုပ်ရှားပြီး အသက်ရှူတတ်သူတွေအနေနဲ့ ဝမ်းဗိုက်ရှပ်ထားချိန်မှာအသက်ရှူဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ဒါကြောင့် ဝမ်းဗိုက်ရှပ်ထားပေမယ့်လည်း အသက်ရှူတာကို မေ့မနေ စေဖို့ အလေ့အကျင့်ပြုလုပ်ပေးပါ။
ကိုယ်အလေးချိန်ကို သတိထားမိဖို့ဆိုရင်
ခန္ဓာကိုယ်အနေအထားဟာ ပိန်လွန်းရင်ဖြစ်စေ၊ ဝလွန်းရင်ဖြစ်စေပြီး ပြည့်စုံမှုမရှိပါဘူး။ ခန္ဓာကိုယ်အလေးချိန် နဲ့ အရပ်အချိုးအစားကိုက်ညီမှသာ ကြည့်ကောင်းတဲ့ ခန္ဓာကိုယ်တည် ဆောက်မှုပုံစံကို ရရှိမှာဖြစ်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝတဲ့ စားသောက်မှုပုံစံနဲ့ ရှိသင့်တဲ့ခန္ဓာကိုယ်အနေအထားကို ထိန်းထားပေးဖို့ လိုပါတယ်။ သင့်ဝမ်းဗိုက်နေရာမှာ အဆီများလာတာ၊ ခါးနေ ရာမှာ အဆီများလာတာတွေ သတိထားမိတာနဲ့ လိုအပ်တဲ့လေ့ကျင့်မှုတွေ ပြုလုပ်ပြီး မူလအနေအထား ပြန်လည်ရရှိအောင် ထိန်းသိမ်းပါ။
ပခုံးအနေအထား မှန်ကန်ဖို့ဆိုရင်
အမျိုးသားအများစုဟာ ပခုံးအနေ အထားမှန်ကန်မှု နည်းတတ်ကြပါတယ်။ ပခုံးနေရာက အနည်းငယ်မြင့်နေတာ၊ အနည်းငယ်နိမ့်နေတာ၊ အနည်းငယ် ကိုင်း နေတာမျိုးတွေ တွေ့ရတတ်ပါတယ်။ ဒါကြောင့် သင့်ပခုံးအနေအထားမှန်ကန် မှုရှိ၊ မရှိကို လေ့ကျင့်ရေးနည်းပြ ဒါမှမ ဟုတ် မော်ဒယ်လ်နည်းပြတွေရဲ့ အကြံဉာဏ်ကိုယူပြီး လိုအပ်သလို ပြုပြင်ယူသင့်ပါတယ်။
မှန်ကန်တဲ့ ကိုယ်နေဟန်ထားဖြစ်ဖို့ဆိုရင်
သင့်ခန္ဓာကိုယ်အနေအထား ပိုမိုမှန်ကန်မှုရှိစေဖို့အတွက်ကတော့ လေ့ကျင့်ခန်းရဲ့ အကူအညီကို ရယူမှာဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ လမ်းညွှန်မှုတွေကို ခံယူပြီး လေ့ကျင့်ခန်းပြုလုပ်တာ၊ လေ့ကျင့်ရေးခန်းမတွေမှာ သွားရောက် လေ့ကျင့်တာနဲ့ ယောဂလေ့ကျင့်ခန်းတွေ ပြုလုပ်တာက သင့်ခန္ဓာကိုယ်အချိုးကျကျလှပနေစေဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

 

Post Author: Good Health Journal