ဂေါက်ရောဂါကို ဖြစ်စေတဲ့ တခြားရောဂါတွေ

 

     ဂေါက်ရောဂါ (Gout)က ခန္ဓာကိုယ် ရဲ့ စွန့်ပစ်ပစ္စည်းဖြစ်တဲ့ ယူရစ်အက်စစ် (Uric Acid) တွေ သွေးတွင်းမှာ များနေတာကြောင့် ဖြစ်လာတဲ့ အဆစ်ရောင် ရောဂါတစ်ခုပါ။ ခန္ဓာကိုယ်မှာ ယူရစ်အက်စစ်တွေများရတဲ့ အကြောင်းရင်း အဓိက နှစ်ချက်ရှိပါတယ်။ တစ်ချက်က ခန္ဓာကိုယ်က ယူရစ်အက်စစ် ထုတ်လုပ်မှုများတာကြောင့်ဖြစ်ပြီး နောက်တစ်ချက်ကတော့ ကျောက်ကပ်က ယူရစ်အက်စစ်စွန့်ထုတ်မှုနည်းတာကြောင့်ပါ။ သွေးထဲမှာ ပိုလျှံနေတဲ့ ယူရစ်အက်စစ်တွေက ပုံဆောင်ခဲအဖြစ်ပြောင်းလဲပြီး အဆစ်အတွင်း စုဆောင်းရာကနေ အဆစ်နာကျင်ကိုက်ခဲပြီး ဂေါက်ရောဂါဖြစ်လာရပါတယ်။

ဂေါက်ရောဂါနှင့် ကင်ဆာ
ယူရစ်အက်စစ်ထုတ်လုပ်မှုများရတာက ကင်ဆာရောဂါဝေဒနာရှင်တွေမှာ ဆဲလ်တွေကွဲတာ၊ ပွားများတာကြောင့် ဒါမှမဟုတ် ကင်ဆာဝေဒနာရှင်တွေဟာ ဓာတ်ရောင်ခြည်နဲ့ကုသမှုခံယူတဲ့အခါ ဆဲလ်တွေကွဲထွက်တာကြောင့် ခန္ဓာကိုယ်မှာ ယူရစ်အက်စစ်တွေ များလာပါတယ်။

ဂေါက်ရောဂါနှင့်ကျောက်ကပ်
ကျောက်ကပ်ရဲ့လုပ်ဆောင်မှုတွေ မကောင်းတဲ့အခါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ယူရစ်အပြင် တခြားသော စွန့်ပစ်ရမယ့် အရာတွေကို မစွန့်ထုတ်နိုင်ပါဘူး။ ဒါ ကြောင့် ကျောက်ကပ်မကောင်းတာကလည်း ဂေါက်ရောဂါကို ဖြစ်စေပါတယ်။

ဂေါက်ရောဂါနှင့် သွေးတိုး
တချို့သွေးတိုးရောဂါရှိသူတွေဟာ ကျောက်ကပ်မကောင်းတာကြောင့် သွေးတိုးရောဂါကို ခံစားနေရတတ်ပါတယ်။ ကျောက်ကပ်မကောင်းတာကြောင့် ခန္ဓာကိုယ်တွင်းမှာ ယူရစ်အက်စစ်တွေများနေပြီး ဂေါက်ရောဂါကိုပါ ခံစားရနိုင်ပါတယ်။ သွေးတိုးရောဂါရှိသူတွေမှာ ဂေါက်ရောဂါပါရှိပါက အဝလွန်တာ၊ အဆီများတာ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါတွေ ဖြစ်ပွားမှုကိုပါ အားပေးရာရောက်ပါတယ်။

ဂေါက်ရောဂါနှင့် ဆီးချိုသွေးချို
သင်ဟာ အချိုများများစားလို့ ပန်ကရိယက အင်ဆူလင်ဟော်မုန်းများများ ထုတ်ပေးလို့ဖြစ်စေ ဒါမှမဟုတ် အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါရှိသူတွေမှာ အင်ဆူလင်ဟော်မုန်းက လုပ်ဆောင်ရမယ့် လုပ်ငန်းတာဝန်ကိုမလုပ်ဆောင်ဘဲ သွေးတွင်းမှာများနေတာဖြစ်စေ ဂေါက်ရောဂါကို ဖြစ်စေပါတယ်။ ဘာကြောင့်လဲဆိုတော့ သွေးတွင်းများနေတဲ့ အင်ဆူလင်ဟော်မုန်းတွေက ကျောက်ကပ်ကနေ ယူရစ်အက်စစ်ကို မစွန့်ထုတ်စေပြီး ပြန်လည်စုပ်ယူမှုကို အားပေးတာကြောင့် သွေး တွင်းယူရစ်အက်စစ်များလာပြီး ဂေါက်ရောဂါ ကို ဖြစ်စေပါတယ်။

ဂေါက်ရောဂါနှင့် အဝလွန်ခြင်း
ဒီနေ့ခေတ်မှာ အဆင်သင့်စားလို့ရတဲ့ အစာတွေက တော်တော်လေးကို တွင်တွင်ကျယ်ကျယ် ထုတ်လုပ်ရောင်းချလာပါတယ်။ အဆင်သင့်အစာတွေ၊ ဆီကြော်စာတွေ၊ နည်းနည်းစားရုံနဲ့ ကယ်လိုရီအများကြီးရတဲ့ အစာတွေကြောင့် အဝလွန်တာတွေ ဖြစ်လာကြပါတယ်။ ဒီအစာတွေကြောင့် အဝလွန်တာနဲ့အတူ ဂေါက်ရောဂါပါ ဖြစ်လာပါတယ်။

ဂေါက်ရောဂါနှင့် သွေးဆုံးပြီးအမျိုး သမီးများ
မဟော်မုန်း အီစထရိုဂျင်က ကျောက်ကပ်ကနေ ယူရစ်အက်စစ်စွန့်ထုတ်တာကို အားပေးပါတယ်။ သွေးဆုံးပြီးအမျိုးသမီးတွေမှာ အီစထရိုဂျင်ဟော်မုန်းလျော့ နည်းသွားတာကြောင့် သွေးတွင်းမှာ ယူရစ်အက်စစ်တွေများလာပြီး ဂေါက်ရောဂါကို ဖြစ်စေပါတယ်။

ဂေါက်ရောဂါနှင့် ခဲဆိပ်
ခဲဆိပ်က ကျောက်ကပ်ရဲ့ ယူရစ်အက်စစ် စွန့်ထုတ်မှုကို နှောင့်ယှက်ဟန့်တားတာကြောင့် သွေးတွင်းယူရစ် အက်စစ်တွေများလာပြီး ဂေါက်ရောဂါထစေပါတယ်။ ဝိုင်မှာပါတဲ့ ခဲဆိပ်ကြောင့် ဝိုင်သောက်သူတွေဟာ ဂေါက်ရောဂါထတတ်ပါတယ်။ ပုစွန်ခြောက်၊ ငါးခြောက်တွေကို အရောင်လှအောင်ခဲပက် တာတွေကြောင့် စားသုံးသူတွေရဲ့ သွေး တွင်းမှာ ယူရစ်အက်စစ်များပြီး ဂေါက်ရောဂါထစေပါတယ်။

ဂေါက်ရောဂါနှင့် ဆေးလိပ်
ရောဂါတွေဖြစ်ရတဲ့အကြောင်းကိုပြောရင် ဆေးလိပ်က မပါမဖြစ်ပါပဲ။ ဆေးလိပ်က သွေးကြောတွေကို ကျဉ်းစေပါတယ်။ အထူးသဖြင့် ကျောက်ကပ် ကိုသွားတဲ့ သွေးကြောတွေကို ကျဉ်းစေတာကြောင့် ကျောက်ကပ်ကနေ ယူရစ်အက်စစ်စွန့်ထုတ်တာကို လျော့နည်းစေပြီး ဂေါက်ရောဂါကို ဖြစ်စေပါတယ်။

ဂေါက်ရောဂါနှင့် အရက်
ဂေါက်ရောဂါရှိသူအများစုဟာ အရက်၊ ဘီယာသောက်သုံးကြတာ တွေ့ ရပါတယ်။ အရက်ပြင်းသောက်သူတွေ ဟာ ဘီယာ၊ ဆေး လိပ်သောက်သူတွေထက် ဂေါက်ရောဂါ အဖြစ်များတာကို တွေ့ရပါတယ်။

ဂေါက်ရောဂါနှင့် ဆေး
တချို့ဆီးဆေးတွေက ကျောက်ကပ်ကနေ ယူရစ်အက်စစ်စွန့်ထုတ်တာ ကိုဟန့်တားတာကြောင့် ဂေါက်ရောဂါ ထစေပါတယ်။ နှလုံးသွေးကြောကျဉ်းရှိ သူတွေကို သွေးကျဲအောင်ပေးတဲ့ အက်စပရင်(Aspirin) ဆေးကလည်း ကျောက်ကပ်ကနေ ယူရစ်အက်စစ်စွန့်ထုတ်မှုကို ပိတ်ပင်တာကြောင့် ဂေါက်ရောဂါ ဖြစ်စေပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal