အပူဒဏ်ကိုတွန်းလှန်မယ့်အစားအစာများ

ပူအိုက်တဲ့ရာသီမှာ ခန္ဓာကိုယ်အေးမြဖို့ အမျိုးမျိုးကြံစည်နေကြရပါတယ်။ ကိုယ်စားတဲ့ အစားအစာကလည်း အပူဒဏ်ကို တွန်းလှန်နိုင်ပြီး အေးမြလန်းဆန်းမှုကို ပေးစွမ်းနိုင်တဲ့အစားအစာဖြစ်ဖို့ လိုပါတယ်။ အောက်ပါတို့ကတော့ ပူပြင်းတဲ့ ရာသီမှာ မှီဝဲသင့်တဲ့ အစားအသောက်တချို့ပဲ ဖြစ်ပါတယ်။

ရိုးရိုးရေ
ပူအိုက်လွန်းတဲ့အချိန်မှာ ကျွန်မတို့တစ်တွေ အငမ်းမရ သောက်မိကြတာ ရေခဲစိမ်ထားတဲ့ အချိုရည်တွေနဲ့ ရေခဲရေတွေကိုပါ။ တကယ်တော့ ရေခဲရေတွေ သောက်ပြီးပါက ခန္ဓာကိုယ်အနေနဲ့ ခန္ဓာကိုယ်ရဲ့ ပုံမှန်အပူချိန် ပြန်ရောက်ဖို့ အရမ်းကြိုးစားရပါတယ်။ ရေခဲရေတွေက သောက်သောက်ချင်းမှာ အေးမြ လန်းဆန်းစေပေမယ့် မိနစ် ၂၀ လောက် အကြာမှာတော့ ခန္ဓာကိုယ်က နဂိုအပူချိန် ပြန်ရောက်အောင် ကြိုးစားရတာကြောင့် ပိုလို့တောင် ပူအိုက်လာတတ်ပါတယ်။ ဒါကြောင့် အခန်းတွင်း အပူချိန်ရှိတဲ့ ရိုးရိုးရေကို သောက်တာ အကောင်းဆုံးပါ။ ရိုးရိုးရေထဲ ပူဒီနာအဆီ နှစ်စက်၊ သုံးစက်လောက် ချကာ သောက်ပါက မွှေးပျံ့ကာ အေးမြသွားမှာပါ။

သခွားသီး
နေ့လယ်နေ့ခင်း အဆာပြေအနေနဲ့ သခွားသီး ပေါင်မုန့်ညှပ် လုပ်စားကြည့်ပါ။ သခွားသီးမှာ ရေဓာတ်ကယ်ဝစွာ ပါဝင်တာကြောင့် ရေငတ်ပြေစေကာ ခန္ဓာကိုယ်အေးမြစေပါတယ်။ ပေါင်မုန့်ကိုတော့ ပေါင်မုန့်ဖြူ အစား ကောက်နှံတွေနဲ့ အမျှင်ဓာတ်များတဲ့ ပေါင်မုန့်ညိုကို စားပါက အာဟာရဓာတ်ကြွယ်ဝစေသလို ကျန်းမာရေးနဲ့လည်း ညီညွတ်စေမှာပါ။

သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ
ရေဓာတ်ကြွယ်ဝတဲ့ သစ်သီးနဲ့ ဟင်းသီး ဟင်းရွက်တွေက အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်အောင် ကူညီပေးကြမှာပါ။ ဒါကြောင့် ကျွဲကောသီး၊ မှို၊ ဟင်းနုနယ်၊ ငရုတ်ပွသီး၊ ခရမ်း ချဉ်သီး၊ မုန်လာဥ၊ ဘရိုကိုလီနဲ့ ဖရဲသီးတို့လို အသီးအရွက်တွေကို စားပေးပါ။ ဖရဲသီးဆိုရင် အရသာလည်းရှိ ရေငတ်လည်း ပြေစေသလို အာဟာရဓာတ်လည်း များစွာ ပါဝင်ပါတယ်။ ဒါတင်ဘယ်ကမလဲ။ ခရမ်းလွန်ရောင်ခြည်ကိုပါ ကာကွယ်ပေးတာကြောင့် နွေရာသီရဲ့ အဓိကအစားအစာလို့တောင် ပြောရမှာပါ။

အစပ်ဟင်း
ရာသီဥတုက ပူလောင်ရတဲ့ကြားထဲ ပူစပ်ပူလောင်တွေ လာစားခိုင်းလို့ မျက်မှောင်ကျုံ့မသွားကြပါနဲ့။ အစပ်ဟင်းတွေကလည်း အပူဒဏ်ကို တွန်းလှန်ရာမှာ အထောက်အကူပြုပါတယ်။ အစပ်ဟင်းတွေလို စပ်တဲ့အစာတွေ စားပါက နှလုံးခုန်နှုန်းကို မြန်စေပြီး ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုများလာတာကြောင့် ချွေးတွေ ထွက်လာစေပါတယ်။ ချွေးထွက်တာက ခန္ဓာကိုယ်က အပူချိန်မတက်အောင် ထိန်းထားပေးသလို ခန္ဓာကိုယ်တွင်း အပူချိန်ကိုလည်း လျော့ကျစေပါတယ်။ တော်ရုံတန်ရုံစပ်တဲ့ ဟင်းလောက်ဆို အတော်ပါပဲ။

ဘာကိုရှောင်ရမလဲ
ဆားများစွာပါဝင်တဲ့ အစားအစာတွေက ရေဓာတ်ခန်းခြောက်စေနိုင်တာကြောင့် နွေနေ့ရက်တွေမှာ ရှောင်ကြဉ်သင့်ပါတယ်။ အာလူးကြော်တို့လို မုန့်ထုပ်တွေနဲ့ အမြန်စာတွေကို မစားပါနဲ့။ အဆာပြေစားချင်ရင် သစ်သီးဝလံတွေနဲ့ မုန်လာဥ၊ သခွားသီးတို့လို အသီးအနှံတွေကို စားပေးပါ။

ဒေါက်တာနုမြတ်

Post Author: Nu Myat