မှတ်ဉာဏ်ဆိုတာဘာလဲ။ မှတ်ဉာဏ်ကောင်းအောင် ဘာလုပ်ရမလဲ

“က”ကနေ “အ”အထိ အလွယ်တကူ ရွတ်ဆိုပြနိုင်ပါသလား။ ကိုယ့်နာမည် ကိုယ် အလွယ်တကူ ချရေးနိုင်ပါသလား။ တူရိယာပစ္စည်းတွေကို ဂီတသင်္ကေတ အတိုင်း တီးခတ်နိုင်ပါသလား။

ဒါတွေအားလုံး ဘယ်လိုမှတ်မိနေတယ်၊ အာဂုံဆောင်ထားနိုင်တယ်လို့ သင် ပြန်ဖြေကောင်း ပြန်ဖြေပါလိမ့်မယ်။ ဒါပေမဲ့ ဒီအရာတွေကို သင် သင်ယူခဲ့လို့သာ သိ နေတာပါ။ ပြီးတော့ သင်ယူတယ်ဆိုရာမှာလည်း အလေ့အကျင့်ဖြစ်အောင် ပြုလုပ် ရင်း သင်ယူခဲ့ရတာပါ။ စာမတတ်ခင်တုန်းက “က”ကနေ “အ”အထိ ရွတ်ရမှာ ခက်နေပေမယ့်၊ တူရိယာပစ္စည်းတွေကို မတီးတတ်ခင်တုန်းက ဂီတသင်္ကေတဖတ်ရ မှာ ခက်နေပေမယ့် အကျင့်လုပ်ပြီး မကြာခဏ ရွတ်ဆိုတီးခတ်တဲ့အခါ နောက်ပိုင်း မှာလွယ်ကူလာပြီး အလီဆိုရင်လည်း အာဂုံဆောင်နိုင်လာတာ၊ တူရိယာဆိုရင်လည်း အလိုလို တီးတတ်လာတာမျိုးတွေ ဖြစ်လာပါတယ်။

ဒါကြောင့် မှတ်ဥာဏ်ဆိုတာ အကျင့်လုပ်ခြင်းအားဖြင့် သင်ယူရာမှ မှတ်မိသိရှိ လာတယ်လို့ သတ်မှတ်နိုင်ပါတယ်။

လူတွေဟာ အင်္ကျီကြယ်သီဖြုတ်တာမျိုး၊ လက်ဆေးတာမျိုးလို နိစ္စဓူဝကိစ္စ ရပ်တွေကို လုပ်ရင်းလုပ်ရင်းနဲ့ အကျင့်ဖြစ်လာပြီး အလိုလိုလုပ်တတ်နေကြပါတယ်။ မှတ်ဥာဏ်ထဲ စွဲနေပါတယ်။

တချို့စိတ်ပညာရှင်တွေရဲ့ အဆိုအရ သင်ကြားမှုတိုင်း (မှတ်ဥာဏ်လို့လည်း ပြောလို့ရပါတယ်)ဟာ အကျင့်တွေအားလုံးပေါင်းထားခြင်းနဲ့ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ဒီလိုပြောလိုက်လို့လည်း သင်ယူတာနဲ့ မှတ်မိတာမှာ သင်ဟာ အရာတစ်ခုကို ထပ်ကာထပ်ကာ ပြုလုပ်မှပဲ အကျင့်ဖြစ်ပေါ်စေတယ်လို့ မဆိုလိုပါဘူး။ အရာတစ် ခုကို အလွယ်တကူ သင်ယူတတ်မြောက်ဖို့၊ မှတ်မိနေဖို တခြားအချက်တွေလည်း လိုအပ်ပါတယ်။

အဲဒီအချက်တွေထဲက တစ်ခုကတော့ သင်ယူချင်စိတ်ပါ။ စိတ်အားထက်သန် မှုရှိဖို့လည်း လိုပါတယ်။ အရေးကြီးတဲ့နောက်တစ်ချက်ကတော့ သင်ယူနေတဲ့အရာ ကို နားလည်ဖို့ပါ။ ဥပမာအားဖြင့် ကဗျာတစ်ပုဒ်ကိုကျက်တဲ့အခါ ကဗျာရဲ့အဓိပ္ပာယ်ကို နားလည်မှ ကျက်ရတာ ပိုလွယ်မှာပါ။ ပြီးတော့ တော်ရုံနဲ့လည်း မမေ့တော့ပါဘူး။

သင်ယူတာ၊ မှတ်မိတာတွေရဲ့နောက်ထပ်အရေးပါတဲ့အချက်ကတော့ မှတ်ဥာဏ် ထဲမှာ သိမ်းထားတဲ့ အိုင်ဒီယာတွေနဲ့ အိုင်ဒီယာသစ်တွေကို ပေါင်းပြီး မှတ်ယူတာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် လူတစ်ယောက်နဲ့ မိတ်ဆက်ပေးခံရတဲ့အခါ အဲဒီလူရဲ့ အလုပ်ကုမ္ပဏီက မိမိကြားဖူးတဲ့ ကုမ္ပဏီဖြစ်ရင် အဲဒီလူနဲ့ ကုမ္ပဏီကို တွဲမှတ် လိုက်ပြီး ကုမ္ပဏီရဲ့နာမည်ကြားတိုင်း အဲဒီလူကို မြင်ယောင်နေပါက နောက်တစ်ခါ လမ်းမှာ ပြန်တွေ့ရင်လည်း မမေ့တော့ဘဲ မှတ်မိနေမှာပါ။

Dr. Nu Myat Theingi Oo

Post Author: Nu Myat