ဗိုက်ပူသူအမျိုးသားတွေ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေ

ဝမ်းဗိုက်သူတွေဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို မစားမိအောင် မဆင်ခြင်နိုင်ကြသလို လေ့ကျင့်ခန်းလုပ်ဖို့လည်း ပျင်းရိတတ်ကြပါတယ်။ အောက်ပါလေ့ကျင့်ခန်းတွေက အလွယ်တကူလုပ်နိုင်ပြီး ဗိုက်ပူတာကို လျော့ကျစေပါတယ်။

ကြွက်သားသန်မာအောင် လေ့ကျင့်ခန်း လုပ်ပါ
ကြွက်သားတွေက အဆီတွေထက် ခန္ဓာကိုယ်တွင်း ဇီဝဖြစ်ပျက်မှုတွေ ပိုစေပါတယ်။ ဇီဝဖြစ်ပျက်မှုကောင်းတာက အဆီတွေလျင်လျင်မြန်မြန် လောင်ကျွမ်းစေတာပါ။ ခန္ဓာကိုယ်မှာရှိတဲ့ အဆီတွေ လောင်ကျွမ်းသွားစေပြီး ကြွက်သားတွေကို သန်မာတဲ့လေ့ကျင့်ခန်းလုပ်ပါ။ ခန္ဓာကိုယ်အလေးချိန်က ၁၄၅ ပေါင်ဖြစ် ပါက တစ်ပတ်ကို ၁၄၅ မိနစ်လောက် လေ့ကျင့်ခန်းပြုလုပ်ပါ။

မှန်ကန်တဲ့ ခါးကွင်းလှည့်နည်းအတိုင်း လှည့်ပါ
နာမည်ကျော်သရုပ်ဆောင်တွေကို လေ့ကျင့်ပေးနေတဲ့ နည်းပြက ခါးကွင်းလှည့်တဲ့အခါ လှုပ်ရှားမှုပုံစံသုံးမျိုးနဲ့ ပြုလုပ်ဖို့အကြံပေးထားပါတယ်။ ဝမ်းဗိုက်က အဆီတွေကိုချဖို့ ခါးကွင်းလှည့်တဲ့အခါ ခန္ဓာကိုယ်ကို အရှေ့အနောက်၊ အပေါ်အောက်၊ ဘေးတိုက်တွေ လှုပ်ရှားပြီး လှည့်ပေးရမှာ ဖြစ်ပါတယ်။

ပေါင်ကြွက်သားတွေ သန်မာအောင်လေ့ကျင့်ပါ
လေ့ကျင့်ခန်းလုပ်ရာမှာ ဝမ်းဗိုက် ကြွက်သားတစ်ခုတည်းကို လေ့ကျင့်ခန်း လုပ်တာထက် ခန္ဓာကိုယ်ရဲ့ တခြားနေရာ မှာရှိတဲ့ ဥပမာ-ပေါင်ကြွက် သား၊ ရင်အုပ်ပိုင်းကြွက်သားတွေကိုပါ လေ့ကျင့်တာက ကယ်လိုရီတွေ ပိုမိုလောင်ကျွမ်းတာကြောင့် ဝမ်းဗိုက်က အဆီတွေအတွက် ပိုမိုထိရောက်မှု ရှိပါတယ်။

ယောဂလေ့ကျင့်ပါ
ယောဂလေ့ကျင့်မှုက ဝမ်းဗိုက်ချပ်ရပ်အောင် ကူညီပေးနိုင်ပါတယ်။ ဝမ်းလျားမှောက်ပြီး လက်တံတောင်ကို ထောက်ထားပါ။ ခြေဖျားတွေကို ထောက်ထားပြီး ခန္ဓာကိုယ်နဲ့ ကြမ်းပြင်မထိဘဲ အပြိုင်အနေအထားမျိုးနေပါ။ အသက်ကို ဖြည်းဖြည်းနဲ့ မှန်မှန် ရှူသွင်းရှူထုတ် ငါးကြိမ်ပြုလုပ်ပြီး ခဏနားပါ။ လေ့ကျင့်မှုကို ၁၀ ကြိမ်ပြုလုပ်သင့်ပါ တယ်။

အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ
စိတ်ဖိစီးတာကြောင့် ကော်တီဇောဟော်မုန်းတွေ ပိုမိုထွက်ရှိလာပြီး အဲဒီဟော်မုန်းက ခန္ဓာကိုယ်မှာအဆီတွေစုတာကို အားပေးပါတယ်။ အထူးသဖြင့် ဝမ်းဗိုက်မှာ အဆီတွေကို စုစေပါတယ်။ အသက်ရှူလေ့ကျင့်ခန်းလုပ်တာက စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပါတယ်။ အသက်ရှူသွင်းတဲ့အခါ တစ်ကနေငါးအထိ စိတ်ထဲမှာရွတ်ပြီး အသက်ပြန်ရှူထုတ်တဲ့အခါ တစ်ကနေ ၁၀ အထိ ရွတ်ပါ။

အသက်အောင့်ပြီး လေ့ကျင့်ပါ
ဝမ်းဗိုက်ချပ်ရပ်ဖို့ အလွယ်တကူ လုပ်နိုင်တဲ့လေ့ကျင့်ခန်းကို ပြောပြချင်ပါတယ်။ အချိန်မပေးရဘဲ အလုပ်လုပ်ရင်း၊ စာဖတ်ရင်း၊ အိမ်မှုကိစ္စတွေလုပ် ရင်းနဲ့ သက်သောင့်သက်သာပဲ လေ့ကျင့် နိုင်ပါတယ်။ အသက်အောင့်ပြီး ဝမ်းဗိုက်ကို ချပ်ထားလိုက်ပါ။ တစ်ကနေသုံးအထိ စိတ်ထဲက ရေတွက်ပါ။ ပြန်ဖြေလျှော့ပြီး အသက်ရှူပါ။ အလေ့အကျင့်ရသွားတဲ့အခါ တစ်ကနေ သုံးအထိ ရေတွက်မှုကို သီးသန့်လုပ်စရာမလိုဘဲ လေ့ကျင့်မှုပြုလုပ်နိုင်ပါလိမ့်မယ်။

ချွေးများများထွက်အောင် လေ့ကျင့်ပါ
လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်ကိုညှာပြီး ဖြည်းဖြည်းသက်သာ လုပ်နေပါက သင့်ဝမ်းဗိုက်အဆီတွေကို ချနိုင်မှာမဟုတ်ပါဘူး။ ချွေးထွက်အောင်၊ မောပန်းတဲ့အထိ လေ့ကျင့်ပေးတာက ဝမ်းဗိုက်ကအဆီတွေကို လောင်ကျွမ်းသွားစေပါတယ်။

စက်ဘီးစီးပါ
ဝမ်းဗိုက်ချပ်ရပ်စေတဲ့ လေ့ကျင့်ခန်းတွေထဲမှာ စက်ဘီးစီးတာလည်း ပါဝင်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ လေ့လာခဲ့တဲ့ လေ့လာမှုတွေအရ စက်ဘီးစီးလေ့ကျင့်ခန်းလုပ်တာက တခြားလေ့ကျင့်ခန်းတွေထက် ဝမ်းဗိုက်က အဆီတွေကို ပိုချနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။

Post Author: Good Health Journal