နှစ်လသားအရွယ်ကလေးကို ခွဲစိတ်ပေးပြီးနောက် အဆုတ်တွင် အပ်တစ်ချောင်းစိုက်ကျန်ရစ်ခဲ့သဖြင့် ကလေးသေဆုံး

ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့က နှစ်လသားအရွယ်ကလေးတစ်ဦးကို ဝမ်းဗိုက်ပြည်တည်နာအတွက် ခွဲစိတ်ကုသပေးခဲ့ပြီးတဲ့နောက် ကလေးရဲ့အဆုတ်မှာ အပ်တစ်ချောင်းစိုက်ဝင်လျက်သေဆုံး သွားခဲ့တယ်လို့ သိရပါတယ်။ ခွဲစိတ်ပြီး တဲ့နောက်ရက်မှာ ကလေးက ဘယ်လိုမှ ချော့မရအောင် ငိုနေခဲ့တယ်လို့ မိခင်ဖြစ်သူ ဒါယာရှာတိုခီနာကဆိုပါတယ်။ ကလေးက ဖျော့တော့နေခဲ့ပြီး ဂျယ်လီလိုမျိုး ပျော့ဖတ်နေခဲ့ကာ မိဘတွေရဲ့အထိအတွေ့ကို မတုံ့ပြန်နိုင်တော့ဘဲ သတိမေ့မြောနေခဲ့တယ်လို့ မိခင်ဖြစ်သူကဆိုပါတယ်။ ဆေးရုံမှာ အရေးပေါ်အသက်ကယ်ဖို့ ကြိုးပမ်းပေးခဲ့ကြပေမယ့် မိနစ် ၄၀ လောက်ကြာပြီးချိန်မှာ ကလေးက သေဆုံးသွားခဲ့ရပါတယ်။ ကလေးရဲ့ အဆုတ်မှာ အပ်တစ်ချောင်းစိုက်နေတာကို တွေ့ရပြီး ခွဲခန်းထဲမှာကုသပေးရင်း ကျန်ရစ်နေခဲ့တာဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက ဆိုပါတယ်။ မွေးချင်းငါးဦးအနက် အငယ်ဆုံးကလေးဖြစ်ပြီး ဒီကလေးသေဆုံးမှုအတွက် စုံစမ်းစစ်ဆေးအရေးယူပေးဖို့ မိခင်ဖြစ်သူက အာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။ အဆိုပါကလေးကို အမှတ် ၅ ကလေးဆေးရုံမှာ ကုသပေးပြီးနောက်ပိုင်း အခုလို သေဆုံးမှုဖြစ်ရတာနဲ့ပတ်သက်လို့ အသေးစိတ်စုံစမ်းစစ်ဆေးမှုဆောင်ရွက်နေကြပါပြီလို့ စိန့်ပီတာစဘာ့ဂ်ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။

(DS, 23.9.2021) TL

Post Author: Good Health Journal