Atrial fibrillation ( AF) ခေါ် နှလုံးခုန်နှုန်း စည်းချက်မမှန်ဘဲ မြန်နေခြင်း

AF ဆိုတာက နှလုံးခုန်နှုန်း စည်းချက်မမှန်ဘဲ အလွန်အမင်းမြန်ဆန်နေတာ ဖြစ်ပါတယ်။ နှလုံးခုန်နှုန်းက ပုံမှန် တစ်မိနစ်ကို ၆၀ – ၁၀၀ ရှိရမယ့်အစား ၁၀၀- ၁၇၅ လောက်ဖြစ်နေတာပါ။ နှလုံးရဲ့ လျှပ်စစ်စီးစနစ်က ပုံမှန်အနေအထား မဟုတ်တော့ တာကြောင့် နှလုံးအပေါ်ခန်းကသွေးတွေ နှလုံးအောက်ခန်းဆီသို့ရောက်အောင် ထိထိရောက်ရောက် ညှစ်နိုင်စွမ်းမရှိတော့တဲ့အတွက် အပေါ်ခန်းမှာပဲ သွေးတွေ စုပုံနေတာကြောင့် နှလုံးမှာ သွေးခဲနိုင်ပါတယ်။ ဒီသွေးခဲတုံးမှ အပိုင်းတစ်စပြုတ်ထွက် လာပြီး ဦးနှောက်သွေးကြောကို ပိတ်ဆို့မိရင် လေဖြတ်တာ ဖြစ်နိုင်ပါတယ်။ AF ရှိသူတွေက လေဖြတ်တာ၊ နှလုံးအလုပ်မလုပ်နိုင်တာနဲ့ နှလုံးနဲ့ဆက်စပ်တဲ့ ဆိုးကျိုးတွေ ဖြစ်နိုင်ခြေ များပါတယ်။

ရောဂါလက္ခဏာ
AF ရှိသူအများစုက ဘာလက္ခဏာမှ မပြတတ်ပေမယ့် တချို့သူတွေမှာ ရင်တုန်နေတာ၊ အသက်ရှူမဝတာ ဒါမှမဟုတ် ခေါင်းမူးနေတာ ၊ ရင်ဘတ်အောင့်တာ၊ လေ့ကျင့်ခန်း လုပ်နိုင်တဲ့စွမ်းရည် လျော့နည်းတာ၊ အားနည်းတာတွေ ဖြစ်တတ်ပါတယ်။
AF ကလည်း အမျိုးမျိုး ရှိပါတယ်။
၁ ။ တစ်ခါတစ်ရံမှ ဖြစ်တဲ့ AF (Paroxysmal atrial fibrillation)
ဖြစ်လိုက်ပျောက်လိုက်ပါ။ လက္ခဏာပြတာ မိနစ်အနည်းငယ်မှ နာရီပိုင်းလောက် ကြာပါတယ်။ တချို့တလေမှာ တစ်ပတ်လောက်ကြာရှည်တတ်ပါတယ်။ မကြာခဏ ဖြစ်တတ်ပေမယ့် သူ့ဘာသာသူပျောက်ကင်းသွားတတ်ပါတယ်။
၂ ။ ထပ်တလဲလဲ ဖြစ်တဲ့ AF ( persistent )
စည်းချက်မမှန်တာက ထပ်တလဲလဲ ဖြစ်နေပြီး သူ့ဘာသာသူ မပျောက်ကင်းပါ။ နှလုံးစည်းချက်မှန်ကန်ဖို့ ဆေးဝါးနဲ့ ကုသမှု ခံယူရပါမယ်။
၃ ။ တာရှည်ထပ်တလဲလဲ ဖြစ်နေခြင်း (Long-standing persistent)
ထပ်တလဲလဲစည်းချက်မမှန်နေတာက ၁၂ လကျော်ကြာနေတာပါ။ နှလုံးခုန်နှုန်း စည်းချက်မှန်ကန်ဖို့ ဆေးဝါး ဒါမှဟုတ် ခွဲစိတ်ကုသမှု ခံယူရပါမယ်။
၄ ။ အမြဲတမ်း ဖြစ်နေတဲ့ AF ( Permanent)
အချိန်ပြည့် နှလုံးခုန်နှုန်း စည်းချက်မမှန် ဖြစ်နေတာပါ။ နှလုံးခုန်နှုန်းကို ထိန်းချုပ်ဖို့နဲ့ သွေးခဲတုံး မဖြစ်အောင် ကာကွယ်ဖို့ ဆေးဝါးနဲ့ ကုသမှု ခံယူရပါမယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသရမလဲ။
ရင်ဘတ်အောင့်နေရင်၊ သတိမေ့မလို ဖြစ်နေရင်၊ ရုတ်တရက် အလွန်အမင်းခေါင်း ကိုက်နေရင်၊ ရုတ်တရက်လမ်းလျှောက်ရတာ အခက်အခဲဖြစ်လာရင်၊ ခြေလက်ထုံနေ ပြီး စကားမပီမသလိုမျိုး လေဖြတ်တဲ့ လက္ခဏာပြသနေရင် အရေးပေါ် ကုသမှု ခံယူရပါမယ်။

AF ဘာကြောင့် ဖြစ်သလဲ။
အောက်ဖော်ပြပါ နှလုံးတည်ဆောက်ပုံ မူမမှန်တာနဲ့ နှလုံးရောဂါတွေကြောင့် AF ဖြစ်တတ်ပါတယ်။
– မွေးရာပါနှလုံးရောဂါ ရှိနေခြင်း
-sick sinus syndrome ခေါ်တဲ့ နှလုံးမှာသဘာဝအတိုင်းပါဝင်တဲ့ စpacemaker ပြဿနာ
– အိပ်ပျော်နေရင်း အသက်ရှူရပ်တာကြောင့် နိုးထလာခြင်း obstructive sleep apnea
– နှလုံးသွေးငတ်ခြင်းHeart attack
– နှလုံးအဆို့ရှင်ရောဂါ
– သွေးတိုးရောဂါ
– နမိုးနီးယား အပါအဝင် အဆုတ်ရောဂါ
– နှလုံးသွေးကြောကျဉ်းရောဂါ
– သိုင်းရွိုက်အလုပ်လုပ်လွန်ခြင်း
– ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်း
နှလုံးခွဲစိတ်ခံထားရတာ ဒါမှမဟုတ် ခွဲစိတ်ကုသမှုခံယူရတာ၊ ဖျားနာတာတွေကြောင့် စိတ်ဖိစီးမှုများတဲ့အတွက်  AF ရရှိနိုင်ပါတယ်။ ဒါပေမဲ့ AF ရှိတဲ့ တချို့သူတွေမှာ နှလုံးရောဂါ ဒါမှမဟုတ် နှလုံးပျက်စီးတာ မရှိပါဘူး။

အောက်ဖော်ပြပါ ဘဝနေထိုင်မှု ပုံစံတွေက AF  ဖြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။
– အရက် ဒါမှမဟုတ် ကော်ဖီအလွန်အမင်းသောက်ခြင်း
– မူးယစ်ဆေးဝါး သုံးစွဲခြင်း
– ဆေးလိပ်သောက်ခြင်း
– အအေးမိနဲ့ ဓာတ်မတည့်မှု ပျောက်ဆေးအပါအဝင် stimulant ပါဝင်တဲ့ ဆေးဝါးတွေ ကို ဆရာဝန် ညွှန်ကြားချက်မပါပဲ သောက်ခြင်း

AF  ဖြစ်နိုင်ခြေများသောအချက်များ။
-အသက်အရွယ်။
အသက်ကြီးလာလေလေ AF ဖြစ်နိုင်ခြေ များလေလေပါ။
ကဖင်း၊ နီကိုတင်း ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲခြင်း။
ကဖင်း၊ နီကိုတင်းနဲ့ မူးယစ်ဆေးဝါးတွေက နှလုံးခုန်နှုန်း မြန်ဆန်နိုင်ပါတယ်။ ဒီအရာတွေကို အသုံးပြုတာကြောင့် နှလုံးခုန်တာ စည်းချက်မမှန်တာ ဖြစ်တတ်ပါတယ်။
အရက်အလွန်အမင်း သောက်ခြင်း။
အရက်ကို အလွန်အမင်းသောက်တာကြောင့် နှလုံးရဲ့ လျပ်စီးအချက်ပြကို ထိခိုက်နိုင်ပြီး AF ဖြစ်နိုင်ခြေ မြင့်မားပါတယ်။
ခန္ဓာကိုယ်တွင်း သတ္တုဓာတ် ပမာဏ ပြောင်းလဲခြင်း။
ပိုတက်ဆီယမ်၊ ဆိုဒီယမ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ် လိုမျိုးသွေးထဲက သတ္တုဓာတ်တွေက နှလုံးခုန်ဖို့ ကူညီပေးပါတယ်။ ဒီဓာတ်ဆားရဲ့ပမာဏတွေက ရှိသင့် တာထက် သိပ်နည်းနေရင် ဒါမှမဟုတ် သိပ်များနေရင် နှလုံးခုန်နှုန်းစည်းချက် မမှန်နိုင် တော့ပါဘူး။
မိသားစုရာဇဝင်။
မိသားစု မျိုးရိုးထဲမှာ AF ရှိသူတွေကလည်း AF ဖြစ်နိုင်ခြေ များပါတယ်။
နှလုံးပြဿနာ ဒါမှမဟုတ် နှလုံးခွဲစိတ်ခံရခြင်း။
နှလုံးသွေးကြောရောဂါ၊ နှလုံးအဆို့ရှင်ရောဂါ နဲ့ မွေးရာပါနှလုံးရောဂါတွေကြောင့် AF ဖြစ်နိုင်ခြေ များပါတယ်။
Heart attackဒါမှမဟုတ် နှလုံးခွဲစိတ် ကုသခံရထားတာကြောင့်လည်း AF ဖြစ်နိုင်ခြေ များပါတယ်။
သွေးတိုးရောဂါရှိခြင်း။
သွေးတိုးရောဂါရှိသူတွေက နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ များပါတယ်။ သွေးတိုးရောဂါ ဖြစ်နေတာ ကြာရှည်နေရင် နှလုံးထူပြီးတောင့်လာတဲ့အတွက် နှလုံးလျပ် စီးကြောင်းအချက်ပြစနစ် ပြောင်းလဲသွားကာ င်္ဗ ဖြစ်ပေါ်နိုင်ပါတယ်။
အဝလွန်ခြင်း။
အဝလွန်သူတွေကလည်း AF ဖြစ်နိုင်ခြေ များပါတယ်။
နာတာရှည်ကျန်းမာရေးပြဿနာဖြစ်ခြင်း။
ဆီးချိုရောဂါ၊ နာတာရှည်ကျောက်ကပ်ရောဂါ၊ အဆုတ်ရောဂါ ဒါမှမဟုတ် Sleep apnea ရှိသူတွေက AF ဖြစ်နိုင်ခြေ များပါတယ်။
တစ်ချို့ဆေးဝါးနဲ့ အားဖြည့်ဆေးများ။
ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်ရတဲ့တစ်ချို့ဆေးဝါးနဲ့ အအေးမိချောင်းဆိုး ပျောက်ဆေးတွေကို ဆရာဝန်မညွှန်ကြားပဲ မိမိသဘောနဲ့ မိမိဝယ်ယူသောက်တာကြောင့် AF ဖြစ်နိုင်ခြေ များပါတယ်။
သိုင်းရွိုက်ရောဂါ။
သိုင်းရွိုက်ဂလင်း အလုပ်လုပ်လွန်တာကြောင့် AF ဖြစ်နိုင်ခြေ များပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုး။
AF ရှိနေသူတွေအတွက် အန္တရာယ်အရှိဆုံး နောက်ဆက်တွဲဆိုးကျိုးက သွေးခဲနိုင် ပြီး သွေးခဲတာကြောင့် လေဖြတ်နိုင်ပါတယ်။
လေဖြတ်နိုင်ခြေက အသက်ကြီးလာလေလေ ပိုပြီးများလေလေပါ။ ဒါ့ပြင် အောက်ဖော်ပြပါကျန်းမာရေးပြဿနာ ရှိနေရင်လည်း လေဖြတ်နိုင်ခြေ များပါတယ်။
– သွေးတိုးရှိခြင်း
– ဆီးချိုရောဂါရှိခြင်း
– နှလုံးအလုပ် မလုပ်နိုင်ခြင်း
– နှလုံးအဆို့ရှင် ရောဂါရှိခြင်း
AF ရှိသူတွေကို သွေးခဲတုံးမဖြစ်အောင်နဲ့ လေမဖြတ်အောင် ကာကွယ်နိုင်ဖို့ သွေးကြဲဆေးပေးရပါတယ်။

AF ရောဂါ ရှိသူတွေအတွက် ဘဝနေထိုင်နည်း။
AF ရောဂါ ရှိသူတွေက မှန်ကန်တဲ့ ကုသမှုကိုရရှိပြီး ဘဝနေထိုင်မှုပုံစံကို ပြောင်းလဲကျင့်သုံးတာကြောင့် တက်တက်ကြွကြွ နေထိုင်နိုင်ပါတယ်မောပန်းတာ၊ အသက်ရှူ မဝတာနဲ့ နှလုံးခုန်နှုန်း မြန်နေတာကြောင့် နေ့စဉ်သွားလာလှုပ်ရှားမှုအတွက် အခက် အခဲ ရှိနိုင်ပေမဲ့ သင်သောက်ရတဲ့ဆေးဝါး ဒါမှမဟုတ် သင်ရဲ့ဝေဒနာတွေကြောင့် သင် ရဲ့နေ့စဉ်လုပ်ရမယ့်အလုပ်တွေကို ထိန်းညှိရပါတော့မယ်။
အောက်ဖော်ပြပါတွေကို လိုက်နာတာကြောင့် နှလုံးကိုကာကွယ်နိုင်ပြီး သင်ခံစားရတဲ့ ဝေဒနာတွေ လျော့ကျနိုင်ပါတယ်။

၁ ။ အစားအစာ ရွေးချယ်ပါ။
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ ကောက်နှံတစ်ခုလုံးပါဝင်စာနဲ့ အဆီမပါဝင်တဲ့ ပရိုတင်းတွေကို များများ စားသုံးရပါမယ်။ဒါ့ပြင်—
– ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ ပါဝင်ပြီးနဲ့ ဆားပါဝင်မှုနည်းပါးတဲ့ အစားအစာကို စားသုံးရပါမယ်။ သွေးဖိအားနဲ့ သွေးတွင်းကိုလက်စတရောပမာဏကို ထိန်းချုပ်နိုင်ဖို့ ပြည့်ဝဆီ၊ ထပ်ပြန်ကြော်ဆီနဲ့ ဆားကိုရှောင်ကြဉ်ရပါမယ်။
– ကဖင်းကို အကန့်အသတ်နဲ့ သောက်ပါ။ ဆိုဒါ၊ ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့် အချိုရည်နဲ့ ချော့ကလက်တွေက နှလုံးခုန်နှုန်း မြန်ဆန်စေနိုင်တဲ့အတွက် အကန့် အသတ်နဲ့သာ စားသုံးပါ။
– အရက်ဖြတ်ပါ။ အရက်တစ်ခွက်လောက်တော့ သောက်နိုင်ပေမဲ့ သောက်တဲ့ပမာဏ များလွန်းရင် AF ပြန်ထနိုင်ပါတယ်။ ဒါ့ပြင် သွေးကျဲဆေးသောက်နေရသူဖြစ်ရင် သွေးယိုစိမ့်ထွက်မှု များပြားနိုင်ပါတယ်။
– ဗီတာမင် K ပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ သွေးကြဲဆေးသောက်နေရသူတွေက အစိမ်းရောင်ပန်းဂေါ်ဖီ၊ ဟင်းနုနယ်နဲ့ ဆလတ်ရွက်လိုမျိုး ဗီတာမင် K ပါဝင်မှု များတဲ့ အစားအစာတွေကို အများကြီး မစားရပါ။ သွေးခဲဖို့အတွက် ခန္ဓာကိုယ်က ဗီတာမင်K ကို အသုံးပြုရပါတယ်။ သွေးကြဲဆေးတွေက သွေးခဲမှု ဖြစ်စဉ်ကို ရပ်တန့်ပေးပါတယ်။ ဗီတာမင် K ကို အများကြီး ဒါမှမဟုတ် နည်းနည်းလေး စားသုံးတာကြောင့် ဆေးရဲ့အစွမ်းကို ထိခိုက်နိုင်ပါတယ်။
– သင်က သင်ရဲ့နှလုံးခုန်နှုန်း စည်းချက်မှန်ဖို့ ဆေးဝါးသောက်နေရသူ ဖြစ်နေရင် ဂရိတ်ဖရုသီးကို ရှောင်ကြဉ်ရပါမယ်။ ဂရိတ်ဖရုမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေက ဆေးဝါးအာနိသင်ကို ပြောင်းလဲနိုင်တာကြောင့်ပါ။
– အမဲသား၊ ဝက်သားလိုမျိုး အနီရောင်အသားတွေမှာ ပြည့်ဝဆီပါဝင်မှု များပြားတဲ့အတွက် သွေးတွင်းမကောင်းတဲ့ကိုလက်စရော ပမာဏ မြင့်တက်နိုင်ပြီး နှလုံးရောဂါ၊ AF နဲ့ လေဖြတ်တာ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။ ဒါကြောင့် ဒီအသားတွေကို စားသုံးမယ်ဆိုရင် အဆီပါဝင်မှု အနည်းဆုံးဖြစ်တဲ့ အပိုင်းကိုသာ ရွေးချယ်စားသုံးပါ။
– ထောပတ်၊ အာလူးကျော်၊ ဆမူဆာနဲ့ ဒိုးနပ်စ်လိုမျိုး ဆီကြော်စာတွေ၊ ကွက်ကီး၊ ကိတ် မုန်တွေက ထပ်ပြန်ကြော်ဆီတွေနဲ့ ပြုလုပ်ထားပြီး သွေးတွင်းမကောင်းတဲ့ ကိုလက် စထရောနဲ့ ထရိုင်ဂလစ်စရိုက်ပမာဏကို မြင့်တက်စေနိုင်တာမို့ ရှောင်ကြဉ်သင့်ပါတယ်။
– ဆန်အဖြူအစား ကောက်နှံတစ်ခုလုံးပါဝင်တဲ့ ဆန်လုံးညိုကို စားသုံးပါ။ သူ့မှာပါဝင်တဲ့ အမျှင်တွေက နှလုံးကျန်းမာဖို့ လိုအပ်တာကြောင့်ပါ။ ဒီအမျှင်တွေက AF နဲ့ ဆက်နွယ် နေတဲ့ အဝလွန်တာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကိုလည်း လျော့ချနိုင်ပါတယ်။
– ရေခဲခြစ်၊ ရေခဲသုပ်လိုမျိုး အေးလွန်းတဲ့ အရည်တွေကို သောက်တာကြောင့် ဦးနှောက် အေးသွားပြီး နှလုံးခုန်နှုန်း စည်းချက်မမှန်တာ ဖြစ်တတ်ပါတယ်။
– ငှက်ပျောသီးလိုမျိုး ပိုတက်ဆီယမ်ပေါကြွယ်ဝတဲ့ အစားအစာ စားပါ။ သုတေသနပြု လုပ်ချက်အရ သင့်သွေးထဲက ပိုတက်ဆီယမ်ပမာဏ လျော့နည်းနေရင် AF ဖြစ်နိုင်ခြေ များနိုင်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပိုတက်ဆီယမ်ပါဝင်မှုများတဲ့ ငှက်ပျောသီး ထောပတ်သီး၊ ပဲမည်းနဲ့ မြေပဲထောပတ် စားပေးပါ။
– မဂ္ဂနီဆီယမ်အားဖြည့်ဆေးမှဝဲပါ။သုတေသနပြုလုပ်ချက်အရ မဂ္ဂနီဆီယမ်ကို အပြည့်အ၀ ရရှိတာကြောင့် AF ဖြစ်နိုင်ခြေလျော့နည်းတယ်လို့ သိရပါတယ်။ လေ့လာမှု တစ်ခုမှာလည်း သွေးထဲမှာမဂ္ဂနီဆီယမ်ပမာဏ လျော့နည်းနေသူက AF ဖြစ်နိုင်ခြေ များပြားတယ်လို့ သိရပါတယ်။ တစ်ခြားလေ့လာမှု အရလည်း မဂ္ဂနီဆီယမ်အားဖြည့်ဆေး ပေးထားတဲ့ AF ရှိသူတွေက တစ်ခြားဆေးဝါးပေးထားသူတွေထက် ပုံမှန်နှလုံးခုန်နှုန်းကို ပြန်လည် ရရှိတယ်လို့ သိရပါတယ်။
– ရေများများသောက်ပါ။ သင်ကရေငတ်နေပြီး သင့်ဆီးအရောင်က အဝါရင့် ဖြစ်နေရင် ရေဓာတ်ချို့တဲ့နေတဲ့အတွက် င်္ဗ ဖြစ်နိုင်ခြေ ပိုများပါတယ်။

AF ရောဂါ ရှိသူတွေအတွက် ဘဝနေထိုင်နည်း

၂ ။ တက်တက်ကြွကြွနေပါ။
သင်မှာ AF  ရှိနေပေမဲ့လည်း လေ့ကျင့်ခန်းပြုလုပ်နိုင်ပါတယ်။ တက်တက်ကြွကြွ နေထိုင်တာကြောင့် AF လက္ခဏာသက်သာနိုင်တာ၊ နှလုံးခုန်နှုန်း နှေးကွေးတာ၊ လေဖြတ်နိုင်ခြေ လျော့ချတာ၊ ဝိတ်ထိန်းနိုင်တာ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာနဲ့ နှလုံးသန်မာနိုင်ပါတယ်။ လေ့ကျင့်ခန်းမပြုလုပ်ခင် သင်ပြုလုပ်မယ့်လေ့ကျင့်ခန်းက သင့်အတွက်လုံခြုံစိတ်ချရသလားဆိုတာ သိရှိနိုင်ဖို့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ လေ့ကျင့်ခန်း ပြုလုပ်နေစဉ်အတွင်း နှလုံးတုန်၊ မောပန်းနေရင်ရပ်တန့်ပြီး အနားယူလိုက်ပါ။

၃ ။ ဝိတ်ထိန်းပါ။
အဝလွန်သူတွေက AF ဖြစ်နိုင်ခြေ ပိုများပါတယ်။ AF အတွက် ခွဲစိတ်ကုသမှုခံယူ ထားသူတွေကလည်း အဝလွန်တာကြောင့် AF ပြန်ဖြစ်နိုင်ပါတယ်။ အဝလွန်သူတွေက ရောဂါကို ထိန်းချုပ်နိုင်အောင် သင့်ကိုယ်အလေးချိန်ရဲ့ ၁၀ ရာခိုင်နှုန်းကို အစားအသောက်ဆင်ခြင်တာနဲ့ လေ့ကျင့်ခန်းပြုလုပ်ပြီး လျော့ချပါ။

၄ ။ ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းက ရောဂါအခြေအနေကို ပိုမိုဆိုးရွားနိုင်ပါတယ်။ ဆေးလိပ်သောက်တာကြောင့် သွေးကြောပျက်စီးနိုင်ပြီး နှလုံးရောဂါနဲ့ နှလုံးသွေးပျက်တဲ့ အခြေအနေ ဖြစ်နိုင်ခြေများပါတယ်။

၅ ။ စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ။
စိတ်ဖိစီးမှုများတာက င်္ဗ ထြစ်အောင် လှုံ့ဆော်နိုင်ပါတယ်။ စိုးရိမ်သောကများနေရင် အောက်ဖော်ပြပါ စိတ်ဖြေလျော့တဲ့ နည်းလမ်းတွေကို အသုံးပြုပါ။
– အသက်ပြင်းပြင်းရှူသွင်း ရှူထုတ်ခြင်း
– လေ့ကျင့်ခန်းပြုလုပ်ခြင်း
– အနှိပ်ခံခြင်း
– တရားထိုင်ခြင်း
– ယောဂကျင့်စဉ်ပြုလုပ်ခြင်း

၆ ။ အိပ်ရေးဝအောင် အိပ်ပါ။
အသက်ကြီးသူတွေအနေနဲ့ ညစဉ် အိပ်ချိန် ၇ -၉ နာရီ ရှိရပါမယ်။ င်္ဗ ရှိသူတွေရဲ့ ထက်ဝက်ကျော်လောက်ကSleep apnea ရှိနေတဲ့အတွက် ညအိပ်ပျော်နေစဉ် မကြာ ခဏ အသက်ရှူရပ်တန့်သွားတတ်တာကြောင့် အိပ်ရေးမဝတတ်ကြပါဘူး။ သင်က ဟောက်တတ်ပြီး ဘယ်တော့မှအိပ်ရေးဝတယ်လို့မထင်ရင် ဆရာဝန်နဲ့ပြသပြီးဆွေးနွေးပါ။

၇ ။ ဆေးကုသမှု ခံယူပါ။
သင်ရဲ့ နှလုံးခုန်နှုန်းစည်းချက်မှန်ပြီး ပုံမှန်ဖြစ်အောင်နဲ့ သွေးခဲတုံး မဖြစ်အောင်ကာ ကွယ်ဖို့ ဆရာဝန်ကသောက်ဖို့ ဆေးဝါးညွှန်ကြားခဲ့ရင် တိတိကျကျလိုက်နာပါ။ မိမိသဘော နဲ့မိမိ ဆေးလျော့တာ ဒါမှမဟုတ် ဆေးသောက်တာကို ရပ်တန့်လိုက်တာမျိုး မပြုလုပ်ရပါ။

၈ ။ ဆေးဝါးနဲ့ အားဖြည့်ဆေး
ချောင်းဆိုးပျောက်ဆေးနဲ့ အအေးမိပျောက်ဆေးလိုမျိုး တစ်ချို့ဆေးဝါးတွေကြောင့် နှလုံးခုန်နှုန်း မြန်ဆန်နိုင်ပါတယ်။ တစ်ချို့အားဖြည့်ဆေးနဲ့ ဆေးဝါးတွေကလည်း AF အတွက်ကုသတဲ့ဆေးဝါးတွေနဲ့ တန်ပြန်တုံ့ပြန်မီု ရှိနိုင်တဲ့အတွက် ဆေးဝါးအသုံးမပြုမီ ဆရာဝန်နဲ့ အရင်ဆွေးနွေးပါ။

ကာကွယ်နည်း။
အောက်ဖော်ပြပါ ကျန်းမာရေးနဲ့ ညီညွတ်မှုရှိတဲ့ ဘဝနေထိုင်မှုပုံစံကို လိုက်တာတာကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ချနိုင်ပြီး AF မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။
-သွေးဖိအား၊ သွေးတွင်းကိုလက်စထရောနဲ့ ဆီးချိုရောဂါကို ပုံမှန်ဖြစ်အောင် ထိန်းချုပ်ပါ။
-ဆေးလိပ်မသောက်ပါနဲ့။
-ဆားနဲ့ ပြည့်ဝဆီပါဝင်မှုနည်းပါးတဲ့ အစားအစာ စားပါ။
-နေ့စဉ် အနည်းဆုံး မိနစ် ၃၀ ခန့်လေ့ကျင့်ခန်း ပြုလုပ်ပါ။
-အိပ်ရေးဝအောင် အိပ်ပါ။ နေ့စဉ် အိပ်ချိန် ၇- ၉ နာရီ ရှိရပါမယ်။
-ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
-စိတ်ဖိစီးမှုကို လျော့ချပါ။

နှလုံးခုန်နှုန်း အရမ်းမြန်ပြီး AF attack ရနေရင် အိမ်တွင်းပြုစုနည်း။

၁ ။ ရေခဲရည်နဲ့ မျက်နှာပေါ် ပက်ဖြန်းပါ။
နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးတဲ့ အာရုံကြော Vagus Nerve ရဲ့ တုံ့ပြန်မှု ရရှိအောင် ရေခဲရည်နဲ့ မျက်နှာကိုပက်ဖြန်းပါ။ ဒီအာရုံကြော အလွန်အေးတဲ့ရေပေါ်မှာ တုံ့ပြန်မှုရှိပြီး နှလုံးခုန်နှုန်း နှေးကွေးစေနိုင်ပါတယ်။ ရေခဲရည်ထည့်ထားတဲ့ ဇလုံအတွင်း အသက်အောင့်ပြီး မျက်နှာနှစ်ထားတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။

၂ ။ Valsava Maneuver ပြုလုပ်ပါ။
သင့်လက်နဲ့ နှာခေါင်းကိုညှစ်ပြီး ပါးစပ်ပိတ်ထားကာ နှာခေါင်းထဲကို လေမှုတ်ထုတ်ပါ။ ဒီလိုပြုလုပ်တာကြောင့် နားနဲ့ရင်ခေါင်းအတွင်း ဖိအားများလာပြီး နှလုံးခုန်နှုန်း နှေးကွေးနိုင်ပါတယ်။

၃။ Carotid sinus ကို ဖိပေးပါ။
ပက်လက်အိပ်ပြီး ဦးခေါင်းကို တစ်ဖက်သို့ စောင်းထားပါ။ သင့်လက်ချောင်းနဲ့ လည်ပင်းမှာရှိတဲ့ သွေးကြော(သွေးခုန်နေတဲ့နေရာ) ကိုစမ်းပြီး ၅-၁၀ စက္ကန့်လောက် ဖိထားပါ။

၄ ။ ဝမ်းညှစ်ပါ။
ဝမ်းချုပ်တဲ့ အခါမှာ ဝမ်းညှစ်သလိုမျိုး ဝမ်းဗိုက်ကြွက်သားနဲ့ စအိုကြွက်သားကို ညှစ်အားပေးတာကြောင့် ရင်ခေါင်းအတွင်း ဖိအားများလာပြီး နှလုံးခုန်နှုန်း နှေးကွေး နိုင်ပါတယ်။

၅ ။ ဝမ်းဗိုက်နဲ့ အသက်ပြင်းပြင်းရှူပါ။
လက်တစ်ဘက်ကို ရင်ပတ်မှာတင်ထားပြီး ကျန်တစ်ဘက်ကို ဝမ်းဗိုက်ပေါ်တင်ထားကာ ဝမ်းဗိုက်ဖောင်းလိုက် ပိန်လိုက်ဖြစ်လာတဲ့အထိ လေရှူသွင်းရှူထုတ်လုပ်ပါ။ ဒီနည်းလမ်းက စိတ်ဖိစီးမှုလျော့ကျကာ စိတ်တည်ငြိမ်မှု ရရှိစေပြီး နှလုံးခုန်နှုန်း နှေးကွေးနိုင်ပါတယ်။

၆ ။ စိတ်ကူးယဉ်ပါ။
မျက်စိမှိတ်ထားပြီး သင့်ကို စိတ်အေးချမ်းမှု ရရှိစေနိုင်တဲ့ ပတ်ဝန်းကျင်ကို ခံစားကြည့်ရှုပါ။ အမြင်၊ အနံ့နဲ့ အသံ အစရှိတဲ့ အသေးစိတ်အချက်တွေကို ခေါင်းထဲမှာ ရုပ်ပုံဖော်ပြည့်ပါ။ ဒီလေ့ကျင့်ခန်းက သင့်ကို စိုးရိမ်စိတ်နဲ့ စိတ်ဖိစီးမှု လျော့နည်းနိုင်ပါတယ်။

၇ ။ အရေးပေါ်ဌာနကို သွားပြပါ။
နှလုံးခုန်မြန်ပြီး စည်းချက်မမှန်တာ ဖြစ်နေတာက ၂၄ နာရီကျော်နေရင် ၊ ရင်ဘတ်အောင့်နေတာက ၅-၁၀ မိနစ်ခန့်ကြာနေရင် ဒါမှမဟုတ် လေဖြတ်တဲ့ လက္ခဏာတွေ ရှိနေရင် အရေးပေါ်ဌာနကို ချက်ချင်းသွားပြကာ ကုသမှုခံယူရပါမယ်။

ဒါက်တာခင်မိုးမိုး

Post Author: Good Health Journal