အဆိုတော်ငယ်ငယ် ထိတ်လန့်စရာ ကြုံတွေ့ခဲ့တဲ့ သားအိမ်ကွဲခြင်းအကြောင်း

သားအိမ်ကွဲတာက ကိုယ်ဝန်ဆောင် ချိန်မှာသာမက မွေးဖွားချိန်မှာ ပိုကြုံတွေ့နိုင်တယ်ဆိုတဲ့ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး တွဲဖက်ပါမောက္ခဒေါက်တာ စိုးလွင်နဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

Q  သားအိမ်ကွဲတာက ဘယ်လိုအခြေအနေတွေမှာ ဖြစ်နိုင်ပါသလဲ ဆရာ။
A  သားအိမ်ကွဲထွက်တာက ကိုယ်ဝန် ဆောင်ကာလမှာလည်းဖြစ်နိုင်တယ်၊ ဗိုက်နာနေတဲ့အချိန်မှာလည်း ဖြစ်နိုင် တယ်။ ကိုယ်ဝန်ဆောင်ကာလတွေမှာ ဖြစ်တာက နှစ်မျိုးဖြစ်နိုင်ပါတယ်။ တစ်မျိုးက သူ့အလိုလိုနေရင်းနဲ့ ကွဲထွက်သွားတာ၊ ဥပမာပြောရရင် သားအိမ်မှာ အရင် က ခွဲထားဖူးတဲ့ ခွဲကြောင်းတစ်ခုခုရှိနေရင် အဲဒီခွဲကြောင်းလေးကပါးပြီး ပေါက်ထွက်တာဖြစ်တတ်ပါတယ်။ ခွဲကြောင်းနေရာက ပါးပြီး နည်းနည်းဟနေတဲ့နေရာကနေ ပေါက်ထွက်သွားတာမျိုးလည်း ရှိပါတယ်။ တချို့ကျတော့လည်း တစ်ခုခုနဲ့ထိခိုက်မိတာကြောင့် သားအိမ်ပေါက်ထွက်တာဖြစ်တတ်ပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ရန်ဖြစ်တာဖြစ်ဖြစ်၊ လိမ့်ကျတာဖြစ်ဖြစ်၊ ကားအက်ဆီးဒင့်ကြောင့်ဖြစ်ဖြစ် သားအိမ်ပေါက်တာဖြစ်တတ်ပါတယ်။ ဒါကတော့ ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်တတ်တာပေါ့။

Q  မွေးတဲ့အချိန်မှာ ဖြစ်တတ်တဲ့သားအိမ်ကွဲတဲ့အကြောင်းကိုလည်း ရှင်းပြပေးပါ ဆရာ။
A  မွေးတဲ့အချိန်မှာဆိုရင်တော့ သားအိမ်က ညှစ်ချတယ်။ ကလေးတွေ အများကြီး မွေးထားဖူးတဲ့အမေတွေဆိုရင် သားအိမ်က အမြန်ညှစ်ချတယ်။ သားအိမ်ကလည်း ပါးနေတယ်ဆိုရင် သားအိမ်ပေါက်တာတွေ ဖြစ်တတ်ပါတယ်။ ခွဲထားတဲ့ ခွဲကြောင်းရှိတဲ့သူတွေမှာ ဗိုက်နာလာတယ် ဆိုရင်လည်း ကွဲထွက်တတ်တယ်။ ဒီတိုင်းတောင် ဗိုက်နာလာရင် ကွဲထွက်တတ်တာ ဆိုတော့ ဗိုက်ခွဲထားဖူးရင် ပိုပြီး ကွဲထွက် တတ်ပါတယ်။ မွေးရင်းနဲ့ ကွဲထွက်တာမှာ လူတွေ လုပ်တာကြောင့်လည်း ကွဲနိုင်ပါ တယ်။ ဘယ်လိုအခါမျိုးမှာလည်းဆိုတော့ မွေးနေတဲ့အချိန်မှာ အောက်က တစ်ခုခုနဲ့ ပိတ်နေတတ်တယ်။ အလုံးတစ်ခုခုနဲ့ ပိတ် နေတာ၊ တင်ပါးဆုံအရိုးကွင်း ကျဉ်းနေတာမျိုးမှာ မွေးနေရင်းနဲ့ အကြာကြီး ဖြစ်နေပြီး မမွေးနိုင်ဘူး။ နယ်တွေမှာဆိုရင် မမွေးနိုင်လို့ ကြာနေရင် အပေါ်ကနေ တွန်းချတော့ အောက်က ပိတ်နေတာ ကြောင့် ဘေးဘက်ကို ကွဲထွက်ကုန်ရော။ တချို့လည်း မမွေးနိုင်လို့ဆိုပြီး အောက်ကနေ ညှပ်နဲ့အတင်းဆွဲမွေးတာ၊ အတင်းဆွဲချတာတွေ လုပ်တဲ့အခါ ကွဲလုကွဲခင် ဖြစ်နေတဲ့အချိန်ဆိုတော့ သားအိမ်ကွဲ ထွက်သွားပါတယ်။

Q  သားဦးကိုယ်ဝန်ဆောင်တွေမှာကော သားအိမ်ကွဲနိုင်ခြေရှိလား ဆရာ။
A  သားဦးကိုယ်ဝန်ဆောင်၊ အရင်က လည်း ခွဲစိတ်ရာတွေ မရှိခဲ့ဖူးဘူးဆိုရင် သားအိမ်ကွဲထွက်ဖို့ အခွင့်အလမ်းက အတော်နည်းပါတယ်။ ခုနကပြောခဲ့သလို ဗိုက်နာတာ အရမ်းကြာနေတယ်၊ အပေါ်ကနေတွန်းချတယ်ဆိုရင် သားအိမ်ကွဲနိုင် တာပေါ့။ ဒါပေမဲ့ ခဏလေးနဲ့တော့ မဖြစ်ပါဘူး။ အကြာကြီး ဗိုက်နာနေမှ ဖြစ်တာပါ။

Q  သားအိမ်ကွဲထွက်တာကြောင့် မိခင်နဲ့ကလေးမှာ အသက်အန္တရာယ်ရှိနိုင်လား ဆရာ။
A  သားအိမ်ကွဲသွားတဲ့အခါ ဘယ် လောက်အထိ ကွဲသွားလဲ၊ သွေးကြောတွေ ဘယ်လောက်ထိသွားလဲပေါ် မူတည်ပါ တယ်။ ကလေးကလည်း အထဲမှာရှိနေ တော့ ကလေးရော အမေပါ ပြဿနာရှိ နိုင်ပါတယ်။ အဆင်မသင့်ရင် အမေရော ကလေးပါ သေသွားတတ်တယ်။ သား အိမ်ပေါက်ထွက်သွားတဲ့အခါ သွေးကြော ကြီးတွေ ထိသွားတော့ သွေးတွေထွက်ပြီး အမေလည်း အသက်အန္တရာယ် ဖြစ်နိုင်ပါ တယ်။

Q  ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့ သားအိမ်ကွဲတာကို ဘယ်လိုသိနိုင်မလဲ ဆရာ။
A  ရုတ်တရက် ဗိုက်အရမ်းကို နာပြီး သတိလစ်ချင်သလို ဖြစ်သွားတယ်ဆိုရင် မပေါ့သင့်ပါဘူး။ စမ်းသပ်ပြီး မြန်မြန်လုပ် ဖို့ လိုပါတယ်။ တစ်ခါတစ်ရံမှာ ကွဲလုကွဲခင် ဖြစ်နေတတ်ပါတယ်။ သားအိမ်ကွဲတဲ့အ ချိန်မှာ သွေးကြောကြီးတွေ ထိရင် တစ်ခါ တည်း သေသွားတတ်တာကြောင့် မြန်မြန် သိဖို့ လိုပါတယ်။

Q  ကလေးမွေးချင်လို့ ဗိုက်နာတာနဲ့ သားအိမ် ကွဲလို့ ဗိုက်နာတာက တူလား၊ ဘယ်လိုခွဲခြားသိနိုင်မလဲ ဆရာ။
A  ဘယ်လိုမှ မတူပါဘူး။ ကလေးမွေး ချင်လို့ ဗိုက်နာတာက တင်းလာတယ်၊ နာလိုက် ပျောက်သွားလိုက်နဲ့ ဖြည်းဖြည်း ချင်းနာတာ။ သားအိမ်ကွဲလို့ နာတာက ရုတ်တရက်ကြီး အရမ်းကိုနာတယ်၊ နာ လိုက်ပျောက်လိုက် မဖြစ်ဘူး။ ဆက်တိုက် နာတယ်။ တစ်ခါတည်းလည်း သတိလစ် သွားနိုင်တယ်။ အောက်က သွေးတွေ လည်း ဆင်းလာပါတယ်။

Q  သားအိမ်ကွဲတာ မဖြစ်အောင် ဘယ်လို ကာကွယ်လို့ရလဲ ဆရာ။
A  ဒီလိုမဖြစ်အောင်ဆိုရင် ဆရာရှေ့ မှာ ပြောသလိုပဲ ဗိုက်ခွဲကြောင်း ရှိရင် အ ရမ်းသတိထားရပါမယ်။ ဆေးရုံမှာပဲ မွေးရမယ်၊ စောစောစီးစီး ဗိုက်အပ်မယ်၊ ဖြစ်နိုင်ရင် ရိုးရိုးမမွေးရဘူး၊ ဗိုက်ခွဲမွေးရ မယ်၊ ဆေးရုံတွေမှာ စောင့်ကြည့်ပြီး မွေးရ ပါမယ်။ တချို့ကိုယ်ဝန်တွေမှာ ကလေး အနေအထား မမှန်တာ၊ တချို့ကလေးက ခေါင်းအကြီးကြီး ဖြစ်နေတာ စတာ တွေရှိရင် ရိုးရိုးပေးမမွေးဘဲ ခွဲမွေးပေးပါ တယ်။ ဒီလိုကိုယ်ဝန်တွေက မသိလို့ ရိုးရိုး မွေးတဲ့အခါ အရမ်းနာတယ်၊ သတိလစ် တယ်ဆိုရင် ဆေးရုံကို မြန်မြန်ရောက် အောင်လုပ်ပါ၊ အသက်ကယ်ကုသမှုတွေ ပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ခွဲမွေးထားဖူးတဲ့ သူတစ်ယောက်အနေနဲ့ သားအိမ်ကွဲတာ မဖြစ်အောင် ကလေးသုံးယောက် မွေးပြီးရင် ဆရာတို့က သားကြောဖြတ် တာ လုပ်ပေးပါတယ်။

Q  သားအိမ်ကွဲတာနဲ့ပတ်သက်ပြီး ဖြည့်စွက် အကြံပြုဆွေးနွေးပေးပါဦး ဆရာ။
A  ကိုယ်ဝန်ဆောင်မိခင်တစ်ယောက် က ဗိုက်မှာ ရုတ်တရက်နာလာတယ်၊ သ တိလစ်ချင်သလိုဖြစ်တယ်ဆိုရင် အရေး ကြီးပါတယ်။ အထူးသဖြင့် အရင်ခွဲ ကြောင်းရှိတယ်ဆိုရင် သားအိမ်ကွဲနိုင်ခြေရှိပါတယ်။ ကိုယ်ဝန်ဆောင်မိခင်မှန်သမျှ ဗိုက်ကို ဆေးရုံ၊ ဆေးခန်းမှာ သေချာအပ်ဖို့ လိုပါတယ်။ ဆရာဝန်က အရေးကြီးတဲ့ လူနာလားဆိုတာကို စမ်းသပ်ပြီး ရိုးရိုးမွေးသင့်လား၊ ခွဲမွေးသင့်လား၊ ဘယ်နေရာမှာ မွေးသင့်လဲ ရွေးချယ်ပေးပါတယ်။ အထူး သဖြင့် အန္တရာယ်ရှိတဲ့မိခင်တွေအနေနဲ့ အိမ်မှာ မမွေးသင့်ဘူး။ ဆေးရုံ၊ ဆေးခန်း တွေမှာပဲ မွေးသင့်ပါတယ်။ အန္တရာယ်ရှိတဲ့ လက္ခဏာတွေကို သိပြီး တစ်ခုခုဖြစ်လာပြီ ဆိုရင်လည်း မပေါ့ဆသင့်ဘဲ ဆေးရုံပြေးဖို့ လိုပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
တွေ့ဆုံမေးမြန်းသည်။

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *