လက်ချောင်းလေးတွေ ဘာကြောင့် ရောင်ရမ်းရတာလဲ

လက်ချောင်းတွေ ရောင်ရမ်းပြီး ဝက်အူချောင်းလို၊ ကောက်ညှင်းထုပ်လိုမျိုး တချို့တွေမှာ မကြာခဏ ဖြစ်တာကြုံရတတ်ပါတယ်။ ဖြစ်နိုင်တဲ့အကြောင်းရင်းတွေ များစွာရှိပါတယ်။
ရာသီဥတု အလွန်ပူခြင်း
ရာသီဥတု အလွန်ပူတဲ့အခါ သွေးကြောတွေကိုကျယ်စေပြီး အပူတွေကို အရေပြားကနေတစ်ဆင့်ထုတ်ကာ အေးမြသွားအောင် ခန္ဓာကိုယ်က လုပ်ဆောင် တာဖြစ်တယ်လို့ ချီကာဂိုတက္ကသိုလ် အရိုး၊ အကြောဌာနမှ ပါမောက္ခတစ်ဦးက ပြောပါတယ်။ သွေးကြောတွေကျယ်သွားတဲ့အခါ အရည်တချို့က တစ်သျှူးပျော့ဆီ စိမ့်ထွက်ပြီး ရောင်ရမ်းလာစေတာ ဖြစ်ပါတယ်။
Tips
ရာသီဥတုပူတာကြောင့် လက်ချောင်းတွေ ရောင်ရမ်းတာက ပုံမှန်လှုပ်ရှားမှုတွေ လုပ်ဆောင်ရုံနဲ့ ပြန်လည်သက် သာနိုင်ပါတယ်။ ရောင်ရမ်းတာက လက်နဲ့ လက်ချောင်းတွေမှာပဲဖြစ်တယ်၊ ခြေထောက်မပါဘူး၊ နာကျင်တယ်၊ လက်ကဆုပ်ကိုင်ရတာ မမြဲဘူးဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အငန် အစားများခြင်း
ဆားပါဝင်မှုများတဲ့ အစားအစာတွေ စားသုံးပြီးတဲ့အခါတိုင်းမှာ သင့်လက်ချောင်းတွေ ရောင်ရမ်းနေပါသလား။ ခန္ဓာကိုယ်ရဲ့ ဆားဓာတ်နဲ့ ရေဓာတ် ထိန်းညှိမှုကြောင့် ဖြစ်ရတာပါ။ ဆားများများစားလေ ခန္ဓာကိုယ်ထဲကို ရေပြန်ဆွဲထားလေ ဖြစ် တာကြောင့်ပါ။ ရောင်ရမ်းမှုတွေ ဖြစ်ရတာပါ။
Tips
တစ်နေ့တာအတွင်း ဆားစားသုံးမှုကို လျှော့ချသင့်ပါတယ်။ ဆားလျှော့စားနေတာတောင် ရောင်ရမ်းမှုတွေ လျော့မသွားဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသပါ။
အဆစ်ယိုယွင်းခြင်း
လက်ဆစ်တွေက ပုံမှန်ထက် ပိုကြီးနေတာ၊ အရိုးအဆစ်ရောင်ရမ်းရောဂါရှိနေတာတွေကြောင့် မနက်ခင်းအိပ်ရာထမှာ လက်ချောင်းတွေ ရောင်ရမ်းနေနိုင်ပါတယ်။ အသက်အရွယ်နဲ့ ဆက်စပ်တဲ့ အရိုးအဆစ်ရောင်ရမ်းတာကြောင့် အဆစ်ဘေးက တစ်သျှူးတွေ ပျက်စီးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
Tips
လက်ချောင်းတွေ ရောင်ရမ်းတာမကြာခဏဖြစ်နေတယ်၊ နာကျင်တယ်၊ လက်ဆစ်တွေက အကွေးအဆန့် မကောင်းဘဲ တောင့်တင်းနေတယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။
လက်ချောင်းများထုံကျဉ်ရောဂါရှိခြင်း
လက်ကောက်ဝတ်အာရုံကြော ကြောင့် လက်ချောင်းလေးတွေ ထုံကျဉ် တာ ခံစားရသူတွေမှာလည်း လက်ချောင်း ရောင်ရမ်းတာ ဖြစ်နိုင်ပါတယ်။
Tips
လက်ချောင်းတွေ ရောင်ရမ်းမှုက နာကျင်တာ၊ ပူတာ၊ တဆစ်ဆစ်ဖြစ်တာ၊ ထုံတာတွေနဲ့ တွဲပြီးဖြစ်တတ်ပါတယ်။ အဲဒီဝေဒနာတွေက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာမျိုးပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ သုံးဆပိုဖြစ်တတ်ပါတယ်။
ပြန်ရည်ကြောစနစ် ပိတ်ခြင်း
ပြန်ရည်ကြောစနစ် ပိတ်တဲ့အခါ ခန္ဓာကိုယ်ရဲ့အပြင်ကို စွန့်ပစ်ပစ္စည်းတွေ၊ ဗက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုး စတာတွေ ပါဝင်တဲ့ ပြန်ရည်တွေကြောင့် ရောင်ရမ်းမှုတွေ ဖြစ်လာပါတယ်။ လက်ချောင်းနဲ့ ခြေ မတွေအပြင် လက်မောင်းနဲ့ ခြေထောက်လည်း ရောင်ရမ်းနိုင်ပါတယ်။ အရေပြား က တင်းကျပ်ကျပ်ဖြစ်ပြီး ပုံမှန်ထက် ပိုထူနေတတ်ပါတယ်။
Tips
ပြန်ရည်ကြောစနစ်ကြောင့် ရောင် ရမ်းတာကတော့ ရင်သားကင်ဆာရောဂါ ကို ခွဲစိတ်ကုသတာ ဒါမှမဟုတ် ဓာတ် ရောင်ခြည်ပေးကုသတာတွေကြောင့် ဖြစ် နိုင်ပါတယ်။ ပြန်ရည်ကြောစနစ် ပုံမမှန် တာကြောင့် ဖြစ်တာကတော့ တွေ့ရခဲပါ တယ်။
Raynaud’s disease
ရာသီဥတု အေးတဲ့အခါနဲ့ စိတ်ဖိစီးမှုများတဲ့အခါတွေမှာ သွေးလွှတ်ကြော တွေ ကျဉ်းသွားတာကြောင့် ဖြစ်တာပါ။ သွေး ကြောကျဉ်းသွားတာကြောင့် သွေးလှည့် ပတ်မှုနည်းသွားပြီး ရောင်ရမ်းမှုနဲ့ နာကျင်မှုတွေ ခံစားရစေပါတယ်။ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။
Tips
လက်ချောင်းတွေက ရောင်ရမ်းမှု မဖြစ်ခင်မှာ ဖျော့တော့တော့ဖြစ်နေတာ ဒါမှမဟုတ် ပြာနှမ်းလာတာမျိုးဖြစ်တယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာ များဖြစ်ခြင်း
ကိုယ်ဝန်ဆောင်မိခင်တချို့မှာ ရောင်ရမ်းမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အထူးသဖြင့် လက်နဲ့ မျက်နှာအရေပြားကို လက်မနဲ့ဖိကြည့်ပြီး ပြန်လွှတ်လိုက်တဲ့ စမ်းသပ်မှုပြုလုပ်ပြီး ရောင်ရမ်းနေတာ ဟုတ် မဟုတ် သိရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတိုးတာကို မသိရှိလို့ မကုသဘဲထားပါက မိခင်ရော ကလေးပါ အလွန်အန္တရာယ်များပါတယ်။
Tips
အသက် ၄၀ ကျော် ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊ ကလေးတစ်ယောက်ထက်ပိုပြီး နှစ်မြွှာပူး၊ သုံးမြွှာပူး ကိုယ်ဝန်ဆောင်မိခင်ဖြစ်စေ၊ အဝလွန်တဲ့ ကိုယ် ဝန်မိခင်ဖြစ်စေ သားဖွားမီးယပ်ပါရဂူနဲ့ စောစောပြသပြီး စောင့်ရှောက်မှုကို ရယူဖို့လိုပါတယ်။
လက်ဖဝါး နူးညံ့လိုပါရင်
ဒီလက်ဖဝါးတွေက အမြဲတမ်းလိုလို အလုပ်တွေကို ဇယ်ဆက်သလို လုပ်နေရ တာ၊ ဓာတုပစ္စည်းတွေ ကိုင်တွယ်အသုံးပြု နေရတာ စတာတွေကြောင့် လက်ဖဝါး အရေပြားခြောက်သွေ့ပြီး ဓာတ်မတည့် တာကို ခံစားရစေပါတယ်။ လိုးရှင်းတွေ၊ ခရင်မ်တွေကို တန်ဖိုးကြီးပေးဝယ်ပြီး လိမ်းတာက လက်ဖဝါးကြမ်းတာကို ဖြေ ရှင်းလို့ရတယ်ဆိုပေမယ့် အကုန်အကျ နည်းပြီး ဘေးကင်းတဲ့နည်းလမ်းတွေက သင့်အတွက် အလွယ်တကူနဲ့ အဆင်ပြေ ပြေ ဖြစ်စေမှာပါ။
သကြားအညိုနှင့် သံလွင်ဆီ
သကြားအညိုနဲ့ သံလွင်ကို ဆတူရောပြီး လက်ဖဝါးပေါ်တင်ကာ လက်ဖဝါး နှစ်ဖက်နဲ့ပွတ်ပေးပါ။ ခဏလောက်ထားပြီးနောက် ရေနဲ့ဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ်- ၃ ကြိမ် ပြုလုပ်ပေးပါ။ လက်ဖဝါးတွေ သိသိသာသာ နူးညံ့လာပါလိမ့်မယ်။
ဆားနှင့် သံပရိုသီး
လက်ဖဝါးကြမ်းသူတွေအနေနဲ့ ဆားနဲ့ သံပရိုသီးကို အသုံးပြုပြီး ကြေးချွတ်နိုင်ပါတယ်။ ဆားက ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး သံပရိုသီးက အရေပြားကို နူးညံ့ပြီး ဆဲလ်အသစ်ဖြစ်ပေါ်မှုကို အားပေးပါတယ်။သံပရိုသီးကို အရည်ညှစ်ပြီး ဆားအနည်းငယ်နဲ့ရောကာ လက်ဖဝါးပေါ်တင်ပြီး လက်နှစ်ဖက်နဲ့ပွတ်ကာ ကြေးချွတ်ပေးပါ။
အုတ်ဂျုံနှင့် ပန်းသီးရှလကာရည်
အုတ်ဂျုံနဲ့ ပန်းသီးရှလကာရည် အနည်းငယ်ကိုရောပြီး လက်ဖဝါးပေါ်တင်ကာ ပွတ်ပေးပါ။ အုတ်ဂျုံကို မချက်ဘဲ အသုံးပြုပေးပါ။ လက်ဖဝါးလေး နူးညံ့စေပါတယ်။
သံပရာသီးနှင့် ခရမ်းချဉ်သီး
သံပရာသီးနဲ့ ခရမ်းချဉ်သီး အရည်တွေမှာ အက်စစ်အပျော့စားပါဝင်ပါတယ်။ ဒီနှစ်ခုကို ပေါင်းပြီး ကြမ်းနေတဲ့ လက်ဖဝါး ပေါ်တင်ကာ ၁၅-၂၀ မိနစ်ကြာ ပွတ်ပေးပါ။ ပြီးနောက် ရေဆေးလိုက်ပါက နူးညံ့ပြီး ဖြူဝင်းသွားစေပါတယ်။
ဒိန်ချဉ်
ဘာနဲ့မှ မရောစပ်ထားတဲ့ ဒိန်ချဉ်ကို လက်ဖဝါးကြမ်းကြမ်းပေါ်တင်ပြီး ၁၅-၂၀ မိနစ်ကြာ ပွတ်ပေးပါ။ ပြီးနောက် ရေဆေးပေးပါ။ နေ့စဉ်ပြုလုပ်ပေးပါက လက်ဖဝါးတွေ သိသိသာသာ နူးညံ့လာပါလိမ့်မယ်။
Tips
လက်ဖဝါးကြမ်းတာမဖြစ်အောင် အလုပ်တွေလုပ်တဲ့အခါဖြစ်စေ၊ ဓာတုပစ္စည်းတွေ ကိုင်တွယ်ရာမှာဖြစ်စေ လက်အိတ်အသုံးပြုသင့်ပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal