သွေးဆုံးချိန်နဲ့ သွေးမဆုံးမီအချိန်ကာလကို ကျန်းမာစွာဖြတ်ကျော်မယ်

မီးယပ်သွေးဆုံးချိန်က အမျိုးသမီးတွေရဲ့ မျိုးဆက်ပွားများနိုင်မှု အဆုံးသတ်သွားတဲ့အချိန်လည်း ဖြစ်ပါတယ်။ သားဥအိမ်တွေက လုပ်ငန်းတာဝန်ထမ်း ဆောင်မှုနှေးကွေးလာပါတယ်။ တချို့ ဆေးကုသမှုနဲ့ ခွဲစိတ်ကုသမှုတွေကြောင့်လည်း မီးယပ်သွေးဆုံးတာကို ဖြစ်စေပါတယ်။ သားဥအိမ်နှစ်ဖက်စလုံး ခွဲစိတ် ဖယ်ရှားတာ၊ ကင်ဆာဆေးတွေနဲ့ ကုသမှုခံယူနေတာ၊ တင်ပဆုံပိုင်း ဓာတ်ရောင်ခြည်နဲ့ ကုသမှုခံယူရတာတွေက မီးယပ်သွေးဆုံးမှုဖြစ်စေတာတွေပါ။ သားဥအိမ်တွေကိုချန်ထားပြီး သားအိမ်ကို ခွဲစိတ် ဖယ်ရှားတာက လစဉ်ရာသီသွေးမပေါ်တော့ပေမယ့် မီးယပ်သွေးဆုံးတာမျိုး မဟုတ်ပါ။

သွေးဆုံးချိန်
ယေဘုယျအားဖြင့် အသက် ၅၁ နှစ်က အမျိုးသမီးတွေရဲ့ သွေးဆုံးချိန်ပါ လို့ National Institute on Agingက သတ်မှတ်ပါတယ်။ ဒါပေမဲ့ အသက် ၅၁ နှစ်ထက်စောပြီး၊ နောက်ကျပြီးလည်း သွေးဆုံးနိုင်ပါတယ်။ တချို့အမျိုးသမီးတွေက အသက် ၄၀ လောက်မှာ သွေးဆုံးတတ်ကြပြီး အသက် ၆၀ ဝန်းကျင်မှာ သွေးဆုံးတဲ့ အမျိုးသမီးကတော့ နည်းပါတယ်။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေက ဆေးလိပ်မသောက်တဲ့ အမျိုးသမီးတွေထက်စောပြီး မီးယပ်သွေးဆုံးတတ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေမှာ သွေးဆုံးနိုင်တဲ့အသက်အရွယ်ကို အတိအကျ ခန့်မှန်းနိုင်ဖို့ ခဲယဉ်းပါတယ်။ တစ်နှစ်ပတ်လုံး တခြားရောဂါလက္ခဏာတွေမရှိဘဲ ရာသီသွေးမပေါ်တော့ပါက မီးယပ်သွေးဆုံးတယ်လို့ သတ်မှတ်နိုင်ပါတယ်။

သွေးမဆုံးမီ အကြိုကာလ
မီးယပ်သွေးဆုံးခင် ခန္ဓာကိုယ်တွင်းမှာ တဖြည်းဖြည်းချင်း ပြောင်းလဲမှုတွေ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ သားဥအိမ်တွေက ရုတ်တရက်လုပ် ဆောင်မှုတွေ ရပ်သွားတာမျိုးမဟုတ်ဘဲ တဖြည်းဖြည်းချင်း လုပ်ဆောင်မှုတွေ လျော့နည်းလာတာပါ။ မီးယပ်သွေးဆုံးဖို့ ပြောင်းလဲနေတဲ့ အချိန်ကာလကို သွေးမဆုံးမီ အကြိုကာလလို့ သတ်မှတ်ပါတယ်။ မီးယပ်သွေးဆုံးတာကတော့ နောက်ဆုံး ရာသီသွေးပေါ်ပြီးနောက်ပိုင်းမှာ တစ်နှစ် လုံး ရာသီသွေးမပေါ်တော့တဲ့ အခြေအနေကို သတ်မှတ်ပါတယ်။ သွေးမဆုံးမီ အကြိုကာလတွေမှာ သားဥအိမ်က အလုပ်လုပ်တာ နှေးသွားပေမယ့် သားဥကြွေနေသေးတာကြောင့် သားသမီးရနိုင်တဲ့ အခွင့်အလမ်းရှိပါတယ်။
မီးယပ်သွေးဆုံးချိန်မှာ အမျိုးသမီးတွေ တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့ ဝေဒနာတွေမတူညီတတ်ပါဘူး။ တချို့ အမျိုးသမီးတွေက မီးယပ်သွေးဆုံးချိန်ကို ထူးထူးခြားခြား ဝေဒနာမခံစားရဘဲ ဖြတ်ကျော်သွားနိုင်ပြီး တချို့တွေကတော့ မီးယပ်သွေးဆုံးဝေဒနာတွေကို ဆိုးဆိုးရွားရွားခံစားရတာမျိုးလည်း ရှိတတ်ပါ တယ်။ ခွဲစိတ်ကုသမှု၊ ကင်ဆာဆေးသွင်းကုသမှုနဲ့ ဓာတ်ရောင်ခြည်ပေး ကုသမှုတွေကြောင့် မီးယပ်သွေးဆုံးသွားတယ်ဆိုရင် ရောဂါလက္ခဏာတွေကို ထိန်းညှိရတာ ခက်ခဲတတ်ပါတယ်။ မီးယပ်သွေးဆုံးလက္ခဏာတွေကို သွေးဆုံးတဲ့အမျိုးသမီးအများစု ခံစားရတတ်ပေမယ့် ဝေဒနာအပြင်း၊ အပျော့ကွာခြားနိုင်ပါတယ်။

ကျန်းမာစွာ နေထိုင်ခြင်း
အမျိုးသမီးတို့ရဲ့ဘဝတစ်လျှောက်လုံးမှာ ကျန်းမာတဲ့နေထိုင်မှုပုံစံနဲ့ နေထိုင်မှုရှိ၊ မရှိက မီးယပ်သွေးချိန်နဲ့ ဆက်စပ်မှု ရှိပါတယ်။ သွေးပေါင်ချိန်တာ၊ သွေးတွင်း ကိုလက်စထရော၊ သွေးတွင်းသကြား ဓာတ်တိုင်းတာတာနဲ့ ပုံမှန်ရင်သားဓာတ်မှန်ရိုက်တာ (Mammogram) တွေကို ပြုလုပ်ပေးပါ။ မီးယပ်သွေးဆုံးချိန်မှာတော့ အစားအစာ၊ လေ့ကျင့်ခန်းနဲ့ ဖိစီးမှုလျှော့ချပေးနိုင်တဲ့ ယောဂကျင့်တာ စတာတွေကို ဆရာဝန်နဲ့တိုင်ပင်ပြီး ဂရုတစိုက် လုပ်ဆောင်ဖို့ လိုပါတယ်။

 

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

 

Post Author: Good Health Journal