အမျိုးသမီးတွေ သွေးဆုံးခါနီးမှာ ဘာတွေ ဖြစ်လာတတ်လဲ

သွေးဆုံးခါနီးအချိန်မှာ ရာသီလာတာကို ထိန်းချုပ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေ နည်းနည်းလာပါတယ်။ ၁၂ လလောက် ရာသီသွေးမ ဆင်းတော့ဘဲ ပျောက်သွားရင်တော့ သွေးဆုံးပြီဖြစ်ပြီး ကိုယ်ဝန်ဆောင်နိုင်မှာမဟုတ်တော့ပါဘူး။ အမျိုးသမီးတစ်ယောက်အနေနဲ့ သွေးဆုံးခါနီးလာပြီ ဆိုတာကို ဘာတွေအချက်တွေကို ကြည့်ပြီး သိနိုင်ပါသလဲ။

ရာသီသွေးဆင်းတာ ပြောင်းလဲခြင်း
ရာသီသွေးဆင်းတာက ပုံမှန်ထက် အလွန်နည်းသွားတာ ဒါမှမဟုတ် များ လာတာ၊ လာတဲ့ရက်တိုတာ၊ ရက်ရှည်နေတာမျိုးတွေ ပြောင်းလဲသွားနိုင်ပါ တယ်။ ရာသီတစ်ကြိမ်နဲ့တစ်ကြိမ် လာတာက ကြားမှာ ရက် ၆၀ (နှစ်လ) လောက် ခြားသွားတယ်ဆိုရင် သွေးဆုံးခါနီးပြီလို့ သိနိုင်ပါတယ်။ ပဋိသန္ဓေတားဆေးကို ပမာဏနည်းနည်း သောက်သုံးပါက ရာသီသွေးဆင်းတာ ပြောင်းလဲမှုနဲ့ တခြားဝေဒနာ ခံစားရမှုတွေကို လျော့နည်းစေပါတယ်။

သွေးဆင်းများခြင်း
ရာသီလာတဲ့အခါ သွေးဆင်းတာက ပုံမှန်ထက် များနေတာက ရာသီမလာခင်မှာ သားအိမ်နံရံက ထူထဲနေတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါဟာ ဟော်မုန်းပရိုဂျက် စတုန်း လျော့နည်းနေတာကြောင့်ပါ။ ဒါ့ပြင် သားအိမ်နံရံမှာ အဖုအကျိတ်တွေ ရှိနေခဲ့မယ်ဆိုရင်လည်း သွေးဆင်းများ တတ်ပါတယ်။

ခန္ဓာကိုယ်အပူချိန်ပြောင်းလဲခြင်း
ရုတ်တရက် ပူအိုက်ပြီး ၅-၁၀ မိနစ် လောက် ချွေးတွေရွှဲလာတတ်ပါတယ်။ တချို့အမျိုးသမီးတွေက သိပ်ပြီးပူအိုက် တာမျိုးမဖြစ်ပေမယ့် ချွေးတွေရွှဲနေတတ် ပါတယ်။ အသက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းရှူထုတ်လေ့ကျင့်ခန်း ပြုလုပ်ပေးတာက ဒီဝေဒနာကို သက်သာစေပါတယ်။ ခန္ဓာကိုယ်အပူချိန်တိုးလာနိုင်တဲ့ အရည်ပူပူတွေ သောက်တာ၊ အစပ်စာ စားတာတွေကိုရှောင်ပါ။ အီစထရိုဂျင် ကြွယ်ဝတဲ့အစာတွေဖြစ်တဲ့ ပဲပိစပ်၊ တိုဟူး စတာတွေ စားပေးပါ။ လိုအပ်ပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။

မိန်းမကိုယ် ခြောက်သွေ့ခြင်း
သွေးဆုံးခါနီးမှာ အီစထရိုဂျင်ဟော် မုန်းလျော့နည်းသွားတာကြောင့် မိန်းမကိုယ်တစ်သျှူးတွေပါးလွှာပြီး ခြောက်သွေ့လာပါတယ်။ အဲဒီအခါ ယားယံတာ၊ နာကျင်တာနဲ့ လိင်ဆက်ဆံတဲ့အခါ နာ ကျင်တာတွေကို ခံစားရနိုင်ပါတယ်။ ပုံမှန်လိင်ဆက်ဆံမှုပြုလုပ်တာက တစ်သျှူးတွေသန်မာပြီး ကျန်းမာလာစေ ပါတယ်။

အိပ်စက်မှုပြဿနာနှင့် ရင်ဆိုင်ရခြင်း
ဟော်မုန်းပမာဏ ပြောင်းလဲသွားတာက ညဘက်မှာ ချွေးတွေထွက်ပြီး အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ညဘက်မှာ အိပ်ပျော်စေဖို့ ပုံမှန် အိပ်ချိန်အတိုင်း အိပ်စက်တာ၊ ညမအိပ်ခင် ရေနွေးနွေးနဲ့ ရေစိမ်ချိုးတာ၊ နွားနို့ပူပူသောက်တာ၊ အိပ်ခန်းကို တိတ်ဆိတ်ငြိမ်သက်ပြီး အေးမြနေစေတာ စတာတွေ က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါ တယ်။

စိတ်ခံစားမှု ပြောင်းလဲခြင်း
အမျိုးသမီး အများစုက သွားဆုံးခါ နီးအချိန်တွေမှာ စိတ်ခံစားမှု ပြောင်းလဲပြီး အတက်အကျမြန်ပါတယ်။ ဆိုးဆိုးရွားရွားခံစားရပါက အိပ်စက်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ တချို့အမျိုးသမီးတွေမှာ ရာသီလာခါနီးခံစား ရတဲ့ ဝေဒနာ (PMS)တွေ ပိုဆိုးလာပြီး စိတ်တိုစိတ်ဆတ်တာလည်း ပိုလာတတ်ပါတယ်။

ပိုမေ့တတ်လာခြင်း
ဟော်မုန်းတွေ ပြောင်းလဲမှုကြောင့် စိတ်ခံစားမှု ပြောင်းလဲတာ၊ အိပ်စက်မှု ပြောင်းလဲတာတွေက တချို့အရာတွေကို မှတ်မိဖို့ ခဲယဉ်းလာစေပါတယ်။ အာရုံစူး စိုက်နိုင်မှု နည်းတာ၊ မကြာခဏ မေ့တတ်တာနဲ့ တချို့အရာတွေ ပြန်စဉ်းစားမရတာ စတာတွေ ဖြစ်နိုင်ပါတယ်။

အရိုးသိပ်သည်းဆ လျော့နည်းခြင်း
အီစထရိုဂျင်ဟော်မုန်း လျော့နည်း လာတာကြောင့် သွေးဆုံးချိန်မှာ အရိုး သိပ်သည်းဆလည်း လျင်လျင်မြန်မြန် လျော့နည်းလာပါတယ်။ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ ကြွယ်ဝတဲ့အစာတွေ စားသုံးတာ၊ တစ်နေ့ကို အနည်းဆုံး နာရီဝက် လမ်းလျှောက်တာ၊ မိနစ် ၂၀ လောက် သင့်တော်တဲ့ အလေးမ လေ့ကျင့်ပေးတာ၊ လိုအပ်ပါက ဆရာဝန်ညွှန်ကြားချက်ကို ရယူတာ စတာတွေ ပြုလုပ်နိုင်ပါတယ်။

Post Author: Good Health Journal