လေ့ကျင့်ခန်းကြောင့် ခန္ဓာကိုယ်မှာ ဒဏ်မဖြစ်အောင် ဘာတွေလုပ်သင့်လဲ

လေ့ကျင့်ခန်းပြုလုပ်တာကြောင့် ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ဒဏ်တွေကင်းစေဖို့အတွက် လေ့ကျင့်ရေးနည်းပြတချို့ရဲ့အကြံပြုချက်တွေကိုရေးသားလိုက်ပါတယ်။
အစာစားမှုကို ကန့်သတ်ပါ
လေ့ကျင့်ခန်းလုပ်တိုင်း အဆီကျလှ ပနေမှာမဟုတ်ပါဘူး။ စားချင်တာတွေကို လျှောက်စားလို့ သင်စားတာတွေက သင့်ကိုဝစေတာဆိုရင်တော့ လေ့ကျင့်ခန်းကလည်း ကူနိုင်မှာမဟုတ်ပါဘူး။ လေ့ကျင့် ခန်းလုပ်နေချိန်မှာ အရောင်စုံတဲ့ ဟင်း သီးဟင်းရွက်တွေ၊ အသားဓာတ်တွေ၊ ကောင်းမွန်တဲ့အဆီနဲ့ အသီးအနှံတွေကိုပိုစားပြီး ဆီကြော်စာတွေ၊ အသင့်စားသုံး နိုင်တဲ့အစားအစာတွေ၊ ဆီပါဝင်မှုများတဲ့ ဟင်းတွေ၊ သကြားပါဝင်မှုများတဲ့ အစား အစာတွေနဲ့ အချိုရည်တွေကို ရှောင်ပေးဖို့လိုပါတယ်။
လေ့ကျင့်ခန်းပြုလုပ်မယ့်အချိန်ကိုနား လည်ထားပါ
လေ့ကျင့်ခန်းပြုလုပ်ဖို့ အချိန်ယူရ တယ်ဆိုတာကိုတော့ သိထားဖို့လိုပါတယ်။ လူတချို့က လေ့ကျင့်ခန်းပြုလုပ်ဖို့ လေ့ကျင့်ရေးခန်းမကို သွားပြီဆိုရင် ကိုယ် လုပ်မယ့်လေ့ကျင့်ခန်းတွေကို အာရုံစိုက်ပြီး တအားကိုအားသွန်ခွန်စိုက် ပြုလုပ်လိုက်ပြီး နောက်နေ့ကျရင်တော့ လေ့ကျင့်ရေးခန်းမကို သွားဖို့ လေးဖင့်နေ ပြီးတော့ မသွားဖြစ်တာမျိုးလည်းဖြစ် တတ်ကြပါတယ်။ တကယ်တော့ လေ့ ကျင့်ခန်းပြုလုပ်မယ်ဆိုရင် အချိန်အနည်း ငယ်အတွင်းမှာ အင်တိုက်အားတိုက် ပြုလုပ်ရတာမျိုးမဟုတ်ဘဲ၊ အချိန်ယူပြီး တော့ နေ့စဉ်ပုံမှန်လေးပြုလုပ်ပေးပါမှ လေ့ကျင့်ခန်းရဲ့ အကျိုးရလဒ်တွေကို ခံစားရမှာဖြစ်ပါတယ်။
ပြောင်းလဲမှုကို နည်းနည်းချင်းစပါ
ခန္ဓာကိုယ်လှပကျန်းမာစေဖို့ လေ့ကျင့်ခန်းပြုလုပ်ရာမှာ ချက်ချင်းရလာတတ်တဲ့ အကျိုးကျေးဇူးဆိုတာက ရှားပါတယ်။ လေ့ကျင့်ခန်းတွေကို အပြင်းအ ထန်ပြုလုပ်တာထက် သင့်နေထိုင်ပြုမှုပုံတွေကို အနည်းငယ်စီပြောင်းလဲကြည့်တာက ပိုထိရောက်ပါလိမ့်မယ်။ လေ့ကျင့်ခန်းပြုလုပ်ပြီးလို့ နှစ်ပတ်အကြာမှာ လေ့ကျင့်ခန်းကို သဘောပေါက်နားလည် လာပါလိမ့်မယ်။ အနည်းငယ်ပြောင်းလဲမှုဆိုတာကတော့ အစာမစားခင်နဲ့ အစာစားပြီးချိန်တွေမှာ မိနစ် ၂၀ လောက် လမ်းလျှောက်တာမျိုးကို ပြုလုပ်ပေးဖို့ လိုပါတယ်။ မနက်စာ၊ နေ့လယ်စာနဲ့ ညစာ စားသုံးတိုင်း ၁၀ မိနစ်လောက် လမ်းလျှောက်မယ်ဆိုရင် တစ်နေ့ကို မိနစ် ၆၀ လောက် လမ်းလျှောက်ပြီးသား ဖြစ်သွားမှာပါ။ တစ်ပတ်စာဆိုရင်တော့ ၄၂၀ မိနစ်လောက် လမ်းလျှောက်ပြီးဖြစ်လို့ သီးသန့်ကြီး လေ့ကျင့်ခန်းလုပ်နေစရာမလိုတော့ဘဲ အကျိုးရှိစေပါတယ်။
အချိန်ဇယားဆွဲပါ
အရမ်းကို အလုပ်များလို့ လေ့ကျင့်ခန်းဆိုတာ ဘာမှန်းတောင်မသိဘူးလို့ တွေးနေတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်။ ဘယ်လောက်ပဲ အလုပ်များပါစေ သင့်အချိန်ဇယားကို သင်ကိုယ်တိုင်ပဲ ဆွဲရမှာပါ။ တစ်ပတ်မှာ တစ်နာရီလောက်တော့ လေ့ကျင့်ခန်းအတွက် သင့်အချိန်ဇယားထဲထည့်ထားလိုက်ပါ။
သရေစာစားချိန် သတိရှိပါ
နေ့ခင်းပိုင်းအဆာပြေစာကို စားချိန်မျိုးမှာ ဟန်ဘာဂါနဲ့ ဆန်းဒဝှစ်ချ်တွေကို အသားနဲ့ချိစ်တွေညှပ်ပြီးစားမယ့်အစား အသီးအရွက်တွေ များများထည့်ညှပ်စားပါ။ ပေါင်မုန့်ကို ဖြူဖွေးနေအောင် ပြုလုပ်ထားတာမျိုးမရွေးဘဲ အညိုရောင်ကို ရွေးစားပါ။ အစေ့အဆန်နဲ့ အရည်ရွှမ်းတဲ့ အသီးတွေကို စားပေးတာပါ။
ပြိုင်ပွဲတွေဝင်ပြိုင်ပါ
အားကစားပြိုင်ပွဲတွေမှာ ပါဝင်ဆင်နွှဲပေးတာမျိုးတွေပြုလုပ်ပါ။ ကျောင်းမှာ ဖြစ်စေ၊ ရပ်ကွက်ထဲမှာဖြစ်စေ၊ လုပ်ငန်းခွင်ထဲမှာဖြစ်စေ အပျော်သဘောနဲ့ပြု လုပ်တဲ့အားကစားပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပေးပါ။ သင့်ကျန်းမာရေးအတွက် အကျိုးရှိသလို ပြိုင်ပွဲမှာအနိုင်ရခဲ့တဲ့ ဆုတွေကြောင့် နောက်တစ်ချိန် ရခဲ့ဖူးတဲ့ ဆုတွေကို ပြန်ကြည့်ချိန်မှာတောင် ပျော်ရွှင်စရာ စိတ်ခံစားမှုတွေကို ဖြစ်ပေါ်စေပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal