အသက် ၅၀ ကျော်လာရင် ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှုများ

အသက် ၅၀ ကျော်လာရင် သက်ကြီးကျန်းမာရေးအတွက် ဂရုစိုက်ရတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်အောင် ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်ရတော့မှာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်တာကြောင့် သင့်မှာရှိနေတဲ့ရောဂါတွေက ဆိုးဆိုးရွားရွားမဖြစ်ခင် ကြိုတင်သိရှိကာ စောစောကုသမှု ခံယူနိုင်တဲ့အတွက် ပျောက်ကင်းနိုင်နှုန်း များပြားနိုင်ပါတယ်။
ဒါ့ပြင် မိမိရဲ့ ဘဝနေထိုင်မှုပုံစံကိုလည်း ကျန်းမာရေးနဲ့ညီညွတ်မှုရှိအောင် ပြုပြင်ပြောင်းလဲ ကျင့်သုံးရတော့မှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆေးလိပ်နဲ့ အရက်သောက်တာ၊ ကျန်းမာရေးနဲ့ညီညွတ်မှုမရှိတဲ့ အစားအစာ စားသုံးတာနဲ့ ကိုယ်လက်လှုပ်ရှားမှု အားနည်းတာတွေက ကင်ဆာ၊ ဆီးချို၊ အဝလွန်နဲ့ နှလုံးသွေးကြောရောဂါတွေလိုမျိုး နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေများပြားတာနဲ့ ဆက်စပ်မှုရှိတဲ့အတွက် ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။
အောက်ပါတို့က အသက် ၅၀ ကျော်သူတွေ ပုံမှန်ပြုလုပ်သင့်တဲ့ ကျန်းမာရေး စစ်ဆေးမှုတွေ ဖြစ်ကြပါတယ်။

သွေးတွင်းသကြားဓာတ် စစ်ဆေးခြင်း
အသက် ၄၅ နှစ်ကျော်သူတိုင်း သွေးတွင်းမှာရှိနေတဲ့ သကြားပမာဏကို စစ်ဆေးမှု ပြုလုပ်ရပါမယ်။ သင့်မှာ သွေးတွင်းသကြားပမာဏ မြင့်မားနေတဲ့ လက္ခဏာ( အကြောင်း ရင်းမရှိဘဲ ဝိတ်ကျသွားတာ၊ အနာကျက်နှေးတာ ဒါမှမဟုတ် တစ်ချိန်လုံးရေငတ်နေတာ) ရှိနေရင်လည်း သွေးတွင်းသကြားပမာဏကို စစ်ဆေးရပါမယ်။

HbA1c test ဆိုတာက ဂလူးကို့စ်နဲ့ တွယ်ကပ်နေတဲ့ သွေးထဲမှာရှိတဲ့ ဟေမိုဂလိုဘင်ပမာဏကို စစ်ဆေးတာဖြစ်ပြီး ဒီစစ်ဆေးမှုက ဆီးချိုရောဂါရှိသူနဲ့ ဆီးချိုအကြို ဖြစ်နေသူတွေအတွက် အရေးကြီးတဲ့ စစ်ဆေးမှု ဖြစ်ပါတယ်။

သွေးတွင်းကိုလက်စထရောပမာဏ စစ်ဆေးခြင်း
သင့်သွေးထဲမှာရှိနေတဲ့ အဆီ ဒါမှမဟုတ်Lipidsအမျိုးအစား ၄ မျိုးကို စစ်ဆေးမှု ပြုလုပ်ရပါမယ်။ သွေးတွင်းမှာရှိနေတဲ့ ကိုလက်စထရော စုစုပေါင်းပမာဏ၊ မကောင်းတဲ့ကိုလက်စထရော Low density cholesterol၊ ကောင်းတဲ့ကိုလက်စထရောHigh density cholesterol နဲ့ ထပ်ပြန်ကြော်ဆီ Triglyceride တို့ရဲ့ပမာဏကိုစစ်ဆေးမှု ပြုလုပ်ရပါမယ်။ ဒီအထဲမှTriglyceride က မကောင်းဆုံးသော ကိုလက်စထရောဖြစ်ပြီး သူကသွေးထဲမှာရှိနေတဲ့ ပမာဏများလွန်းနေရင် နှလုံးသွေးငတ်တာ၊ လေဖြတ်တာနဲ့ သွေးကြောပိတ်ဆို့တာတွေ ဖြစ်နိုင်ခြေ များပြားပါတယ်။

သွေးဖိအားစစ်ဆေးခြင်း
အသက် ၅၀ ကျော်သူတွေအနေနဲ့ သွေးတိုးရှိနေတာက အန္တရာယ်အလွန်များ ပါတယ်။ သူ့ကြောင့် နှလုံးသွေးကြောရောဂါရရှိနိုင်ပြီး နှလုံးသွေးငတ်တာ၊ လေဖြတ်တာနဲ့ ကျောက်ကပ်ရောဂါလိုမျိုး အသက်အန္တရာယ်ရှိနိုင်တဲ့ ရောဂါတွေ ရရှိနိုင်ပါတယ်။

ကျောက်ကပ်လုပ်ငန်းဆောင်တာစစ်ဆေးခြင်း
ဆီးချိုရောဂါနဲ့ သွေးတိုးရောဂါရှိသူတိုင်း ပြင်းထန်တဲ့ကျောက်ကပ်ရောဂါ ရရှိနိုင်တဲ့အတွက် ကျောက်ကပ်လုပ်ငန်းဆောင်တာအတွက် စစ်ဆေးမှုပြုလုပ်ရပါမယ်။

PSA test
အမျိုးသားအားလုံးက ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေရှိပေမဲ့ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေ ဖြစ်ပါတယ်။ PSA test ဆိုတာက သွေးထဲက ဆီးကျိတ်မှ ထုတ်လုပ်ပေးတဲ့ ပရိုတင်းပမာဏကိုစစ်ဆေးတာ ဖြစ်ပါတယ်။ PSA ပမာဏများပြား နေတာက ဆီးကျိတ်ကင်ဆာ ဒါမှမဟုဆ် ဆီးကျိတ်နဲ့ပတ်သက်တဲ့အခြေအနေကို ဖော်ပြနေတာ ဖြစ်ပါတယ်။

အူမကြီးကင်ဆာ စစ်ဆေးခြင်း
အသက် ၄၅ နှစ်ကျော်သူတိုင်း အူမကြီးအတွင်း မှန်ပြောင်းနဲ့ ကင်ဆာကျိတ် ဒါမှမဟုတ် အတက်ထွက်တာ ရှိ၊ မရှိ စစ်ဆေးမှု ပြုလုပ်ရပါမယ်။

Mammogram test
အမျိုးသမီးတွေအတွက်ဖြစ်ပြီး သားမြတ်မှာ ကင်ဆာ ရှိ၊ မရှိစစ်ဆေးမှု ပြုလုပ်တာ ဖြစ်ပါတယ်။

Pap smear
အမျိုးသမီးတွေ သားအိမ်ခေါင်းကင်ဆာအတွက် ပြုလုပ်ရမယ့် စစ်ဆေးမှု ဖြစ်ပါတယ်။

မျက်စိစစ်ဆေးခြင်း
၁-၃ နှစ် ကြာတိုင်း မျက်စိအမြင်အာရုံနဲ့ တခြားမျက်စိပြဿနာ ရှိ၊ မရှိကို စစ်ဆေးမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။

သိုင်းရွိုက်အတွက်စစ်ဆေးခြင်း
သင့်သိုင်းရွိုက်က အလုပ်မလုပ်နိုင်တာလား အလုပ်လွန်နေတာလားဆိုတာကို စစ်ဆေးမှုပြုလုပ်တာ ဖြစ်ပါတယ်။

ယူရစ်အက်စစ် စစ်ဆေးခြင်း
သွေးဖောက်ပြီး သွေးထဲမှာရှိနေတဲ့ ယူရစ်အက်စစ်ပမာဏကို စစ်ဆေးမှု ပြုလုပ်တာ ဖြစ်ပါတယ်။ ကျောက်ကပ်ကျောက်တည်တာ၊ ဂေါက်ရောဂါ ဒါမှမဟုတ် ကင်ဆာကုထုံးရဲ့သက်ရောက်မှုကိုစစ်ဆေးဖို့ အကူအညီ ရရှိနိုင်ပါတယ်။

ကယ်လ်စီယမ် စစ်ဆေးခြင်း
သွေးထဲမှာရှိနေတဲ့ ကယ်လ်စီယမ်ပမာဏကိုစစ်ဆေးတာ ဖြစ်ပါတယ်။ အရိုး၊ သွား၊ ကျောက်ကပ်၊ နှလုံးနဲ့ အာရုံကြောပြဿနာတွေရဲ့ အဖြေကိုရှာဖို့ အသုံးဝင်နိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal