လေတိုက်တိုင်း ဝိတ်တက်နေတယ်လို့ ထင်ရလောက်တဲ့အကြောင်းက ဘာလဲ

ဘာကြောင့်မှန်းမသိ လေတိုက်တိုင်း ကိုယ်အလေးချိန်တက်တယ်လို့ ထင်ရ လောက်အောင်ကို တဖြည်းဖြည်း ၀လာနေ တာကြောင့် သင့်ကိုယ်သင် စိတ်ညစ်နေပြီ လား။ ၀စေတဲ့အကြောင်းတရားတွေရှိနေ လို့သာ ကိုယ်အလေးချိန်တွေ တက်လာရ တာပါ။ ဘာတွေကြောင့်များ ဖြစ်မလဲဆိုတာ လေ့လာကြည့်ရအောင် . . .။

အိပ်ပျက်များခြင်း
အိပ်ပျက်များတာနဲ့ ကိုယ်အလေး ချိန်တက်တာက ဆက်စပ်မှုရှိပါတယ်။ သင်က အလုပ်များတာကြောင့် အိပ်ချိန် နောက်ကျတာရှိသလို အပျော်အပါးများ တာကြောင့် အိပ်ပျက်များတာတွေလည်း ရှိပါတယ်။ အိပ်ပျက်ခံအလုပ်လုပ်တဲ့အခါ ညလယ်စာစားမိတာကြောင့် ကယ်လိုရီ အပိုရရှိစေပါတယ်။ ဒါ့အပြင် အိပ်ပျက် များတဲ့အခါ ခန္ဓာကိုယ်မှာ ဇီဝဖြစ်ပျက်မှု တွေကြောင့် ဟော်မုန်းပမာဏ ပြောင်းလဲ သွားစေပါတယ်။ ဒီပြောင်းလဲမှုကြောင့် ဆာလောင်မှုဖြစ်စေပြီး အစာစားပြီးရင် တောင် ဗိုက်မပြည့်သလို ခံစားရစေပါ တယ်။

စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများတဲ့အခါ ခန္ဓာကိုယ်မှာ ဟော်မုန်းကော်တီစောထွက်ရှိပါတယ်။ အဲဒီဟော်မုန်းက အစာစားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် စိတ်ဖိစီး မှုများနေချိန်တွေမှာ ကယ်လိုရီများတဲ့ အ စားအစာတွေကို စားမိစေပါတယ်။ စိတ်ဖိ စီးမှုများချိန်မှာ အစာစားချင်စိတ်ရှိတာ ရယ်၊ ကယ်လိုရီများတဲ့အစားအစာတွေကို စားမိစေတာတွေကြောင့် စိတ်ဖိစီးမှုများ လေ ကိုယ်အလေးချိန်တက်လေပါပဲ။

စိတ်ကျရောဂါကုဆေး သောက်နေရခြင်း
စိတ်ကျရောဂါကုဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကိုယ်အလေး ချိန်တက်စေပါတယ်။ စိတ်ကျရောဂါကု ဆေးတွေကို ကြာရှည်စွဲသောက်နေရသူ တွေရဲ့ ၂၅ ရာခိုင်နှုန်းမှာ ကိုယ်အလေး ချိန်သိသိသာသာ တက်လာတာကို တွေ့ရ ပါတယ်။ သင်သောက်နေတဲ့ စိတ်ကျရော ဂါကုဆေးကြောင့် ကိုယ်အလေးချိန်တက် လာတယ်ထင်ရင်တော့ ဆရာဝန်နဲ့တိုင်ပင် ပြီး တခြားဆေးဝါးကို ပြောင်းလဲသောက် သုံးပါ။

စတီးရွိုက်ဆေးများ သောက်သုံးနေရခြင်း
ရောင်ရမ်းမှုလျော့ကျစေဖို့ သုံးတဲ့ စတီးရွိုက်ဆေးဖြစ်တဲ့ ပရက်နီဆိုလုံးဆေး က ကိုယ်အလေးချိန်ကို တက်စေပါတယ်။ ခန္ဓာကိုယ်ထဲကို ရေပြန်ဆွဲထားတာ၊ အစာ စားချင် စိတ်ဖြစ်ပေါ်စေတာတွေက ကိုယ် အလေးချိန်တက်စေတဲ့ အဓိက အကြောင်း တွေပါ။ စတီးရွိုက်ဆေးတွေက ကိုယ်အ လေးချိန်တက်စေတယ်ဆိုပေမယ့် သောက်ရတဲ့ဆေးပမာဏနဲ့ ဘယ်လောက် ကြာကြာ သောက်သုံးရလဲဆိုတာအပေါ်မူ တည်ပါတယ်။ စတီးရွိုက်ဆေးကို ကြာရှည် သုံးစွဲနေရသူတွေမှာ မျက်နှာ၊ လည်ကုပ်နဲ့ ဝမ်းဗိုက်နေရာတွေမှာ သိသိသာသာပြောင်း လဲတတ်ပါတယ်။

ကိုယ်အလေးချိန်တက်စေသော ဆေးများ သောက်သုံးနေရခြင်း
ဆရာဝန်ညွှန်ကြားချက်နဲ့ သောက် သုံးရတဲ့ဆေးအတော်များများကလည်း ကိုယ်အလေးချိန်တက်စေပါတယ်။ ခေါင်း တစ်ခြမ်းကိုက်ရာမှာ အသုံးပြုတဲ့ဆေး တွေ၊ အတက်ကျဆေးတွေ၊ သွေးတိုးရော ဂါကုသဆေးတွေနဲ့ ဆီးချိုသွေးချိုရောဂါ ကုသဆေးတွေက ကိုယ်အလေးချိန်တက် စေပါတယ်။ ကိုယ်အလေးချိန်တစ်နေ့ တ ခြားတက်လာခဲ့ရင် သင်သောက်နေတဲ့ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်တာ ကြောင့် ဆရာဝန်နဲ့ ပြန်လည်ပြသတဲ့အခါ ဒီအချက်ကို ပြောပြဖို့လိုပါတယ်။

ပဋိသန္ဓေတားဆေးများ သောက်သုံးနေခြင်း
ပဋိသန္ဓေတားဆေး သောက်သုံးနေ တာကြောင့်လည်း ကိုယ်အလေးချိန်တက် နိုင်ပါတယ်။ အီစထရိုဂျင်ဟော်မုန်းနဲ့ ပရို ဂျက်စတင်ဟော်မုန်းပေါင်းစပ်ထားတဲ့ ပဋိသန္ဓေတားဆေးတွေက ကိုယ်အလေး ချိန်တက်စေတယ်ဆိုပေမယ့် အကြောင်း ရင်းကိုတော့ တိတိကျကျမသိရှိသေးပါ ဘူး။ တချို့တွေက ခန္ဓာကိုယ်က ရေပြန် ဆွဲတာကြောင့်ဆိုပေမယ့် ခဏသာ ကိုယ် အလေးချိန်တက်တာလို့လည်း ယုံကြည် ကြပါတယ်။ ပဋိသန္ဓေတားဆေးကြောင့် ကိုယ်အလေးချိန်တက်တာက ပြန်ကျမ သွားဘဲ ဖြစ်နေရင်တော့ ဆရာဝန်နဲ့ တိုင် ပင်ပြီး ပဋိသန္ဓေတားနည်း ပြောင်းလဲပါ။

သိုင်းရွိုက်ဟော်မုန်းလျော့နည်းခြင်း
လည်ပင်းရဲ့အခြေမှာရှိတဲ့ သိုင်းရွိုက် ဂလင်းက သိုင်းရွိုက်ဟော်မုန်း လုံလုံ လောက်လောက်မထုတ်နိုင်တဲ့အခါ မော ပန်းနွမ်းနယ်တာ၊ အားနည်းတာ၊ ချမ်းတာ နဲ့ ကိုယ်အလေးချိန်တက်တာတွေကို ခံစားရပါတယ်။ ခန္ဓာကိုယ်မှာ သိုင်းရွိုက် ဟော်မုန်းမလုံလောက်တာကြောင့် ဇီဝရုပ် ဖြစ်ပျက်မှုတွေ နှေးကွေးသွားပြီး ကိုယ်အ လေးချိန်တက်လာစေပါတယ်။ သိုင်းရွိုက် ဟော်မုန်းနည်းရတဲ့အကြောင်းကို ကုသဖို့ လိုပါတယ်။

သွေးဆုံးချိန်ရောက်ခြင်း
အမျိုးသမီးအများစုက အသက်ကြီး ရင် ၀လာတတ်တာ သဘာဝတရားပဲလို့ ထင်မြင်နေတတ်ပါတယ်။ အမျိုးသမီး တွေဟာ သွေးဆုံးချိန်နီးလာတဲ့အခါ ခန္ဓာ ကိုယ်မှာ မဟော်မုန်းဖြစ်တဲ့ အီစထရိုဂျင် လျော့နည်းတာကြောင့် ကိုယ်အလေးချိန် တက်လာရတာပါ။ သင့်အသက် ၄၀-၅၀ ဝန်းကျင်လောက်မှာ ဟော်မုန်းပမာဏ ပြောင်းလဲမှုဖြစ်တတ်ပါတယ်။ အသက် ကြီးလာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ် ပျက်မှုနှေးလာတာ၊ ခန္ဓာကိုယ်မှ ကယ်လို ရီသုံးစွဲမှုနည်းလာတာ၊ နေထိုင်မှုပုံစံတွေ ပြောင်းလဲလာတာ၊ လေ့ကျင့်ခန်းမလုပ် တာတွေကြောင့်လည်း သင့်ကိုယ်အလေး ချိန် တက်လာစေပါတယ်။ မီးယပ်သွေး ဆုံးချိန်မှာ တင်နဲ့ ပေါင်နေရာတွေအစား ခါးပတ်ပတ်လည်မှာ အဆီတွေစုပြီး ၀လာ စေပါတယ်။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal