WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း

WHO က ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေဟု သတ်မှတ်လိုက်သည့် မျောက်ကျောက်ရောဂါအကြောင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကိုဗစ်ကပ်ရောဂါကို ကမ္ဘာ့တစ်လွှားက တိုက်ထုတ်နေစဉ်မှာပဲ ကမ္ဘာ့နိုင်ငံအများအပြားကို ပျံ့နှံ့နေပြီ ဖြစ်တဲ့ မျောက်ကျောက်ရောဂါကို WHO က ယခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေး အရေးပေါ်အခြေအနေလို့ သတ်မှတ်ပေးလိုက်ပါတယ်။ မျောက်ကျောက်ရောဂါက ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာကြောင့် ဖြစ်ပြီး ရောဂါ လက္ခဏာတွေက ကျောက်ရောဂါ Smallpox နဲ့ ဆင်တူပါတယ်။ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးရဲ့ ဗဟိုဌာနရဲ့ အဆိုအရ မျောက်ကျောက်ရောဂါ ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၇၅ နိုင်ငံကျော်ပြီလို့ သိရပါတယ်။

#မျောက်ကျောက်ရောဂါရဲ့လက္ခဏာ။
မျောက်ကျောက်ရောဂါက အဖြစ်များလာတာမို့ ရောဂါရဲ့လက္ခဏာတွေကို သိရှိရင် ရောဂါ မပျံ့ပွားအောင်ကာကွယ်နိုင်ပြီး အချိန်မီကုသနိုင်ပါလိမ့်တယ်။ ဒါပေမဲ့ ပြဿနာက ဒီရောဂါရဲ့ စောစောစီးစီး လက္ခဏာတွေက တစ်ခြားရောဂါတွေ နဲ့ မှားယွင်းတတ်တာကြောင့် ရှာဖွေရ ခက်ခဲနိုင်ပါတယ်။ ရောဂါ စစ်ဆေးမှုလျော့နည်းတာနဲ့ ရောဂါရဲ့ လက္ခဏာတွေကို သေချာ မသိရှိတာကြောင့် ရောဂါကူးစက်နှုန်း ပိုမို များပြားနိုင်တဲ့အတွက် မျောက်ကျောက်ရောဂါနဲ့ ပတ်သက်တဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။

#စောင့်ကြည့်ရမည့်စောစောစီးစီးလက္ခဏာ။
မျောက်ကျောက်ရောဂါ ကူးစက်ခံရပြီး ၅-၂၁ ရက်အကြာမှ မျောက်ကျောက်ရောဂါရဲ့ စောစောစီးစီး လက္ခဏာတွေ ပေါ်ပေါက်တတ်ပါတယ်။ အဖျားရှိတာ၊ တုန်ချမ်းချမ်းတာ၊ ခေါင်းကိုက်တာ၊ ခါးကိုက်တာ၊ ကြွက်သားနာကျင်တာ၊ မောပန်းနေတာနဲ့ အကျိတ်တွေရောင်ရမ်းနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို တုပ်ကွေးနဲ့ ဆင်တူတဲ့ လက္ခဏာတွေအပြင် အရေပြားမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။ အရေပြားပြဿနာတွေက ရေယုန် ဒါမှမဟုတ် ကာလသားရောဂါနဲ့ မှားယွင်းနိုင်ပါတယ်။ တစ်ခြားစောစောစီးစီး လက္ခဏာတွေက စအိုအတွင်းမှာ ဖြစ်နေတာမျိုး ရှာဖွေတွေ့ရှိဖို့ ခက်ခဲနိုင်ပါတယ်။ လိင်အင်္ဂါမှာအနာဖြစ်တာ၊ ပါးစပ်အတွင်းအနာပေါက်တာနဲ့ စအိုမှာ အနာပေါက်တာတွေကလည်း မျောက်ကျောက်ရောဂါရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ရောဂါရှိသူ ဆယ်ယောက်မှာ တစ်ယောက်နှုန်းက လိင်အင်္ဂါအရေပြားမှာ အနာပေါက်တတ်ကြပြီး ၁၅% လောက်က စာအိုနာကျင်တဲ့ လက္ခဏာ ပြတတ်ပါတယ်။ တစ်ချို့တွေကလည်း စာအိုနဲ့ ခံတွင်းမှာ အနာပေါက်နေတာကြောင့် အစာမျိုရတာ ခက်ခဲနိုင်ပါတယ်။ဒီလို ဖြစ်နေတာကို မိမိကိုယ်တိုင် မသိရှိတဲ့အတွက် တစ်ခြားသူတွေဆီကို ကူးစက် ပျံ့နှံ့ နိုင်ပါတယ်။

#နောက်ပိုင်းလက္ခဏာ။
မျောက်ကျောက်ရောဂါရဲ့ စောစောလက္ခဏာတွေပေါ်ပေါက်ပြီး ၁- ၅ ရက် အကြာမှာအရေပြားပေါ်မှာ အရည်ကြည်ဖုတွေ ပေါက်လာတတ်ပါတယ်။ မျက်နှာမှာ အရင်ဆုံးပေါ်ပေါက်လာပြီး မှခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်း တွေမှာ အရည်ကြည်ဖုတွေ ထွက်လာပါတယ်။ ရောဂါ ပြန်လည်ကောင်းမွန်စ ပြုလာရင် အရည်ကြည်ဖုတွေ ပြန်လည် ကွာကြ သွားပါတယ်။ ဒါ့ကြောင့် အရည်ကြည်ဖုတွေ ပေါ်ထွက်လာရင် ဆရာဝန်နဲ့ ပြသကာ လိုအပ်တဲ့ ကုသမီုတွေကို ခံယူရပါမယ်။ အိမ်မှာလည်း တစ်ဦးထဲ သီးသန့်နေကာ တစ်ခြားလူတွေနဲ့ ထိတွေ့မှု မရှိအောင် ရှောင်ကြဉ် ရပါမယ်။

#မျောက်ကျောက်ရောဂါကတစ်ယောက်နဲ့တစ်ယောက်ဘယ်လိုကူးစက်နိုင်ပါသလဲ။
အောက်ဖော်ပြပါတွေက လူတစ်ယောက်နေ နောက်တစ်ယောက်ကို မျောက်ကျောက်ရောဂါ ကူးစက်နိုင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။

#အရေပြားမှတစ်ဆင့်တိုက်ရိုက်ကူးစက်ခြင်း။
အမေရိကန်နိုင်ငံ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဗဟိုဌာနရဲ့ အဆိုအရ မျောက်ကျောက်ရောဂါက ရောဂါရှိသူရဲ့ အနာ၊ အနာဖေး နဲ့ အရေပြားအချင်းချင်း ထိတွေ့ရာမှ ဒါမှမဟုတ် ခန္ဓာကိုယ်အရည် နဲ့ တိုက်ရိုက်ထိတွေ့ရာမှ လူတစ်ယောက်နဲ့ တစ်ယောက် ကူးစက်နိုင်တယ်လို့ သိရပါတယ်။ရောဂါရှိသူနဲ့ လိင်ဆက်ဆံ( ကျား-မ vaginal sex၊ကျား-ကျား Anal sexနဲ့ oral sex )ပြုလုပ်တာ ဒါမှမဟုတ် လိင်အင်္ဂါတွေကို ထိတွေ့နေတာ၊ အနှိပ်ခံတာ၊ အနမ်းပေးတာ နဲ့ တစ်ယောက်မျက်နှာနဲ့ တစ်ယောက် အကြာကြီး ထိတွေ့နေတာကြောင့် မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။
လေ့လာမှု အများအပြားအရ မျောက်ကျောက်ရောဂါ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးက ရောဂါရှိသူရဲ့ သုတ်ရည်ထဲ မှာ ရောဂါ ပြန်လည်ကောင်းမွန်ပြီးနောက်ပိုင်း ရက်သတ္တပတ် များစွာရှိနေတတ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် မျောက်ကျောက်ရောဂါကို လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါလို့တောင် သံသယ အဝင်ခံရပါတယ်။ အမှန်မှာတော့ သူက ရောဂါရှိသူနဲ့ အနီးကပ် ထိတွေ့မှု ရှိသူတိုင်း ကူးစက်နိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။

#ရောဂါရှိသူရဲ့အဝတ်အစား၊အိပ်ရာခင်းဒါမှမဟုတ် မျက်နှာသုတ်ပဝါကိုမျှဝေသုံးစွဲရာမှလည်းကူးစက်နိုင်။
မျောက်ကျောက်ရောဂါရှိသူ သုံးစွဲထားတဲ့ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပိုးသန့်စင်ထားမှု မရှိပဲ ထိတွေ့တာ၊ အသုံးပြုတာတွေကို မပြုလုပ်ရပါလို့ ရောဂါ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာန က သတိပေးထားပါတယ်။
မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသူမှ သူရောဂါဝေဒနာ စတင်ဖြစ်ပေါ်ချိန်က စပြီး အရေပြားကအဖုအပိမ့်တွေ လုံးဝပျောက်ကင်းပြီး အနာဖေးကွာကျကာအရေပြားအသစ်ထွက်ပေါ်လာတဲ့ အချိန်အထိ အခြားသူကို ကူးစက်နိုင်ပါတယ်။ ဒါက အကြမ်းပြင်း အားဖြင့် ၂-၄ ပတ်လောက်ကြာပါတယ်။

#မျောက်ကျောက်ရောဂါကနှာခြေ၊ချောင်းဆိုးရာမှ ကူးစက်နိုင်ပါသလား။
သူက အရေပြားအနာမှတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက်အရေပြားချင်းထိတွေ့ရာမှ ကူးစက်နိုင်သလို လိင်ဆက်ဆံရာမှ ခန္ဓာကိုယ်အရည်တွေ ထိတွေ့ပြီး ကူးစက်နိုင်တယ်ဆိုပေမဲ့ နှာခြေ၊ ချောင်းဆိုးရာမှထွက်ပေါ်လာတဲ့ အသက်ရှူလမ်းကြောင်းအရည်တွေကြောင့်လည်း ရောဂါ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။
ဒါ့ကြောင့် မျောက်ကျောက်ရောဂါရှိတယ်လို့ သံသယဝင်နေသူက နှာခြေ၊ ချောင်းဆိုး၊ လည်ချောင်းနာ ဖြစ်နေရင် သူနဲ့ အနီးကပ် မနေထိုင်ဖို့ ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဗဟိုဌာနက အကြံပေးထားပါတယ်။

#မျောက်ကျောက်ရောဂါဖြစ်န်ုင်ခြေနည်းပါးရလေအောင်။
ရောဂါ မဖြစ်အောင် ကာကွယ်ဖို့ တိရိစ္ဆာန် အသေကောင် ဒါမှမဟုတ် ဖျားနာနေတဲ့ တိရိစ္ဆာန်တွေနဲ့ ဝေးဝေးနေရပါမယ်။ တစ်ယောက်မှ တစ်ယောက် မကူးစက်နိုင်အောင် ဖျားနာနေသူ အထူးသဖြင့် မျောက်ကျောက်ရောဂါ လက္ခဏာရှိသူတွေနဲ့ ထိတွေ့မှု မရှိအောင် ရှောင်ကြဉ် ရပါမယ်။ ဖျားနာသူတွေနဲ့ အိပ်ရာခင်း၊ မျက်နှာသုတ်ပဝါနဲ့ အသုံးအဆောင် ပစ္စည်းတွေကို မျှဝေ မသုံးစွဲရပါ။ တတ်နိုင်သမျှ မကြာခဏ လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင်တေးကြောပါ။ အထူးသဖြင့် အစာမစားခင်နဲ့ ချက်မပြုတ်ခင်မှာပါ။

#ကုသနည်း။
လောလောဆယ် မျောက်ကျောက်ရောဂါအတွက် သီးသန့်ကုသနိုင်တဲ့ နည်းလမ်း မရှိသေးပါ။ သူကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က ကျောက်ရောဂါဗိုင်းရပ်စ်ပိုးနဲ့ မျိုးရိုးဗီဇချင်း တင်တူတာကြောင့် antiviral ဆေးဝါးနဲ့ ကျောက်ရောဂါကာကွယ်ဆေး တွေကို မျောက်ကျောက်ရောဂါကုသမှုနဲ့ ကာကံယ်ဖို့အတွက် အသုံးပြုနိုင်ပါတယ်။ အမေရိကန်ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဗဟိုဌာနက Antiviral ဆေးဝါးတွေကို ခုခံအားကျဆင်းနေတာလိုမျိုး ရောဂါပြင်းထန် တဲ့သူတွေကို အသုံးပြုဖို့ အကြံပေးထားပါတယ်။
မျောက်ကျောက်ရောဂါရဲ့ လက္ခဏာတွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသင်္ပြး လိုအပ်တဲ့ ကုသမှုကို ခံယူရပါမယ်။

 

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal