ဆံပင်ပါးတာကို မသိသာအောင် ဘယ်လိုဖုံးဖိကြမလဲ

ဆံပင်ပုံစံပြောင်းပါ
ကလေးမွေးပြီးချိန်မှာ မိခင်တိုင်းလိုလိုဟာ အနည်းနဲ့အများဆိုသလို ဆံပင်ကျွတ်တာကြောင့် သင်ရဲ့ပုံစံက ကြည့်ရဆိုးနေတတ်ပါတယ်။ ကျွမ်းကျင်တဲ့ ပညာရှင်နဲ့ သင့်ဆံကေသာကို ပုံစံအသစ်ပြောင်းလိုက်တာက သင့်ကို ကြည့်ကောင်းစေပြီး ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုတိုးပွားလာစေပါတယ်။

ဆံပင်ပုံသွင်းပါ
ဆံသားထူသယောင်ထင်ရစေဖို့ ဆံပင်ပုံသွင်းပေးဖို့လည်းလိုပါတယ်။ ခေါင်းလျှော်ပြီးတဲ့အခါ ကွန်ဒီရှင်နာသုံးပါ။ ဆံသားပုံသွင်းတဲ့ Mousse ကို အသုံးပြုပြီး ဆံပင်ပုံသွင်းပေးပါ။ ဒါမှမဟုတ် အလှပြင်ဆိုင်တွေသွားပြီးလည်း ဆံပင်ပုံသွင်းနိုင်ပါတယ်။

ဆံပင်အရောင် တောက်ပြောင်ပါစေ
ဆံပင်ရဲ့အရောင်က သင့်မျက်နှာကို သက်ရောက်မှုရှိပါတယ်။ ဆံပင်တွေကျွတ်ပြီး အရောင်ကလည်း မွဲခြောက်ခြောက်ဖြစ်နေမယ်ဆိုရင် သင့်မျက်နှာ ကလည်း လန်းဆန်းမှုမရှိ၊ အရောင်မထွက်ဘဲ ဖြစ်နေတတ်ပါတယ်။ ဆံသားကို တောင်ပြောင်လှပစေတဲ့ အိမ်တွင်းနည်းလမ်းတွေ အသုံးပြုပါ။ အဆီတစ်မျိုးမျိုးနဲ့ ပေါင်းတင်တာတွေ ပြုလုပ်ပေးပါက တောက်ပြောင်လှပတဲ့ ဆံကေသာကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

ဆံပင်ခွဲကြောင်း ပြောင်းပါ
အရင်ကခွဲထားတဲ့ ဆံပင်ခွဲကြောင်းက ဆံပင်ကျွတ်တာကြောင့် ခွဲကြောင်းနေရာ ကျယ်လာတတ်ပါတယ်။ ဒါဆိုရင် သင်ဆံပင်ကျွတ်တာ ပိုမိုသိသာပြီး ကြည့်ရလည်းဆိုးပါတယ်။ ဒါကြောင့် အရင်က ဆံပင်ခွဲကြောင်း အလယ်ခွဲဖြစ်ခဲ့ရင် ဘေးဘက်ပြောင်းခွဲတာ၊ ဒါမှမဟုတ် ဘယ်ဘက်ခွဲကြောင်းကို ညာဘက်ပြောင်းခွဲတာတွေ ပြုလုပ်နိုင်ပါတယ်။

ဆံပင်ကို အလှဆင်ပါ
ဆံပင်ကို သူ့အတိုင်းထားတာထက် ခေါင်းစည်းကြိုး၊ ကလစ်၊ ဆံညှပ် လှလှလေးတွေနဲ့ အလှဆင်တတ်ဖို့လည်း လိုပါတယ်။ ဆံပင်ကျွတ်တာကို မသိသာအောင် ပြုပြင်တတ်မယ်ဆိုရင်တော့ လှပတဲ့အသွင်အပြင်ဖြစ်စေတဲ့ ဆံပင်ပိုင်ဆိုင် ဖြစ်လာမှာပါ။

ဆံနွယ်လေးတွေအတိုင်း ရှိပါစေ
ဆံပင်တွေ ဖြောင့်စင်းနေတာက ဆံနွယ်လေးတွေအတိုင်းရှိတာထက် ဆံပင်ကျွတ်ပြီးပါးနေတာ ပိုမိုပေါ်လွင်စေပါတယ်။ ဒါကြောင့် ဆံနွယ်လေးတွေ အတိုင်းပဲရှိနေပြီး လှပအောင် ပုံသွင်းထားဖို့လိုပါတယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)

Post Author: Good Health Journal