ညဘက်မှာ ကောင်းကောင်းအိပ်မပျော်ဘူးလား

နှစ်ခြိုက်စွာအိပ်ပျော်စေတာကလည်း သင့်အလှအပအတွက် အများကြီးအထောက်အကူပြုပါတယ်။ ညဘက်ကောင်းကောင်းအိပ်မပျော်တာကြောင့် မနက်ခင်းမှာ ကြည်လင်မှုမရှိဘဲ တက်ကြွတဲ့အလှကို လည်းမရရှိနိုင်ပါဘူး။ မနက်ခင်းမှာ လှလှပပနိုးထလာနိုင်စေဖို့အတွက် ညအိပ်ရာမဝင်ခင်ကတည်းက ဂရုစိုက်သင့်တဲ့အချက်တွေရှိပါတယ်။ သင့်ကိုနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပြီး အိပ်ရာနိုးလာချိန်မှာ လန်းဆန်းလှပနေစေဖို့အတွက် အောက်ပါနည်းလမ်တွေက ကူညီပေးပါလိမ့်မယ်။

အိပ်မပျော်ရတဲ့ အကြောင်းရင်းတွေ
ညဆိုရင် အိပ်မပျော်ဘူးလို့ ပြောနေကြတဲ့သူတွေအနေနဲ့ သင်ပြုလုပ်နေတဲ့ တချို့အချက်တွေက သင့်အိပ်စက်မှုကို အနှောင့် အယှက်ဖြစ်စေတာလားဆိုတာကို သတိထားမိဖို့တော့လိုပါတယ်။

ညစာ အများကြီးစားခြင်း
ညစာကို ဗိုက်အရမ်းတင်းအောင် စားလိုက်ပြီး ပရိုတင်းတွေများသွားတာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ သင့်ခန္ဓာကိုယ်က အိပ်စက်နေချိန်မှာ အစာခြေစနစ်ကို လုပ်ဆောင်ဖို့ နှေးကွေးနေတာကြောင့်ပါ။

အရက်သောက်ပြီး အိပ်စက်ခြင်း
လူအများစုက အရက်သောက်ပြီး အိပ်စက်တာက ပိုအိပ်ပျော်တယ်လို့ထင်တတ်ကြပါတယ်။ တကယ်တော့ အရက်သောက်ပြီး အိပ်ပျော်တာဟာ နိုးတစ်ဝက်၊ အိပ်တစ်ဝက်အိပ်ပျော်တာမျိုးဖြစ်တာက ပိုများပါတယ်။ အိပ်မက်မက်သလို၊ အိပ်ပျော်သလိုဖြစ်နေပြီး ကြာရင် သင့်မှတ်ဉာဏ်နဲ့ သင်ယူနိုင်စွမ်းကို လျော့နည်းလာစေပါတယ်။

ညနေခင်းတွင် ကဖင်းပါသောဖျော်ရည် သောက်ခြင်း
ကဖင်းပါဝင်တဲ့ဖျော်ရည်တွေက သင့်ကို ၁၂ နာရီလောက် လန်းဆန်းနေစေပါတယ်။ ဒါကြောင့် ညနေခင်းမှာ ကော်ဖီသောက်တာမျိုးက သင့်အိပ်စက် မှုကို အနှောင့်အယှက် ဖြစ်စေပါတယ်။

အိပ်ဆေးသောက်အိပ်ခြင်း
အိပ်ဆေးက သင့်ကိုအိပ်ပျော်စေ တာတော့မှန်ပါတယ်။ ဒါပေမဲ့ အမြဲတမ်းစွဲသုံးရင် အန္တရာယ်များပြီး နောက်ပိုင်းအိပ်ဆေးမသောက်တာနဲ့ အိပ်မပျော်တဲ့ ပြဿနာဖြစ်စေနိုင်ပါတယ်။

အိမ်မွေးတိရစ္ဆာန်နှင့်အတူအိပ်စက်ခြင်း
အိမ်မွေးတိရစ္ဆာန်လေးတွေက မကြာခဏနိုးထတတ်ကြပြီး သူတို့တွေကနိုးလာချိန်မှာ သင့်ခန္ဓာကိုယ်ပေါ်နင်းလျှောက် သွားလာတတ်ကြတာကြောင့် အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ သူတို့လေးတွေကို ကိုယ်ပိုင်အိပ်ရာလေးတွေနဲ့သီးသန့် အခန်းအပြင်မှာသိပ်ပါ။

မအိပ်ခင် တီဗီကြည့်ခြင်း
ညအိပ်ချိန်မှာ သင့်ခန္ဓာကိုယ်က အမှောင်ထုကို ခံစားတတ်ပါတယ်။ တီဗီ၊ ဖုန်း၊ လျှပ်စစ်ပစ္စည်းနဲ့ကွန်ပျူတာက အလင်းရောင်တွေက သင့်ခန္ဓာကိုယ်ကို တိုက်ခိုက်ပြီး အိပ်စက်မှုကိုအနှောင့်အယှက်ဖြစ်စေပါတယ်။ သင်ကနာရီနှိုးစက်ပေးဖို့လိုအပ်လို့ အခန်းထဲမှာ နာရီမီးအလင်းရောင်ထားရရင် အဝတ်နဲ့အုပ်ထားလိုက်ပါ။

စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များခြင်း
ဖိစီးမှု၊ စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်စိတ်တွေက သင့်အိပ်စက်မှုရဲ့ အဓိကအနှောင့်အယှက်တွေပါပဲ။ အသက်တဲ့ရှူလေ့ကျင့်ခန်းတွေပြုလုပ်ပြီး ဖိစီးမှုတွေကိုလျှော့ချပေးပါ။

နေ့ခင်းဘက်အချိန်ကြာကြာအိပ်စက်ခြင်း
နေ့ခင်းဘက်တစ်မှေးအိပ်စက်တာ က ညဘက်ကောင်းစွာအိပ်ပျော်စေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ၁၅-၄၅ မိနစ်ထက်တော့ မပိုသင့်ပါဘူး။ နေ့ခင်း အချိန်ကြာကြာအိပ်ရင် ညဘက်အိပ်မပျော်ဖြစ်စေပါတယ်။

အဝတ်အစား သက်သောင့်သက်သာ မရှိခြင်း
အိပ်စက်ချိန်မှာ သင့်အဝတ်အစားနဲ့ အိပ်ရာခင်းတွေဟာ သင့်ကို အများကြီး အထောက်ကူဖြစ်စေနိုင်ပါတယ်။ ကျပ် လွန်းတဲ့အဝတ်အစားတွေ၊ ကြယ်သီး အလုံးတွေနဲ့အလှဆင်ထားတဲ့ အဝတ်အစားတွေနဲ့ သက်သောင့်သက်သာမရှိတဲ့ အိပ်ရာခင်းတွေကြောင့် သင့်အိပ် စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အိပ်စက်ချိန်မှာ ချည်သားအိပ်ရာ ခင်းနဲ့ ညအိပ်ဝတ်စုံတွေကိုသာရွေးပါ။

ညစ်ပေသော ခြေထောက်ဖြင့်အိပ်ရာ ဝင်ခြင်း
သင့်အိပ်ရာထဲမှာ သင့်ခန္ဓာကိုယ်က ဆဲလ်သေတွေနဲ့ပြည့်နေပြီးသားပါ။ ဒါကို သင်က ခြေထောက်မသန့်ရှင်းဘဲ အိပ်ရာဝင်လိုက်မယ်ဆိုရင် သင့်ခြေထောက်က အညစ်အကြေးနဲ့ ဗက်တီးရီးယားတွေက သင့်အိပ်ရာခင်းမှာ ကောင်းကောင်းပေါက်ပွားတော့မှာပါ။ ဒါက သင့်အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်တဲ့အချက်ပါပဲ။ ခြေလက်ဆေးကြောသန့်စင်ပြီးမှ အိပ်ရာဝင်ပါ။

နှစ်ခြိုက်စွာအိပ်ပျော်စေမည့် နည်းလမ်းများ
ညအိပ်ရာဝင်ချိန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်ပြီး ကြည်ကြည်လင်လင်နိုးထလာနိုင်စေဖို့အတွက် ဖော်ပြပါနည်းလမ်းတွေကို လိုက်နာပါ။

မှောင်နေပါစေ
မီးပိတ်အိပ်ရာဝင်ကာ သက်သောင့်သက်သာလှဲအိပ်လိုက်ပါ။ မျက်လုံးပိတ်ပြီး အသက်ပြင်းပြင်းငါးကြိမ်ရှူပါ။ အခန်းမှောင်နေဖို့လိုပြီး လင်းနေတာက သင့်အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။

တင်းအားတွေဖြေလျှော့ပါ
အိပ်ရာခင်းကလည်း ပူလောင်မှု ကင်းစေပြီး နူးညံ့မှုရှိပါစေ။ ခြေသလုံးနဲ့ ခြေဖဝါးနေရာမှာ တင်းအားတွေကင်းပါ စေ။ ခြေချောင်လေးတွေကို ကုတ်လိုက်၊ ပြန်ဖြန့်လိုက် ငါးကြိမ်စီလောက်ပြုလုပ် ပေးပါ။ အသက်ရှူသွင်း၊ ရှူထုတ်ကို ဖြည်းဖြည်းချင်း ၁၀ စက္ကန့်လောက်ကြာအောင် ပြုလုပ်ပေးပါ။ ကြွက်သားတွေ တင်းမာမှု ပြေလျော့စေပါတယ်။

ဦးနှောက်မှတင်းအားတွေ ဖြေလျှော့ပါ
အိပ်ရာပေါ်လှဲလိုက်ပြီး သင့်စိတ်ထဲမှာ တင်းမာနေတယ်လို့ခံစားရတဲ့နေရာတွေကိုတွေးလိုက်ကာ စိတ်ထဲကနေ ဖြေလျှော့လိုက်ပါ။ တင်းမာနေတဲ့နေရာတစ် ခုချင်းစီကိုတွေးပြီး တစ်ချက်ချင်းဖြေလျော့ပါ။

အသက်ရှူထုတ်ပါ
အသက်ရှူသွင်းလိုက်ပြီး ငါးစက္ကန့်လောက်အောင့်ထားကာ အသက်ပြန်ရှူ ထုတ်လိုက်ပါ။ သုံကြိမ်လောက်ပြုလုပ်ပါ။

မျက်လုံးပိတ်ထားပါ
မျက်လုံးကို ပိတ်ထားတာကြောင့် ရှစ်မိနစ်လောက်ကြာတာနဲ့ အိပ်ပျော် သွားစေပါတယ်။ မျက်လုံးတွေကို အတင်းဖိ၊ ညှစ်မပိတ်ပါနဲ့။ အရေးကြောင်းတွေ ထင်စေပါတယ်။

ခံစားမှုကောင်းပါစေ
အိပ်ရာပေါ်မှာ သက်သောင့်သက်သာလေး လှဲအိပ်လိုက်ပြီး ပျော်ရာအကြောင်းတစ်ခုခုကိုတွေးလိုက်တာမျိုး၊ ပြုံးလိုက်တာမျိုးတွေက သင့်ကို စိတ်ကူးကောင်းတွေနဲ့ ပိုမိုအိပ်ပျော်စေပါတယ်။

နန်းသီရိ (ဆေးဝါး)

Post Author: Good Health Journal