အဝလွန်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများ

BMIလို့ခေါ်တဲ့ ခန္ဓာကိုယ်အရပ်နဲ့ အလေးချိန် အချိုးအစားက အမှတ် ၂၅ ထက် ကျော်ရင် WHOက ဝနေပြီလို့ သတ်မှတ်ကာ ၃၀ မှတ်ထက်ကျော်သွားရင်တော့ အ၀လွန်တယ်လို့ သတ်မှတ်ထားပါတယ်။ ယခုအခါမှာ ကမ္ဘာတစ်လွှားမှာ အဝလွန်သူပေါင်းက ၁၉၇၅ ခုနှစ်မှာရှိတဲ့ အဝလွန်သူတွေထက် သုံးဆပိုမိုများပြားနေပြီး အဝလွန်တာကြောင့် ကူးစက်ရောဂါမဟုတ်တဲ့ရောဂါတွေ အဖြစ်များလာတယ်လို့ WHO က သတိပေးထားပါတယ်။

အဝလွန်တာကြောင့် နှလုံးကို ထိခိုက်နိုင်
အဝလွန်တာကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်တွင်းအင်္ဂါစနစ် အတော်များများကို ထိခိုက်နိုင်ပြီး နှလုံးကတော့ အထိခိုက်ခံရနိုင်ဆုံးအင်္ဂါဖြစ်ပါတယ်။ အဝလွန်တာက နှလုံးရောဂါနဲ့ လေဖြတ်တာကြောင့် သေဆုံးနိုင်တဲ့ အဓိကတရားခံ ဖြစ်ပါတယ်။ BMI များလာတိုင်း ကူးစက်ရောဂါမဟုတ်တဲ့ နှလုံးသွေးကြောရောဂါ ဖြစ်နိုင်ခြေ ပိုများများ လာပါတယ်။

အဝလွန်တာကြောင့် သွေးတွင်းသကြားပမာဏ ထိခိုက်နိုင်
ဆီးချိုရောဂါ ရှိသူတော်တော်များများက အဝလွန်သူတွေ ဖြစ်ကြပါတယ်။ ခါးနေရာ တစ်ဝိုက်မှာပိုလျှံနေတဲ့ အဆီတွေစုဆောင်းမှု များလာတာကြောင့် ရောင်ရမ်းမှုတွေ ဖြစ်ပေါ်လာတဲ့အပြင် အင်ဆူလင်ကို တုံ့ပြန်နိုင်မှုလည်း နည်းပါးသွားပါတယ်။ ဒီဖြစ်ရပ်ကြောင့် ခန္ဓာကိုယ်က အဆီနဲ့ကာဗိုဟိုက်ဒရိတ်ကို ဇီဝဓာတု ဖြစ်စဉ်ပြုလုပ်တဲ့အတွက် သွေးအတွင်း သကြားပမာဏ မြင့်တက်လာပါတယ်။

အဝလွန်ခြင်းကြောင့် ကိုယ်တွင်းက အရိုးနဲ့အဆစ် ပျက်စီးနိုင်
အဝလွန်နေတာကြောင့် ခန္ဓာကိုယ်အတွင်းက အရိုးနဲ့အဆစ်အပေါ် ဖိအားသက်ရောက်မှု ပိုမိုများပြားလာပါတယ်။ အဝလွန်သူတွေက အရိုးအဆစ်ရောင်ရောဂါ ဖြစ်နိုင်ခြေ ပိုပြီးများပြားလာပါတယ်။ ခန္ဓာကိုယ်ရဲ့ ဝိတ်အပိုတွေက ဒူးဆစ်နဲ့တင်ပါး လိုနေရာမျိုးက အဆစ်နဲ့အရိုးအပေါ် ဝန်ပိနိုင်ပါတယ်။

အဝလွန်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတချို့မှာ ကင်ဆာဖြစ်ပွား
အဝလွန်တာနဲ့ ကင်ဆာရောဂါ ဆက်စပ်မှုရှိတယ်လို့ လေ့လာမှုအများအပြားမှာ တွေ့ရှိထားပါတယ်။ အဝလွန်တာနဲ့ အစာမျိုပြွန်ကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ၊ အူမကြီး၊ စအို၊ သားမြတ်၊ သားအိမ်၊ သည်းခြေအိတ်နဲ့ ကျောက်ကပ်ကင်ဆာတွေ ဆက်စပ်မှုရှိတယ်ဆိုတာက သုတေသီတွေက ထင်ထင်ရှားရှား သက်သေပြနိုင်ခဲ့ပါတယ်။

အဝလွန်ခြင်းကြောင့် စိတ်ကျန်းမာရေး ထိခိုက်နိုင်
အဝလွန်တာနဲ့ စိတ်ကျဝေဒနာ ဆက်စပ်မှုကို သက်သေမပြနိုင်သေးပေမယ့် အဝလွန် တဲ့အတွက် ရောင်ရမ်းမှုဖြစ်စဉ် ပိုများပြားလာတဲ့အခါမှာ ဦးနှောက်အတွင်းပိုင်းနေရာ တွေမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကြောင့် စိတ်ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

အဝလွန်ခြင်းကြောင့် ကိုယ်ဝန်ဆောင် နောက်ဆက်တွဲ ပြဿနာ ဖြစ်ပေါ်နိုင်
အဝလွန်တာနဲ့ မျိုးပွားအဖွဲ့ ကျန်းမာရေး ဆက်စပ်မှုရှိတယ်ဆိုတာကို အခိုင်အမာ သက်သေပြနိုင်ထားပြီး ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်တွေမှာ အဝလွန်တာကြောင့် ကိုယ်ဝန်ပျက်ကျနိုင်ခြေ၊ ကိုယ်ဝန်ဆောင် ဆီးချိုရောဂါရနိုင်ခြေ၊ ကိုယ်ဝန်ဆောင် သွေးဆိပ်တက်နိုင်ခြေနဲ့ တခြားနောက်ဆက်တွဲ ဆိုးကျိုးတွေကို ရရှိနိုင်ခြေမြင့်မားပါတယ်။

အဝလွန်ခြင်းနဲ့ အသက်ရှူလမ်းကြောင်းရောဂါ ဆက်စပ်မှုရှိ
ပန်းနာရင်ကျပ်ရောဂါနဲ့ အိပ်ရင်း အသက်ရှူရပ်တာကြောင့် အိပ်ရာမှနိုးထရခြင်း ( Sleep apnea ) နှစ်မျိုးက အဝလွန်တာနဲ့ ဆက်စပ်နေတဲ့အပေါ် အသက်ရှူလမ်းကြောင်း ပြဿနာနှစ်မျိုး ဖြစ်ပါတယ်။ အဝလွန်တာကြောင့် အသက်ရှူလမ်းကြောင်းစနစ်ရဲ့ လုပ်ငန်းတွေ ပျက်စီးသွားပါတယ်။ အဆီစုဆောင်းမှုများနေတာကြောင့် ရင်အုပ်နံရံရဲ့ ကွေးနိုင်ဆန့်နိုင်အားလျော့ကျလာပြီး အဆုတ်အတွင်းက လေလမ်းကြောင်း ကျဉ်းမြောင်းသွားတယ်လို့ သုတေသီတွေ ထုတ်ဖော်ထားပါတယ်။

ဘာလုပ်သင့်သလဲ
ဝိတ်ကျအောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာစားတာ၊ လေ့ကျင့်ခန်းပြုလုပ်တာ၊ အဆီနဲ့ သကြားလျှော့စားတာ၊ ပဲအမျိုးမျိုး၊ ကောက်နှံတစ်ခုလုံးနဲ့ ပြုပြင်မထားတဲ့ အစားအစာတွေကို ပိုမိုစားသုံးတာနဲ့ အရန်သင့်အစားအစာတွေကို ရှောင်ကြည်တာလိုမျိုး နေ့စဉ်အပြုအမူတွေကို ပြောင်းလဲရပါမယ်။ ပြုပြင်ထားတဲ့ အစားအစာတွေ အားလုံးကို ရှောင်ကြဉ်ဖို့နဲ့ လေ့ကျင့်ခန်းကိုပုံမှန်ပြုလုပ်တာက ဝိတ်ထိန်းနိုင်မယ့် အဓိကသော့ ချက်ဖြစ်ပါတယ်။

Post Author: Good Health Journal