ကျောက်ကပ်ရောဂါ ရှိသူတွေ အားဖြည့် ဆေး မှီဝဲသင့်ပါသလား ?

ကျွန်မတို့ မွေးဖွားစဉ်ကတည်းက ပါလာတဲ့ ကျောက်ကပ် တစ်စုံဟာ ကိုယ်တွင်းက အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို စွန့်ပစ်ပေးတာ၊ သွေးဖိအားကိုပုံမှန် ဖြစ်အောင် ထိန်းချုပ်ပေးတာ အပါအဝင် ကျန်းမာရေးကောင်းဖို့ အရေးပါတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပေးပါတယ်။

ဒါပေမယ့် ကျောက်ကပ်ဟာ ဓာတုပစ္စည်းပါဝင်မှု များတဲ့ အစားအစာစားတာ၊ မတော်တဆထိခိုက် ဒဏ်ရာရတာနဲ့ ကျောက်ကပ်ပျက်စီးနိုင်တဲ့ ရောဂါတွေကြောင့် ထိခိုက်လာကာနဲ့ သူ့ရဲ့ လုပ်ဆောင်ချက်တွေ ပျက်စီးနိုင်ပါတယ်။

သင့်မှာ နာတာရှည်ကျောက်ကပ်ရောဂါရှိနေရင် ဒါမှမဟုတ် ကျောက်ကပ်က အလုပ်မလုပ်နိုင်တော့ရင် သင့်အနေနဲ့ အောက်ပါ အချက်တွေကြောင့် တစ်ချို့ အာဟာရဓာတ်တွေကို လိုအပ်လာနိုင်ပါတယ်။
– နေ့စဉ် ကိုယ်တွင်းမှာ စုပုံလာတဲ့ အဆိပ်အတောက်တွေကြောင့် ခန္ဓာကိုယ်က ဗီတာမင်ကို အသုံးပြုပုံ ပြောင်းလဲသွားတာကြောင့်ပါ။
– သင်မှီဝဲရတဲ့ တစ်ချို့ဆေးဝါးတွေကြောင့် သင့်ကိုယ်က တစ်ချို့ ဗီတာမင်ကို အသုံးပြုပုံ ပြောင်းလဲ သွားတာကြောင့်ပါ။
– ကျောက်ကပ်ဆေးနေစဉ်မှာ တစ်ချို့ ဗီတာမင်တွေ ဆုံးရှုံး သွားတာကြောင့်ပါ။
– ကျောက်ကပ်ရောဂါ အတွက် အစားရှောင်ရတာကြောင့် တစ်ချို့ ဗီတာမင်တွေ ချို့တဲ့ နိုင်တာကြောင့်ပါ။
– တစ်ခါတစ်လေ အစာစားချင်စိတ် မရှိတာကြောင့် ဗီတာမင် လုံလုံလောက်လောက် မရရှိနိုင်တာကြောင့်ပါ။

ကျောက်ကပ်ဝေဒနာရှင်တွေ လိုအပ်နိုင် သော အားဆေးများ
———————————–
သင်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ သင်ရဲ့ လိုအပ်ချက်ကို ကြည့်ပြီး ဆရာဝန်က သင့်ကို အောက်ပါ အားဆေးတွေ ညွှန် ကြားနိုင်ပါတယ်။

#ဗီတာမင်Bအုပ်စု
ဗီတာမင် B အုပ်စုဝင်ဆိုပေမယ့် တစ်ခုချင်းစီက သီးခြားလုပ်ငန်းတွေ ပြုလုပ်ကြပါတယ်။ဒီထဲက ဗီတာမင် B12, B6 နဲ့ Folic acid တွေက သံဓာတ်နဲ့ အတူတူ ပူးပေါင်းပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
သွေးအားနည်းရောဂါ ဖြစ်ရင် သင့်မှာ သွေးနီဥ လုံလုံလောက်လောက် မရှိတော့ပါဘူး။
သွေးနီဥက အဆုတ်အတွင်းမှ အောက်ဆီဂျင်တွေ ကိုယ်အနှံ့ ရောက်အောင် သယ်ဆောင်ပေးပါတယ်။
Bအုပ်စုဝင်ထဲက B2, B1, pantothenic acid နဲ့ niacin တွေက သင်စားတဲ့ အစားအစာကို စွမ်းအင် အဖြစ် ပြောင်းလဲဖို့ ကူညီပေးပါတယ်။

#သံဓာတ်
သင်ကသွေးအားနည်းရောဂါအတွက် ဆေးဝါးမှီဝဲနေရရင် သံဓာတ်အားဖြည့်ဆေးသောက်ဖို့ ဒါမှမဟုတ် ထိုးဖို့ လိုအပ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက် နဲ့ မှီဝဲဖို့တော့ လိုအပ်ပါတယ်။

#ဗီတာမင်C
သူကတစ်သျူးကျန်းမာရေး အတွက်ကူညီ နိုင်ပါတယ်။အနာကျက်မြန်စေပြီး ခုခံအား မြင့်တက်နိုင်တာမို့ ကိုယ်တွင်း ပိုးမွှားတွေ မဝင်ရောက်အောင် ကာကွယ်ပေးပါတယ်။

#ဗီတာမင်D
ဗီတာမင် D က ကျန်းမာတဲ့အရိုးတည်ဆောက်ဖို့ အတွက်အရေးပါ ပါတယ်။ ကျောက်ကပ်ဆေးနေစဉ်ကာလတွေမှာ ဗီတာမင်D ကိုမှီဝဲဖို့ လိုအပ်ပါတယ်။ဒါပေမယ့် ဆရာဝန် ညွှန်ကြားချက်နဲ့သာ သောက်ရပါမယ်။

#ကယ်လ်ဆီယမ်
ကယ်လ်ဆီယမ်က ဗီတာမင်Dနဲ့အတူ အရိုး သန်မာဖို့ ကူညီနိုင်ပါတယ်။ ကယ်လ်ဆီယမ်ကို ကျောက်ကပ်အာဟာရပညာရှင်က ညွှန်ကြားတဲ့ ပမာဏကိုသာ မှီဝဲရပါမယ်။

ကျောက်ကပ်ဝေဒနာရှင်တွေ ရှောင်ကြဉ် သင့်သော ဗီတာမင်များ
———————————–
ဗီတာမင် E, A နဲ့ K အပါအဝင် တစ်ချို့ ဗီတာမင်တွေကို ကျောက်ကပ်ဝေဒနာရှင်တွေ မမှီဝဲသင့်ပါဘူး။ ဒီဗီတာမင် တွေ ကိုကျောက်ကပ်က မစွန့်ထုတ်နိုင်လို့ ကိုယ်တွင်းမှာ စုပုံလာရင် ပျို့တာ၊ ခေါင်းမူးတာနဲ့ သေဆုံးတာ အထိတောင် ဖြစ်နိုင်ပါတယ်။
ဗီတာမင် C ကိုလည်း ပမာဏအနည်းငယ် သာ မှီဝဲရပါမယ်။ အလွန်အကျွံ မှီဝဲမိရင် အရိုးနဲ့ တစ်သျှူးတွေမှာ အော်ဇလိတ်စုပုံလာပြီး နာကျင်တာ၊ ကျောက်ကပ် ကျောက်တည်တာနဲ့ တစ်ခြားပြဿနာတွေ ဖြစ်လာ နိုင်ပါတယ်။
ဒါ့အပြင် တိုင်းရင်းဆေး၊ဓာတ်စာနဲ့ အာဟာရဖြည့်ဆေး တွေကိုလည်း ရှောင်ကြဉ် ရပါမယ်။

ကျောက်ကပ်ရောဂါ ရှိသူတွေက ဆေး အမျိုးအစားအားလုံးကို မမှီဝဲခင်မှာ ဆရာဝန်နဲ့ အရင်ဆွေးနွေး သင့်ပါတယ်။

ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal