ကျန်းမာခြင်းသည် လာဘ်ကြီး တစ်ပါးလို့ ဆိုကြပါတယ်။ ကျန်းမာနေမှလည်း စိတ်သွားတိုင်း ကိုယ်ပါနိုင်မှာပါ။ ယနေ့ခေတ်မှာ ကျန်းမာရေး ကောင်းတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ ဘက်ပေါင်းစုံက ကြိုးစားလာကြတာ တွေ့ရပါတယ်။ ဒီထဲမှာ အားကစားလုပ်တာက ကျန်းမာတဲ့ Lifestyle အတွက် မရှိမဖြစ် အရေးပါတဲ့ ကဏ္ဍတစ်ခုဖြစ်ပါတယ်။ ဒီအတွက် အားကစားကို ဝါသနာပါတဲ့ စာဖတ်ပရိသတ်တွေ ဗဟုသုတ တိုးပွားစေဖို့ ရည်ရွယ်ပြီး အားကစားနည်းပြများ၏ ဘဝနှင့် အတွေ့အကြုံများကို တွေ့ဆုံမေးမြန်းပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်။
♣ Profile ♣
Name: Mr. Maung Maung Kyi
Gym: Balance Fitness
Age: 45 years
Height: 5′ 4″
Weight: 60 kg
♣ အားကစားကို ဘယ်တုန်းက ဝါသနာပါပြီး စလုပ်ဖြစ်တာလဲ သိချင်ပါတယ် ဆရာ
ဆရာက အားကစားကို ငယ်ငယ် လေးကတည်းက ဝါသနာပါတယ်၊ အလေးမတဲ့ ကစားနည်းတွေဘာတွေ ဘာမှ မလုပ်တတ်ခင်ကတည်းက ပြေးတယ်၊ ဒိုက်ထိုးတယ်၊ Plank Bar တွေလွှဲတယ်၊ တန်းဘားခိုတယ်။ ဒါတွေကို ငယ်ငယ်ကတည်းက လုပ်နေတာ။ တစ်ကယ် ကစားဖြစ်တာက ၁၇ နှစ် လောက်မှ စကစားဖြစ်တယ်၊ အဲဒီအရွယ်မှာ လူက Free Exercises တွေ အတော်များများ ကစားပြီးသွားပါပြီ။
♣ ပြိုင်ပွဲတွေကိုရော ဘယ်တုန်းကစပြီး ဝင်ပြိုင်ဖြစ်တာလဲ သိချင်ပါတယ် ဆရာ
၁၇ နှစ်လောက်က စကစားလာတာက ဝါသနာအရ ကစားတယ်၊ သုံးလေးလ လောက် ကစားလိုက်၊ အလုပ်မအားလို့ တစ်လလောက် ပျက်လိုက်နဲ့ Target မရှိဘူး။ ပြိုင်ပွဲဝင်တဲ့အရွယ်ကကျတော့ ကစားပြီး ၁၅ နှစ်လောက်ကြာမှ ဝင်ပြိုင်ဖြစ်တာပါ။ တိတိကျကျ ပြောရရင် ၁၉၉၁-၁၉၉၂ လောက်မှ ပြိုင်ပွဲဝင်ဖို့ထိ ကစားဖြစ်တာပါ။
♣ ဆရာ ဝင်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေကိုလည်း ပြောပြပေးပါ။
ပြိုင်ခဲ့တဲ့ ပြိုင်ပွဲတွေကတော့ တော်တော်များတယ်။ ဆုမရတဲ့ ပွဲတွေ ရှိသလို ဆုရတဲ့ ပွဲတွေလည်းရှိတယ်။ ဆုရတဲ့ ပွဲတွေက ၁၇ ပွဲလောက် ရှိပါတယ်။
♣ ဆရာ Trainer တစ်ယောက်အဖြစ် ဘယ်တုန်းကစလုပ်ခဲ့တာလဲ သိချင်ပါတယ်။
၁၉၉၇-၉၈ လောက်မှာ ဆရာက အပြင်မှာ Home Personal Trainer အဖြစ်ငှားတာကို လိုက်ပြဖြစ်တယ်။ အဲ့တုန်းက Gym တွေ သေသေချာချာ အရမ်းကြီး မပေါ်သေးဘူး။
♣ Trainer တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်မယ်လို့ ဆရာထင်ပါသလဲ
Trainer တစ်ယောက်ဖြစ်ဖို့ဆိုရင် အဓိက ကတော့ ဒီအားကစားကို ပထမဆုံး အရမ်းနှစ်ခြိုက်ပြီးတော့ ဝါသနာ အရင်ပါရမယ်။ ဝါသနာ မပါဘဲနဲ့ စီးပွားရေး တစ်ခုတည်းအတွက်ကြောင့် Trainer ဖြစ်ချင်တာ အခုခေတ်မှာ အရမ်းများလာတယ်။ ကိုယ်ကိုယ်တိုင်လည်း ကစားဖို့ကို စိတ်ပါဝင်စားတာ မဟုတ်ဘူး၊ အလုပ်တစ်ခု ရဖို့အတွက်ဘဲလုပ်တဲ့ Trainer တွေ အရမ်းများလာတယ်။ ဒါ ကြောင့် Trainer တစ်ယောက်ဖြစ်ဖို့ အတွက် ပထမတစ်ချက်က ဒီအားကစားကို အရမ်းနှစ်သက်ရမယ်၊ စွဲစွဲလမ်းလမ်းကို ကစားထားဖူးရမယ်၊ ဒီ အားကစားကို ကစားလာပြီးတော့မှ သူများကို ဘယ်လိုသင်မလဲ၊ ကိုယ်က Train လိုက်တဲ့ Training တွေကို သူများက ဘယ်လို ခံစားချက်ရှိမယ်၊ ဘယ်လို Effect ရမယ်၊ ဘယ်လို Side Effect ရမလဲဆိုတာကို ကိုယ်က သိနိုင်ရပါမယ်။ အဓိက ကတော့ ကိုယ်သင်ပေးတဲ့ exercises တွေကို ကိုယ်ကိုယ်တိုင်လည်း လုပ်ခဲ့ရမယ်၊ သူများကိုလည်း သင်ပေးချင်စိတ်ရှိမှ Trainer လုပ်သင့်ပါတယ်။
♣ ဆရာ Training ပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလေ့လာလဲဆိုတာ သိချင်ပါတယ်။
Training နဲ့ ပတ်သက်လို့ကတော့ အရင် စစကစားတုန်းက ဆရာတွေ သင်ပေးတာရှိတယ်။ အလေးမရုံမှာ ကစားတဲ့ အခါမှာ ဆရာဦး ခင်မောင်ထူးဆိုတာ အလေးမဆရာပေါ့၊ သူကလည်း အဲ့တုန်းက Body Building လိုင်းပေါ်ကို ရောက်နေပြီး ကိုယ်တွေကိုလည်း သင်ပေးတာပေါ့၊ နောက်ပိုင်း လယ်ဆည်မှာ ဋ္ဌာနဆိုင်ရာ အားကစားသမားအဖြစ် လုပ်တော့လည်း ဆရာ ဦးတင့်နိုင်ဆိုတာ မောင်မြန်မာဟောင်းကြီး၊ ဝါဝါဝင်းရွှေနဲ့ မြိုင်ယံဘွား ဇာတ်ကားတွေ ဘာတွေ ရိုက်ခဲ့ဖူးတယ်။ အဲ့ဒီ့ ဆရာ ဦးတင့်နိုင်ကလည်း Body Building နဲ့ ပတ်သက်လို့ သေသေချာချာ အများကြီး သင်ပေးခဲ့တယ်။ နောက်ပြီး Senior တစ်ယောက် ရှိတယ်၊ ဆရာ တင်မောင်မြတ်ဆိုတာ၊ သူကလည်း အများကြီး သင်ပေးခဲ့တယ်။ ဒါကတော့ အားကစားသမားဘဝမှာ ဋ္ဌာနဆိုင်ရာ လက်ရွေးစင်ဘဝမှာ ကိုယ့်ကို သင်ပေးခဲ့တဲ့ဆရာတွေပေါ့။ နောက်ပိုင်း မြန်မာ့လက်ရွေးစင်ဘဝမှာလည်း ဆရာတွေသင်ပေးတာရှိပါတယ်။ အဲ့အချိန်မှာလည်း ဆရာကိုယ်တိုင်က Trainer လုပ်နေပါတယ်။ ဒီမှာ အားကစားသမားတွေက အားကစားလုပ်ရင်လည်း တခြား အလုပ်တစ်ခု ဝင်ငွေရှိနေမှ ဖြစ်တာ၊ အားကစားတစ်ခုတည်းနဲ့ ရပ်တည်လို့ မရဘူး၊ အဲ့အခါကျတော့ ဆရာတို့က Trainer လုပ်ရတယ်။ အပြင်မှာ ကိုယ့်ဘာကိုယ် ချိတ်ဆက်မိလို့ Home လိုက်ပြတာမျိုး၊ ဒါမှမဟုတ် Gym တွေမှာ သွားပြီး Personal Trainer ငှားလို့ သွားပြီး ပြတာမျိုး အဲ့တာမျိုးတွေလည်းရှိတယ်။ အဲ့လိုတောက်လျောက်လုပ်လာပြီး အခု နောက်ဆုံး Balance မှာကျတော့ ဗီယက်နမ်သွားပြီး Master Training သွားတက်ခဲ့တယ်။ ပြန်လာပြီး ဒီမှာ Boot Camp တို့၊ ဒီမှာပဲ International Certificates ပေးတဲ့ သင်တန်းတွေတော့ သုံးခုလောက် တက်ခဲ့ဖူးတယ်။ ဒါပေမဲ့ အဲ့ဒီ သင်တန်းတွေက တစ်ကယ်တမ်း ကိုယ့်ရဲ့ experience နဲ့ ယှဉ်လာတဲ့အခါ တစ်ခါတလေ ကျလို့ရှိရင် မပြောပလောက်ဖူးလို့ ခံစားရတယ်။
♣ ဆရာ အားကစားလုပ်တဲ့အခါ သောက်တဲ့ Supplements တွေရောရှိပါသလား။
ဆရာတို့ ငယ်ငယ်တုန်းကတော့ အဲ့တာတွေ မပေါ်သေးဘူး၊ ပေါ်လာတဲ့ အခါတုန်းက သောက်တယ်၊ အခုချိန်မှာတော့ သေသေချာချာ သောက်ပြီး မှီဝဲနေတဲ့ Supplements တွေ မရှိပါဘူး။ ပြိုင်ပွဲဝင်မှာလည်း မဟုတ်တော့ဘူး၊ Heavy လည်းကစားနေတာ မဟုတ်တဲ့ အခါကျတော့ Diet ကိုပဲ control လေးနဲ့ သွားပါတယ်။
♣ ဆရာအခုအရွယ်မှာ ခန္ဓာကိုယ် ထိန်းသိမ်းဖို့ ဘာတွေ လုပ်ဆောင်လဲ သိချင်ပါတယ် ဆရာ
အခုကတော့ အသက်လည်း ရလာပြီဆိုတော့ လေ့ကျင့်ခန်းတွေကိုလည်း ပြင်းပြင်းထန်ထန် မဟုတ်တော့ဘဲ ကျန်းမာရေး Fitness လောက်ပဲ ကစားဖြစ်ပါတယ်။ စားတဲ့အခါမှာလည်း အဆီကို သိပ်မစားဘူး၊ ကာဗိုဟိုက်ဒရိတ်ကို Control လေးလုပ်ပြီး စားတယ်။ ဗီတာမင်ကို များများထည့်တယ်၊ ပရိုတင်းကတော့ လိုအပ်ချက်အရ စားပါတယ်၊ အများကြီးတော့ မဟုတ်ဘူး။ အဓိက ကတော့ မနက်ပိုင်းမှာ ကာဗိုဟိုက်ဒရိတ်တွေ များများဖြည့်ပြီးတော့ နေ့လည်ပိုင်းမှာ ပရိုတင်းရယ်၊ ဗီတာမင်ရယ်၊ ကာဗိုဟိုက်ဒရိတ်ကို မျှတအောင်စားပြီး ညဘက်တွေမှာတော့ တတ်နိုင်သလောက် ဗီတာမင်လောက်ပဲ ဖြည့်ပြီးတော့ ခန္ဓာကိုယ်ကို Control လုပ်ပါတယ်။
♣ ဆရာ ရာသက်ပန် သက်သတ်လွတ် စားဖြစ်တဲ့အကြောင်းလည်း ပြောပြပေးပါအုံး
ရာသက်ပန် သက်သတ်လွတ် စဝင်ဖြစ်တာက ဒီနှစ်ဆန်းတစ်ရက်နေ့ကပါ။ အားကစားလုပ်ခဲ့တဲ့ တောက်လျှောက်ကနေပြီးတော့ အသားတွေလေ၊ သူများ အသက်တွေစားခဲ့တာ၊ သူများတွေ မိသားစု တစ်စုလုံး ဆယ်ယောက်မှာ ကြက်တစ်ကောင်စားရင် ဆရာ တစ်ယောက်တည်းနဲ့ ကြက်နှစ်ကောင် စားခဲ့တယ်၊ ကြက်ဥတစ်နေ့ အလုံးတစ်ရာ စားခဲ့တယ်။ အခုကနေစပြီးတော့ သက်သတ် လွတ်စားမယ်ဆိုရင်တောင်မှ သာမန်လူတစ်ယောက် အသက်တွေ စားလာတဲ့ လူနဲ့ ယှဉ်လို့မရသေးဘူး။ လူ သုံးယောက်စာလောက် စားခဲ့ပြီးပြီ။ အဲ့တာကြောင့် ဒီထက်ကြီးလာတဲ့ အသက်တွေမှာ သူများအသက်တွေကို စားပြီးတော့ အသက်မရှင်ချင်တော့ဘူး။ သူများတွေထက် နှစ်ဆ၊ သုံးဆလောက် စားလာတဲ့ အတွက် အရမ်းကြီး ဆိုးရွားနေတယ်လို့ ကိုယ့်ကိုယ်ကို ထင်တယ်။ ကိုယ့်ပါးစပ်ကို သချိုင်းအဖြစ်နဲ့ သူများအသက်တွေ အများကြီး ထည့်ထားပြီးပြီ။ သာမန် လူတွေ အသားစားတာက အားကစား သမားတွေအတွက် ပျင်းတောင် ပျင်းသေးတယ်လို့ ပြောလို့ရတယ်။ အခုတော့ လိုအပ်တဲ့ ပရိုတင်းဓာတ်အတွက် တစ်နေ့ကို ပဲတစ်မျိုးမျိုး ပါအောင်စားပါတယ်။
♣ အားကစားလုပ်တာအပြင် တခြားဝါသနာ ပါတာတွေရော ရှိပါသလား။
ဝါသနာကတော့ ငယ်ငယ်က လက်ဝှေ့ထိုးတာ ဝါသနာပါတယ်။ ဒါပေမယ့် အဲ့တာကို professional လက်ဝှေ့ အားကစားသမား တစ်ယောက် ဖြစ်တဲ့ အထိတော့ မလုပ်ခဲ့ဘူး၊ အလေးကစားတာကိုပဲ ပိုပြီးတော့ ဝါသနာပါတယ်။ စိတ်ဓာတ် စွမ်းအင်ကော၊ ခန္ဓာကိုယ်ရဲ့ စွမ်းအင်ကော မြင့်မားလာစေတယ်၊ အထောက်အပံ့ပေးနိုင်တယ်လို့ ခံစားရပါတယ်။ နောက်တစ်ခုကတော့ ညဘက်ကို နာရီဝက်လောက် ဖြစ်ဖြစ်၊ မိနစ် နှစ်ဆယ်လောက်ဖြစ်ဖြစ် တရားထိုင်ဖြစ်ပါတယ်။ ဒါတွေကလည်း စိတ်ဖိစီးမှုတွေကို ကာကွယ်နိုင်ပါတယ်။
♣ ဆရာ့ အနေနဲ့ ဘယ်အချိန်ထိ အားကစား ဆက်လုပ်သွားဖို့ စိတ်ကူးထားပါသလဲ။
နောက်ပိုင်းကတော့ ကျန်းမာရေး အတွက်ပဲ လုပ်သွားဖို့ ရှိပါတယ်။ အားကစားသမားတွေ အနေနဲ့ ပြိုင်ပွဲတက်ဖို့လောက်အထိ ပြိုင်ပွဲဝင်ချင်တဲ့သူတွေ ဆိုရင်လည်း train ပေးမယ်။ Trainer လုပ်ပြီးတော့ပဲ ဘဝကို အေးအေး ဆေးဆေး ဖြတ်သန်းသွားပါမယ်။ တခြား ဘာတွေလုပ်မယ်၊ အားကစားနဲ့ပတ်သက်လို့ ဘာ Certificates တွေ ထပ်ယူအုံးမယ် ဆိုတဲ့ Plan တော့ မရှိတော့ပါဘူး။
♣ ဆရာနဲ့ အားကစားလုပ်ချင်ရင် ဘယ်ကို ဆက်သွယ်လို့ရမလဲ သိချင်ပါတယ်။
Balance ကို ဆက်သွယ်လို့ ရပါတယ်၊ ဒဂုံတောင်ပိုင်းမြို့နယ်မှာလည်း ဆရာ့ ကိုယ်ပိုင် Gym Mini Fitness လေးတစ်ခု Mister Dagon ဆိုပြီး ဖွင့်ထားပါတယ်။ အဲဒီမှာ ပြိုင်ပွဲဝင်ချင်တဲ့ အားကစားသမားတွေ ကစားချင်ရင် လာကစားလို့ ရပါတယ်၊ ရိုးရိုး Fitness အနေနဲ့ ကစားချင်တဲ့သူတွေ Weight Loss, Wight Gain, ကျန်းမာရေးအရ ဆော့ချင်တဲ့သူတွေရော လာကစားလို့ ရပါတယ်။
ထူးဒါလီကိုကို တွေ့ဆုံမေးမြန်းသည်။