ကလေး ငယ်စဉ်ကတည်းက သင်ယူတတ်မြောက်ထားသင့်သော အကြောင်းအရာ ၁၀ မျိုး

ကလေးတွေက အသက်တစ်နှစ်အရွယ်ကပင်စတင်ပြီး ပတ်ဝန်းကျင်က သတင်းအချက်အလက် ပေါင်းများစွာကို လက်ခံရရှိကြပါတယ်။ ကလေးတွေက ငယ်စဉ်ကထဲက သူတို့ရဲ့ ဘာသာစကားနဲ့ သူတို့အတွက် အခြေခံကြပုံရိပ်တွေကို ပုံဖော်ပြီးသားဖြစ်ပါတယ်။ ကလေးတွေရဲ့ ဦးနှောက်ဟာ ရေမြှုပ် လိုမျိုး ဖြစ်နေတာကြောင့် တစ်ချို့အရာတွေကို ငယ်စဉ်ကာလကပင် သင်ယူထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကြီးလာတဲ့အခါမှာ သူတို့အခြေခံတတ်ထားတဲ့အရာတွေက သူမတူအောင် ထူးချွန်နိုင်ပါလိမ့်မယ်။
အောက်ဖော်ပြပါတွေက ကလေးငယ်စဉ်ကာလကစပြီး သင်ယူသင့်တဲ့ အကြောင်းအရာတွေပါ။

ဒုတိယဘာသာစကား သင်ကြားပေးခြင်း။

လေ့လာမှုတစ်ခုအရ ဒုတိယဘာသာစကား တစ်မျိုးကို တတ်ကျွမ်းထားတဲ့ ကလေးငယ်တွေဟာ ပြောင်းလဲမှုတိုင်းကို အမြန်လိုက်လျောညီထွေစွာ လိုက်လုပ်နိုင်ပြီး မှတ်ဉာဏ် ပိုထက်သန်ကာ ဘာသာ စကားနားလည်နိုင်မှု ပိုပြီးကောင်းမွန်တယ်လို့ သိရ ပါတယ်။ ဘာသာစကား နှစ်မျိုးပြောနိုင်သူတွေက အသက်ကြီးလာတဲ့အခါမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်တာလည်း နောက်ကျနိုင်တယ်လို့ ကနေဒါနိုင်ငံမှ သိပ္ပံပညာရှင်တွေက ဖော်ထုတ်ထားပါတယ်။

ရေကူးသင်ကြားပေးခြင်း။

ဘယ်ကာယလှုပ်ရှားမှုကိုမဆို ပြုလုပ်တာက ကျန်းမာတဲ့ဘဝကို ရရှိနိုင်ပါတယ်။ ရေကူးတတ်ထား တာက ကျန်းမာရေးကောင်းဖို့အတွက်သာမက အရေးကြုံလာရင် အသက်အန္တရာယ်မှ လွတ်မြောက် နိုင်ပါတယ်။ ဒါ့အပြင်ရေကူးတာကြောင့် ခြေလက် သန်မာပြီး ပူးပေါင်းဆောက်ရွက်တတ်မှု ကောင်းမွန် နိုင်ပါတယ်။ ဒါ့အပြင်ဦးနှောက်ကျန်းမာရေးလည်း ကောင်းမွန်နိုင်ပါတယ်။

စန္ဒရား၊ ဂီတာ ဒါမှမဟုတ် တူရိယာ တစ်မျိုးမျိုးကို သင်ကြားပေးခြင်း။

တူရိယာ ပစ္စည်းကို သင်ယူတတ်မြောက်တာက နားထောင်နိုင်စွမ်းတိုးတက်ကောင်းမွန်ပြီး အသက် အရွယ်ကြောင့် ဦးနှောက်စွမ်းရည် လျော့ကျတဲ့ ဖြစ်စဉ် နှေးကွေးနိုင်ပါတယ်။ တူရိယာနဲ့ တီးခတ်နေ စဉ်မှာ ဦးနှောက်ရဲ့ အကြား၊ ကြွက်သားလှုပ်ရှားမှုနဲ့ လက်ခံတဲ့ အစိတ်အပိုင်းစနစ်တွေက တက်ကြွ လာတာကြောင့်ပါ။ ဒီပညာတွေတတ်ထားတဲ့ကလေး တွေက ကြီးလာတဲ့အခါမှာ မိမိကိုယ်မိမိ ဖန်င်္တီးရှင်လို့ မိတ်ဆက်ပြီး ပတ်ဝန်းကျင်နဲ့ ဆက်သွယ်နိုင်စွမ်းပို မိုကောင်းမွန်နိုင်ပါတယ်။

အကသင်ကြားပေးခြင်း။
Karlstad တက္ကသိုလ်မှ လေ့လာမှုအရ ကခုန် တာက တက်ကျွလွန်ကလေးတွေမှာ လုပ်ဆောင်ချက် ကောင်းမွန်နိုင်တယ်လို့ သိရပါတယ်။ ကခုန်တာက ပတ်ဝန်းကျင်နဲ့ ဆက်သွယ်မှုရအောင် လမ်းဖွင့်ပေး လိုက်ပြီး သူ့ရဲ့စိတ်ခံစားချက်ကို ခန္ဓာကိုယ်ကတစ်ဆင့်ပြသနိုင်တဲ့အပြင် သီချင်းရဲ့အကူအညီနဲ့ ဖန်တီး နိုင်တာ၊ ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်တာ၊ လှုပ်ရှားမှု ကျွမ်းကျင်တာနဲ့ မိမိကိုယ်မိမိ တန်ဖိုးထား တတ်နိုင်ပါတယ်။ ကခုန်တာက ယဉ်ကျေးမှုမျိုးစုံကို ကလေးနဲ့ ရင်းနှီးစေနိုင်ပြီး ပိုပြီး ပွင့်လင်းမြင်သာမှု ရှိကာ မိမိကိုမိမိ ယုံကြည်မှုရှိလာနိုင်ပါတယ်။

သန့်ရှင်းရေး ပြုလုပ်တတ်ဖို့ သင်ကြားပေးခြင်း။

လူတိုင်းအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက နေရာတိုင်းမှာအရေးပါပါတယ်။ သန့်ရှင်းရေးပြုလုပ် တာက ကျန်းမာဖို့အတွက် အပြင်စိတ်စုစီးမှု ပိုမို ရှိနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ မိမိအတန်းနဲ့ မိမိကျောင်း ကို သန့်ရှင်းရေး လုပ်ရတာက ကျောင်းသင်ခန်းစာ တစ်ခုအနေနဲ့ သင်ယူရပါတယ်။

အသုံးပြုပြီးသားပစ္စည်းကို ပြန်လည်အသုံးပြုတတ် အောင် သင်ကြားပေးခြင်း။

အသုံးပြုပြီးသားကို ပြန်လည်အသုံးပြုတာ ကြောင့် ကမ္ဘာကြီးကို ဂရုစိုက်ရာကြပြီး နောင်လာ နောက်သားတွေ အတွက် ကောင်းမွန်တဲ့ ကမ္ဘာကြီး ကို တည်ဆောက်ပေးရာ ရောက်နိုင်ပါတယ်။ ကလေး တွေကိုလည်း ပြန်အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကို လွင့်မပစ်ပဲ ပြန်အသုံးပြုခိုင်းတာက သူတို့အတွက် ဖန်တီးနိုင်စွမ်း ပိုပြီးကောင်းမွန်နိုင်ပါတယ်။

မိမိအိမ်နေရာ၊ ပတ်ဝန်းကျင်တည်နေရာသိအောင် သင်ကြားပေးခြင်း။

ကလေးတွေကို ဦးတည်ရာလမ်းကြောင်း direction သိအောင် သင်ကြားပေးထားတာကသူတို့ ဦးနှောက်ဖွံ့ဖြိုး ဖို့အတွက်ကောင်းမွန်ပြီး သူတို့ ရောက်နေတဲ့နေရာကို အလွယ်တကူ သိမြင်နိုင်ပါ တယ်။ လေ့လာမှုတစ်ခုအရလည်း မိမိတို့သင်ယူလေ့ လာထားပြီး လမ်းကြောင်းသိနေတာတွေရဲ့ အာရုံခံ တွေက အချင်းချင်းဆက်သွယ်ပြီး ကိုယ်တွင်း GPS  တစ်ခု ဖန်တီးကာ လမ်းကြောင်းဆွဲဖို့ ဦးနှောက်ကို ကူညီပေးတာကြောင့် ခရီးတစ်ခုသွားရင် ဘယ်လမ်း ကြောင်းရွေးရမလဲဆိုတဲ့ ဆုံးဖြတ်ချက်က ပိုပြီး ကောင်းမွန်နိုင်ပါတယ်။

အချက်အပြုတ် သင်ကြားပေးခြင်း။

အချက်အပြုတ် သင်ပေးတာကြောင့် ကလေး တွေက အစားအစာနဲ့ ရင်းနှီးသွားနိုင်ပါတယ်။ ဟင်း ချက်ဖို့ ပြင်ဆင်ရာမှာ ပါဝင်ကူညီရရင် အစာစားတဲ့ အခါမှာ ပိုပြီးဂရုစိုက်လာကာ အဆင်သင့်အစားအစာ တွေကို အစားနည်းသွားနိုင်ပါတယ်။ ဟင်းချက်ရမယ့် အညွှန်းအတိုင်း လိုက်ပြီးလုပ်ဆောင်ရတာကြောင့် ပါဝင်ပစ္စည်း တစ်ခုချင်းစီရဲ့ အနံ့အရသာကို သိရှိနိုင် ပါတယ်။ အစာတိုင်းကို ဟင်းချက်လိုက်တဲ့အခါမှာ ဘယ်လို ဖြစ်သွားတတ်သလဲကို ပြသပေးထားပါ။

ပိုက်ဆံသုံးတတ်အောင် သင်ကြားပေးခြင်း။

ကျွန်မတို့က ကြီးပြင်းလာတဲ့အခါမှာ ငွေရေး ကြေးရေးကို တာဝန်ယူရတော့ပါမယ်။ ငယ်စဉ်ထဲက အသုံးနဲ့အဖြုန်းကို နားမလည်ခဲ့ရင် အမှားတွေ လုပ်မိနိုင်ပါတယ်။ ပိုက်ဆံဆိုတာ ဆုချတဲ့အရာ မဟုတ်ဘဲ Tools  တစ်ခုသာ ထြဖစ်တာမို့ စုဘူးထဲ မှာပဲစုမထားပဲ လိုအပ်တဲ့နေရာမှာ ဉာဏ်နဲ့ချင့်ချိန် သုံးတတ်အောင် သင်ကြားပေးပါ။

မိမိရဲ့စိတ်ခံစားချက်တွေကို နားလည်လက်ခံနိုင်ဖို့ သင်ကြားပေးပါ။

တစ်ချိန်လုံးပျော်ရွှင်နေရတယ်ဆိုတာ ဘယ် တော့မှ မရှိပါဘူး။သင်ရှောင်လွှဲလို့ မရနိုင်တဲ့ တစ်ချို့ စိတ်မချမ်းမြေ့ဖွယ် အခြေအနေတွေ ရှိပါတယ်။ ကလေးကို ငယ်စဉ်ထဲက စိတ်ခံစားချက်တွေကို ဘယ်လိုခွဲခြားပြီး ရွေးထုတ်ရမလဲ၊ အရာရာကို လက် ခံပြီး ရင်ဆိုင်နိုင်ရမယ်ဆိုတာကို သင်ကြားပေးထား ပါ။ စိတ်ခံစားချက်နဲ့ပတ်သက်တဲ့ ဉာဏ်ရည်ဉာဏ် သွေးက ကလေးတွေကို ဆုံးဖြတ် ချက်ပြတ်သားစေ နိုင်ပြီး ရှုပ်ထွေးတဲ့ အခြေအနေတွေကို မှန်ကန်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ပြီး တုံ့ပြန်နိုင်ပါတယ်။

♥ ဒေါက်တာခင်မိုးမိုး

Post Author: Good Health Journal