မမြင်ကွယ်ရာမှာ ရေယုန်ပေါက်တဲ့အခါ

တလောက ကျမကို လူနာတစ်ယောက်ကလာမေးပါတယ် လိင်အင်္ဂါမှာ ရေယုန်ပေါက်တာတွေအတွက် သက်သာအောင် ဘယ်လိုလုပ်ရမလဲတဲ့။ သူပြောသလို ပေါင်ခြံ၊ တင်ပါး၊ လိင်အင်္ဂါနဲ့ စအိုတဝိုက်မှာ အရည်ကြည်ဖုလေးတွေ အများကြီးပေါက်တဲ့အခါ အတော်လေးကို နာကျင်တဲ့အပြင် နေထိုင်ဂရုစိုက်ရတာ ကလည်း သိပ်အဆင်မပြေလှပါဘူး။ ဒီလိုနေရာတွေမှာပေါက်တဲ့ ရေယုန်တွေကို Genital Herpes လို့ ခေါ်ပြီး Herpes Simplex Virus Type 2 ကြောင့်ဖြစ်တာပါ။

 

လိင်အင်္ဂါမှာ ပေါက်တဲ့ရေယုန် (Genital Herpes) ဆိုတာ ဘာလဲ။
လိင်အင်္ဂါမှာ ပေါက်တဲ့ရေယုန်ဟာ ကူးစက်နှုန်းများတဲ့အပြင် ပျောက်အောင်လည်း ကုလို့ မရပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတွေကို သိထားမယ်ဆိုရင်တော့ နာကျင်၊ ယားယံတာတွေ၊ နေရခက်တာတွေကို သက်သာလျော့ပါးအောင် လုပ်လို့ရပါတယ်။ အမျိုးသမီး လေးယောက်မှာ တစ်ယောက်နှုန်းဟာ HSV2 ကူးစက်ခံနေရပြီး လူခြောက်ယောက်မှာ တစ်ယောက်ဟာ ရေယုန်ဖြစ်နေကြပါတယ်။ ဒါကြောင့် ပေါ့ပေါ့ဆဆ တွက်ထားလို့တော့ မရပါဘူး။

HSV2 ခေါ် Herpes Simplex Virus Type 2 ဟာ Herpes Simplex Virus Type 1 နဲ့ ရောဂါလက္ခဏာတွေ တော်တော်တူပါတယ်။ Herpes Simplex Virus Type 1 ကတော့ ပါးစပ်၊ လည်ချောင်း၊ နှုတ်ခမ်းနားတွေမှာ ပေါက်တာပေါ့။ HSV1 ကလည်း ဖြစ်တောင့်ဖြစ်ခဲ လိင်အင်္ဂါမှာ ရေယုန်တွေပေါက်စေတယ် လို့ မှတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် တော်တော်ရှားပါတယ်။
ရေယုန်နဲ့ ပတ်သက်ပြီး အဓိကသိထားရမယ့်အချက်ကတော့ ဒီဗိုင်းရပ်စ်ပိုးဟာ ဘယ်တော့မှ ခနာကိုယ်က ပျောက်သွားတယ်မရှိပါဘူး။ ရောဂါလက္ခဏာ မပြတာသာရှိတာပါ။ စစချင်းမှာ အနီစက်သေးသေး လေးတွေကနေ ပိုးဝင်ပြီးနောက် အရည်ကြည်ဖုလေးတွေအဖြစ် ပြောင်းသွားပါတယ်။ ဒီအဖုလေးတွေဟာ ယားယံတာကြောင့် ကုတ်မိ၊ ဖဲ့မိရာကနေ ပွင့်ထွက်သွားပါတယ်။ ဒီလိုအချိန်မျိုးဆို အရေပြားပေါ်မှာ အနာတွေဖြစ်လာတော့တာပဲ။ ရက်အနည်းငယ်လောက်ကြာတဲ့အခါမှာ အနာကျတ်လာပြီး အနာဖေးတွေတက်လာပါတယ်။ ဒါဆိုရင် ဒုတိယအဆင့်ကို ရောက်နေပါပြီ။ ဒီအဆင့်ဆိုရင်တော့ တကိုယ်လုံးကို ဗိုင်းရပ်စ်ပိုးပြန့်နေပြီလို့ပြောရပါမယ်။ ဒါပေမယ့် ရောဂါလက္ခဏာတွေတော့ မပြပါဘူး။ ငုပ်လျှိုးနေတဲ့သဘောပေါ့။

 

ရေယုန်လို့ တစ်ထစ်ချပြောနိုင်ဖို့ ဘာတွေစစ်ရမလဲ။
ရောဂါလက္ခဏာတွေကတော့ အစမှာဖော်ပြထားသလို လိင်အင်္ဂါပတ်လည်မှာ နာကျင်ယားယံတဲ့ အရည်ကြည်ဖုလေးတွေ ဖြစ်လာတာပါပဲ။ Genital Herpes မှာ ကြုံရတဲ့ နာကျင်မှုကို extremely painful အလွန့်အလွန်နာကျင်တယ်ဆိုပါတယ်။ ဆီးသွားရခက်တာတွေ၊ လိင်အင်္ဂါကနေ အရည်တွေထွက်တာတွေ ဖြစ်တတ်ပါတယ်။ တကယ်လို့ ကိုယ့်မှာ ရေယုန်ဖြစ်နေပြီလို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ ဒါမှလည်း ကိုယ့်မှာဖြစ်နေတဲ့ အနီစက်လေးတွေ၊ အဖုလေးတွေဟာ ရေယုန် ဟုတ်၊ မဟုတ် အတည်ပြုလို့ ရမှာပါ။

ဒီလို အတည်ပြုစစ်ဆေးတဲ့အခါ Herpes Virual Culture ခေါ် ပိုးမွေးတာ၊ အနာက ဆဲလ်တွေကိုယူပြီး မိုင်ခရိုစကုပ်နဲ့ ကြည့်တဲ့ Herpes Virus Antigen Test၊ PCR (Polymerase Chain Reaction Test) ဆိုတဲ့ခနာကိုယ်က အရည်တွေကိုယူပြီး ဗိုင်းရပ်စ်ရဲ့ DNA ကို စစ်တာတွေ လုပ်ပြီး အတည်ပြုရပါတယ်။

 

ဘယ်လိုကုသရမလဲ။
ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ anti-viral ဆေးပေးပြီး ကုသရပါမယ်။ ရေယုန်ဆိုတာ သေချာမှလည်း မှန်ကန်တဲ့ဆေးပေးလို့ရမှာပေါ့။ ဒီဆေးတွေဟာ ငုပ်လျှိုးနေတဲ့ ရေယုန်တွေမထွက်လာအောင် ထိန်းထားပေးနိုင်တဲ့အပြင် တခြားသူတွေဆီ ကူးစက်တာကိုလည်း လျော့နည်းစေပါတယ်။ တကြိမ်နဲ့တကြိမ် ပြန်ဖြစ်တာကိုလည်း လျော့ချပေးပြီး နာကျင်တာတွေကို သက်သာစေတာကြောင့် Quality of Life ကို ကောင်းမွန်စေတယ် ပြောရမယ်။

ပေးလေ့ရှိတဲ့ဆေးတွေကတော့ Acyclovir, Famciclovir, Valacyclovir ပါပဲ။ များသောအားဖြင့် သောက်ဆေးအဖြစ်ပေးပြီး အရမ်းဆိုးဝါးတဲ့လူနာတွေကိုတော့ အကြောဆေးအနေနဲ့ ပေးပါတယ်။

ဘယ်လိုလူတွေမှာ ဖြစ်လဲ။
Genital Herpes လိင်ကနေတဆင့် ကူးစက်တဲ့ရောဂါဆိုတော့ အပျော်အပါးလိုက်စားသူတွေ၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံသူတွေနဲ့ သူတို့တွေရဲ့ ဇနီးမယားတွေမှာ ဖြစ်နိုင်ချေများပါတယ်။ ပြီးတော့ အနာကထွက်တဲ့ အရည်တွေကို ထိမိတဲ့အခါမှာ အထူးသဖြင့် ကိုယ့်မှာလည်း အပေါက်အပြဲဒဏ်ရာတစ်ခုခု ရှိနေရင် ပိုစိုးရိမ်ရပါတယ်။

ရောဂါပိုးရှိနေတဲ့ မိခင်ကနေလည်း မီးဖွားစဉ်မှာ ကလေးကို ကူးစက်တတ်ပါတယ်။ HSV 1 ဟာ ပါးစပ်မှာ ဖြစ်တဲ့ ပိုးမို့ နမ်းရှုံ့တာ၊ သွားပွတ်တံတူတူ အသုံးပြုတာ၊ ပန်းကန်ခွက်ယောက်တွေကို တူတူအသုံးပြုတဲ့အခါတွေမှာ ကူးစက်တတ်ပါတယ်။ Oral Sex လို့ခေါ်တဲ့ ပါးစပ်နဲ့လိင်ဆက်ဆံတဲ့အခါမှာ တော့ HSV ဟာ လိင်အင်္ဂါတွေမှာပါ ကူးစက်တတ်တာကို တွေ့ရပါတယ်။

 

ဘယ်လိုကာကွယ်ရမလဲ။
ဒီဗိုင်းရပ်စ်ပိုးဒတွေဟာ လူ့ကိုယ်ခနာကနေ အပြီးအပိုင်မထွက်ဘဲ အောင်းနေတတ်ပြီး ထကြွဖို့အခွင့်အရေးကို စောင့်နေကြပါတယ်။ ဥပမာ – ကိုယ်ကဖျားနာတဲ့အခါ၊ အရမ်းပင်ပန်းနွမ်းနယ်တဲ့အခါ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ သိပ်များလာတဲ့အခါ၊ စတီးရွိုက်၊ ကီမိုလို ဆေးတွေသောက်ရတဲ့အခါ၊ AIDS လို ကိုယ်ခံအားကျစေတဲ့ ရောဂါတွေဖြစ်တဲ့အခါ၊ လိင်ဆက်ဆံစဉ် ထိခိုက်ပွန်းပဲ့မိတဲ့အခါ၊ ရာသီလာတဲ့အခါမျိုးတွေမှာ ဆိုရင် ခနာကိုယ်ရဲ့ ခုခံအားတွေ လျော့နည်းနေတတ်တဲ့အတွက် ဗိုင်းရပ်စ်ပိုးတွေအနေနဲ့ ထကြွဖို့ အခွင့်အရေးရလာပြီး ရေယုန်ထပ်ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် ဒီလိုအခြေနေတွေကြုံရင် သတိထားပြီး အားရှိအောင် ဂရုစိုက်နေထိုင်ရပါမယ်။

ကိုယ့်အိမ်ထောင်ဘက်ကလွဲလို့ လိင်ဆက်ဆံတာကို ရှောင်ကြဉ်နိုင်ရင် အကောင်းဆုံးပါပဲ။ ရေယုန်ပေါက်နေတဲ့သူနဲ့ နမ်းရှုံ့တာ၊ အတူနေတာတွေကို ရှောင်ကြဉ်ရပါမယ်။ ပါးစပ်နဲ့ လိင်ဆက်ဆံတာ၊ အကာကွယ်မပါဘဲ လိင်ဆက်ဆံတာ၊ အပျော်အပါးလိုက်စားတာတွေကို ရှောင်ရပါမယ်။ မရှောင်နိုင်ရင်တော့ ကွန်ဒုံးအသုံးပြုသင့်ပါတယ်။

 

နာကျင်တာတွေကို သက်သာအောင် ဘယ်လိုလုပ်ရမလဲ။

1. Antiviral ဆေးတွေက သက်သာစေတယ်ဆိုပေမယ့်လည်း ကိုယ့်ဘာသာအိမ်တွင်း ကုထုံးလေးတွေနဲ့ သက်သာအောင် လုပ်လို့ရတာတွေလည်း ရှိပါတယ်။ Aspirin, Acetaminophen (Paracetamol), Ibuprofen လို အကိုက်ခဲပျောက်ဆေးတွေ သောက်လို့လည်းရပါတယ်။

2. အနာရှိတဲ့နေရာကို ရေနွေးနွေးလေးနဲ့ စိမ်ပြီး ခြောက်သွေ့အောင်ပြန်သုပ်ပေးတာမျိုးကလည်း သက်သာစေပါတယ်။ အဝတ်နဲ့ သုတ်ရတာ အဆင်မပြေရင် Dryer နဲ့ ခြောက်အောင်လုပ်တာဖြစ်ဖြစ်၊ ဂွမ်းသန့်သန့်လေးနဲ့ ဖွဖွလေးသုတ်တာဖြစ်ဖြစ် လုပ်ပေးပါ။

3. ရေယုန်လိမ်းဆေးတွေလိမ်းပေးရင်လည်း အနာကျက်လွယ်တာကိုတွေ့ရပေမယ့် ဒီနည်းကိုတော့ FDA က မထောက်ခံထားပါဘူး။ Lidocaine ပါတဲ့ လိမ်းဆေးတွေလိမ်းပေးရင် အနာသက်သာပါတယ်။ တချို့ကျတော့လည်း ဆီးသွားရင် နာကျင်တာမို့ ဆီးမသွားခင် Xylocaine Spray လေးတွေ ဖြန်းလေ့ရှိပါတယ်။

ဒီလိမ်းဆေးတွေကြောင့် အနာမသက်သာတဲ့အပြင် ပိုဆိုးလာရင်တော့ ရပ်လိုက်တာ ကောင်းပါတယ်။ ဆိုးဝါးတဲ့ side effect တွေတော့ တွေ့ရလေ့မရှိပါဘူး။

4. အနာရှိတဲ့နေရာကို Vaseline လိုအဆီတစ်ခုခုလိမ်းပြီး အစိုဓာတ်ထိန်းထားပေးသင့်ပါတယ်။ ဒါမှ ခြောက်သွေ့ယားယံတာတွေ မဖြစ်တော့မှာပေါ့။

5. အနာကိုလည်း တစ်နေ့တစ်ခါလောက်တော့ သန့်စင်ပေးပါ။ ဒီလို သန့်စင်ပေးတဲ့အခါ ဆားရေနွေးနွေးလေးနဲ့ ဆေးပြီး ဂွမ်းသန့်သန့်လေးနဲ့ ပြန်သုပ်ပေးရပါမယ်။

အနာကို ဆပ်ပြာတွေ၊ လိုးရှင်းတွေ မလိမ်းရပါဘူး။ ခဏခဏလည်း မဆေးရပါဘူး။

6. အနာကို မကိုင်တွယ်ခင်နဲ့ ကိုင်တွယ်အပြီးမှာ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောရပါမယ်။

7. သိပ်ယားလွန်းရင် ရေခဲအိတ်သန့်သန့်လေးနဲ့ အနာရှိတဲ့နေရာကို တစ်နာရီခွဲအကြာလောက်ထိ ကပ်ပေးလို့ရပါတယ်။

သတိထားရမှာကတော့ ရေခဲတုံးနဲ့ တိုက်ရိုက်ကြီးတော့ သွားမကပ်မိစေဖို့ပါပဲ။

8. ဆီးသွားတဲ့အခါ နာကျင်တာကို ကာကွယ်ဖို့ဆိုရင် ဆီးမသွားခင် lidocaine ointment လိမ်းတာဖြစ်ဖြစ်၊ ဆီးသွးနေစဉ် အနာပေါ်ကနေ ရေလောင်းပေးတာဖြစ်ဖြစ်၊ ရေချိုးနေတုန်းမှာ ဆီးသွားတာဖြစ်ဖြစ် လုပ်ကြည့်ပါ။

အားလုံးအချုပ်ပြောရရင်တော့ ကိုယ်ခံအားကျရင် ပြန်ပြန်ဖြစ်တတ်တာမို့ အိပ်ရေးဝအောင် အိပ်ပြီး အားရှိအောင် စားသာက်နေထိုင်ပါ။ ဖြည့်စွက်ဆေးတွေ၊ အားဆေးတွေ သောက်ပေးပါလို့ အကြံပေးလိုပါတယ်။

မေတ္တာဖြင့်…
ဒေါက်တာစိမ့်

Post Author: Good Health Journal

Leave a Reply

Your email address will not be published. Required fields are marked *