အပူဒဏ်မြင့်မားခြင်းကြောင့် မောပန်းနွမ်းနယ်တဲ့အခါ ဘာလုပ်သင့်လဲ

မြန်မာနိုင်ငံအပါအဝင် သမပိုင်းဇုန် ဒေသအတွင်းမှာရှိတဲ့ နိုင်ငံတွေမှာ အပူ ဒဏ်ပြင်းထန်တဲ့ နွေရာသီမှာ အဖြစ်များ တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ်အတွင်း ဥရောပတစ်ခွင်မှာ လူ ပေါင်း ၃၅၀၀၀ ခန့် အပူရှပ်တာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် သေဆုံးခဲ့ကြတာကို တွေ့ရှိရပါတယ်။ ကြောက်စရာ ကောင်းလောက်အောင် သေပျောက်နှုန်း မြင့်မားတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။

အပူရှပ်ခြင်း အဆင့်များ

အပူရှပ်တာကို အကြမ်းဖျင်းအနေနဲ့ အဆင့်သုံးဆင့် ခွဲခြားနိုင်ပါတယ်။
(၁) အပူဒဏ်မြင့်မားခြင်းကြောင့် ပင်ပန်း နွမ်းနယ်ခြင်း (Heat Exhaustion)

(၂) အပူရှပ်ခြင်းကြောင့် လုံးဝသတိလစ် မေ့မြောခြင်း (Heat Stroke)

(၃) အပူဒဏ်လွန်ကဲခြင်းကြောင့် ကိုယ် တွင်းအင်္ဂါများ ပျက်စီးခြင်း (Heat Related Multi-organ Failure) တို့ပဲ ဖြစ်ပါတယ်။

(၁) အပူဒဏ်မြင့်မားခြင်းကြောင့် ပင်ပန်း နွမ်းနယ်ခြင်း (Heat Exhaustion)
အပူဒဏ်မြင့်မားတာကြောင့် ပင် ပန်းနွမ်းနယ်တာက ကုသလို့ရနိုင်တဲ့ အဆင့် ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေအနေနဲ့က ရေငတ်တာ၊ ခန္ဓာကိုယ် တစ်ခုလုံး မလှုပ် ချင်၊ မသယ်ချင်အောင် နုံးချည့်အားနည်း တာ၊ ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ချွေး အများကြီးထွက်ပြီး မူးမိုက်ကာ ခဏတာ သတိလစ်တာ၊ ကြွက်တက်တာ စတာ တွေ ခံစားရနိုင်ပါတယ်။

ကာကွယ်ကုသနည်းများ
အပူဒဏ်မြင့်မားတာကြောင့် အပေါ်မှာ ရေးခဲ့တဲ့လက္ခဏာရပ်တွေ မခံ စားရအောင် အေးမြပြီး အရိပ်အာဝါသ ကောင်းတဲ့နေရာတွေမှာ နေထိုင်ပါ။ အဲယားကွန်းနဲ့ ပန်ကာတွေ ဖွင့်ထားပြီး ခန္ဓာကိုယ်ကို အေးမြအောင်နေပါ။ စိတ် ရောကိုယ်ပါ လုံလောက်စွာ အနားယူပါ။ ရေ၊ သစ်သီးဖျော်ရည်၊ ဓာတ်ဆားရည် တွေကို ခန္ဓာကိုယ်အတွက် လုံလောက်စွာ သောက်သုံးပေးပါ။

(၂) အပူရှပ်ခြင်းကြောင့် လုံးဝ သတိလစ် မေ့မြောခြင်း (Heat Stroke)

ဒီအဆင့်ကတော့ ဆိုးရွား ပြင်းထန် ပါတယ်။ အပူဒဏ်လွန်ကဲတာကြောင့် ဦး နှောက်အတွင်းမှာ ဖိအားတွေ များလာပြီး ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာ ပျက် ယွင်းသွားလို့ လုံးဝ သတိလစ်မေ့မြောတာ (Coma)၊ တက်တာတွေဖြစ်ပြီး နောက် ဆုံးမှာ အသက်သေဆုံးနိုင်တဲ့အထိ အန္တရာယ်ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်အပူ ချိန်ကို တိုင်းကြည့်လိုက်ရင် 104.F (>40.C) ကျော်တဲ့အထိ ရှိနေတာကို တွေ့နိုင်ပါတယ်။ အပူရှပ်တာကြောင့် လုံးဝသတိလစ်မေ့မြောပြီး သေဆုံးရတဲ့ နှုန်းက ၃၃ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင် နှုန်းအထိရှိပြီး ၁၇ ရာခိုင်နှုန်းက ခြေလက်ကောင်းစွာ လှုပ်မရတော့တာ၊ မှတ်ဉာဏ်ချွတ်ယွင်းတာ စတဲ့ နောက် ဆက်တွဲဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

(၃) အပူဒဏ်လွန်ကဲခြင်းကြောင့် ကိုယ် တွင်းအင်္ဂါများ ပျက်စီးခြင်း (Heat Related Multi-organ Failure)

အပူဒဏ်လွန်ကဲတာကြောင့် နှလုံး ခုန်မြန်တာ၊ သွေးပေါင်ချိန်ကျတာတို့ ဖြစ်ပွားနိုင်ပြီး နောက်ဆုံးနှလုံးခုန်နှုန်း မမှန်တာ၊ နှလုံးသွေးကြောပိတ်တာတို့ ဖြစ်ပွားပြီး အသက်သေဆုံးနိုင်ပါတယ်။ အပူဒဏ်ကြောင့် ချွေးထွက်များပြီး ရေ ဓာတ်ခန်းခြောက်ရာကတစ်ဆင့် သွေး ကြောအတွင်း သွေးပြန်ကြောတွေ ပိတ် ဆို့သေဆုံးတဲ့အထိလည်း ဖြစ်နိုင်ပါ တယ်။ ခန္ဓာကိုယ်တွင်း သွေးယိုစီးတာ၊ နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယို တာတွေ ဖြစ်ပွားနိုင်ပါတယ်။ တခြားကိုယ် တွင်းအင်္ဂါတွေ ပျက်စီးရတာကတော့ အသည်းပျက်စီးတာ၊ ခန္ဓာကိုယ်ကြွက် သားတွေ ပျက်စီးတာနဲ့ ကျောက်ကပ် ပျက်စီးတာတို့ပဲဖြစ်ပါတယ်။

ဘယ်လိုလူတွေမှာ အပူရှပ်တာ ပိုဖြစ်နိုင် သလဲ
အပူရှပ်တာ ဖြစ်နိုင်ခြေများသူတွေ ကတော့ –
– မွေးကင်းစကလေးနဲ့ ကလေးငယ်တွေ
– သက်ကြီးရွယ်အိုတွေ
– အရက်လွန်ကဲစွာ သောက်သုံးသူတွေ
– အဝလွန်သူတွေ
– နဂိုရောဂါခံရှိသူတွေ (ဥပမာ- နှလုံး၊ သွေးတိုး၊ ဆီးချို စတဲ့ရောဂါတွေ)
– စိတ်ကျရောဂါကုဆေးဝါး၊ ဝက်ရူးပြန် ရောဂါကုဆေးဝါး စတဲ့ဆေးဝါးတွေ သောက်သုံးနေရသူတွေမှာတော့ အပူရှပ် တာ ပိုဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။

ကာကွယ်ရန်နည်းလမ်းများ
နံနက် ၁၀ နာရီကနေ ညနေ ၅ နာရီ အတွင်း အပူချိန်မြင့်မားပြီး နေရောင်ခြည် ကို တိုက်ရိုက်ထိတွေ့နိုင်တဲ့ လွင်တီး ခေါင်ပြင်မှာနေတာ၊ မြစ်ဆိပ်ကမ်းနား တွေမှာ ရေချိုးတာတွေကို ရှောင်ပါ။
အရိပ်အာဝါသ ကောင်းတဲ့နေရာ တွေမှာ နေထိုင်ပါ။ နေပူထဲကနေ ပြန် လာပြီး ချက်ချင်းရေချိုးတာကိုလည်း ရှောင်ပါ။ နေပူထဲမှာ ကိုယ်လက်လှုပ်ရှား မှု ပြင်းပြင်းထန်ထန် ပြုလုပ်တာကနေ ရှောင်ဖို့လည်း လိုအပ်ပါတယ်။
အရက်သောက်သုံးတာကလည်း အပူဒဏ်အန္တရာယ်ဖြစ်လွယ်စေပြီး ဖြစ် ပွားပါက ပြင်းထန်တဲ့ အပူရှပ်တာကို ဖြစ် စေတာကြောင့် အရက်သောက်တာကို ရှောင်ကြဉ်ဖို့ လိုပါတယ်။
နေ့ခင်းဘက်မှာ အပြင်ထွက်ရင် အရိပ်ကောင်းစွာပေးနိုင်တဲ့ ထီး၊ ဦးထုပ် ဆောင်းတာ၊ အလင်းရောင်ပြန်တဲ့အဖြူ ဒါမှမဟုတ် အရောင်ခပ်ဖျော့ဖျော့ ပွပွ ချောင်ချောင် အဝတ်အထည်တွေကို ဝတ်ဆင်ပါ။
အိမ်အတွင်း လေဝင်၊ လေထွက် ကောင်းစေဖို့ ပြတင်းတံခါးတွေ ဖွင့်ထား ပါ။ မိတ်ဖု၊ ယားနာဖုတွေထွက်ရင် ရေ အေးဝတ်ကပ်ပေးတာ၊ သနပ်ခါးလိမ်းတာ တွေ ပြုလုပ်ပါ။
ချွေးထွက်များရင် ရေများများ သောက်တာ၊ ဓာတ်ဆားရည်သောက်တာ၊ သစ်သီးဖျော်ရည်တွေ သောက်သုံးတာ စတာတွေကို ပြုလုပ်ပြီး ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပါ။
အပူချိန် လျော့နည်းစေဖို့ ပန်ကာ အသုံးပြုတာ၊ အဲယားကွန်း ဖွင့်တာတွေ ပြုလုပ်ပါ။
အပူလွန်ကဲတာကြောင့် သတိလစ် မေ့မြောတာနဲ့ နောက်ဆက်တွဲရောဂါ လက္ခဏာရပ်တွေ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက်ပြီး ကုသမှုခံယူပါ။
မြန်မာနိုင်ငံမှာ နွေရာသီကာလတွေ ဖြစ်တဲ့ မတ်လ၊ ဧပြီလနဲ့ မေလတွေမှာ အပူချိန်မြင့်မားလေ့ရှိပြီး အပူရှပ်တာ ကြောင့် အသေပျောက်နှုန်း မြင့်မားတဲ့ ကာလတွေ ဖြစ်ပါတယ်။ အပူရှပ်တဲ့အ ကြောင်း၊ အပူရှပ်တဲ့ လက္ခဏာရပ်တွေ၊ အပူရှပ်တာကို ကာကွယ်တားဆီးနိုင်တဲ့ နည်းလမ်း စတာတွေကို သိရှိနားလည် ထားပြီး သတိပြုကျင့်သုံးမယ်ဆိုရင်တော့ အပူရှပ်တာနဲ့ အပူရှပ်တာကြောင့်ဖြစ်လာ နိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။

ဒေါက်တာဦးဦးကျော်
(ပြည်သူ့ကျန်းမာရေး)

Post Author: Good Health Journal

Leave a Reply

Your email address will not be published.