အားကစားနှင့် ရာသီစက်ဝန်း

အားကစားလုပ်တာက ဓမ္မတာလာတာကို စောပေါ်စေလား၊ နောက်ကျစေလား ဘယ်လို သက်ရောက်စေလဲဆိုတာ ပျိုမေတို့ သိချင်တဲ့ မေးခွန်းတစ်ခု ဖြစ်ပါတယ်။ အားကစားခန်းမမှာ နည်းပြ ဆရာတွေပဲရှိခဲ့ရင်လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးဖြစ်မှာ မဟုတ်ပါဘူး။ ဒီအတွက် ပျိုမေတို့ ရှင်းရှင်းလင်းလင်း သိစေဖို့ အားကစားလုပ်တာက ရာသီစက်ဝန်းပေါ် ဘယ်လို သက်ရောက်နိုင်လဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

♥ ရာသီစက်ဝန်းကို ဦးနှောက်တွင်းရှိ ဟိုက်ပိုသဲလမတ်နဲ့ ပီကျူတရီဂလင်းက ထွက်ရှိတဲ့ ဟော်မုန်းတွေနဲ့ သားဥအိမ်တွေက ပုံမှန်လုပ်ငန်းတာဝန်တွေ လုပ်ဆောင်နိုင်အောင် ထိန်းညှိပေးပါတယ်။ ဒီ ထိန်းချုပ်တဲ့ စနစ်ကြီးကို HPO axis လို့ ခေါ်ပြီး သူ့အပေါ်ကို သက်ရောက်တဲ့ effects တွေကြောင့် ရာသီစက်ဝန်း မမှန်တာတွေ ဖြစ်လာနိုင်ပါတယ်။

အားကစား ပြင်းပြင်းထန်ထန် လုပ်တာက ရာသီစက်ဝန်းကို လာတာစောစေနိုင်ပေမယ့် ပုံသေသတ်မှတ်လို့တော့ မရပါဘူး။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်အတွက် ကောင်းကျိုးများစွာ ပေးနိုင်ပါတယ်။ အတော်အသင့် ကိုယ်လက်လှုပ်ရှားလုပ်မယ်ဆိုရင်တော့ ရာသီစက်ဝန်း စောတာ၊ နောက်ကျတာတွေ မဖြစ်စေဘဲ ပုံမှန် ဖြစ်စေပါတယ်။

ပြင်းပြင်းထန်ထန် အားကစားလုပ်တဲ့အခါ HPO axis ပေါ် သက်ရောက်ပြီး ဟော်မုန်းတွေကို အဟန့်အတား ဖြစ်သွားစေပါတယ်။ ဒီဟော်မုန်းပမာဏ နည်းရင် ရာသီပေါ်စေပြီး များတဲ့အခါ ရာသီမပေါ် စေတာမျိုးပါ။ ဒါကြောင့် ရာသီစက်ဝန်းရွှေ့ဖို့ သောက်ဆေးတွေကလည်း ဟော်မုန်းဆေးတွေဖြစ်ပြီး ဟော်မုန်းများလာစေလို့ ရာသီမပေါ်တာ ဖြစ်ပါတယ်။

ပြင်းထန်တဲ့ အားကစားလုပ်တဲ့အခါ သင့်မှာ သိုလှောင်ထားတဲ့ ကယ်လိုရီတွေကုန်တဲ့ အထိ ဖြစ်တဲ့အခါ တစ်နည်းအားဖြင့် သွင်းတဲ့ ကယ်လိုရီထက် ထုတ်သုံးတဲ့ ကယ်လိုရီက ပိုများတဲ့အခါမှာ ရာသီစက်ဝန်း စောလာတာ၊ မမှန်တာ၊ ရပ်သွားတာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး ရာသီစက်ဝန်းမဟုတ်ဘဲ bloody discharge ဒါမှမဟုတ် spotting လို့ ခေါ်တဲ့ Uterine bleeding သွေးထွက်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လာရင် အားကစားရဲ့ ပြင်းထန်မှုနဲ့ ကြာချိန်ကို လျော့ချလိုက်ပြီး ပုံမှန်လေး ပြန်ကစားပေးပါ။ သင့်ခန္ဓာကိုယ်က ပြင်းထန်မှုကို ခံနိုင်ရည်မရှိသေးလို့၊ သင်ဟာ သင့်ခန္ဓာကိုယ် လုပ်နိုင်တာထက် ပိုခိုင်းမိလို့ ဖြစ်ပါတယ်။

နှစ်ရှည်လများ အားကစားပြင်းပြင်း ထန်ထန်လုပ်တဲ့ အမျိုးသမီးတွေမှာလည်း ရာသီစက်ဝန်း မမှန်တာ တွေ့ရတတ်ပါတယ်။ တချို့ကတော့ ရောဂါအခြေအနေကြောင့် သိုင်းရွိုက်ဟော်မုန်းနည်းတာ၊ ပရိုလက်တင်ဟော်မုန်းများတာ စတဲ့ ဟော်မုန်း အပြောင်းအလဲ ဖြစ်ပေါ်ရင်လည်း ရာသီစက်ဝန်း မမှန်တာ ဖြစ်တတ်ပါတယ်။ အားကစားအပြင်းအထန် လုပ်တဲ့အခါမှာလည်း ပရိုဂျက်စတီရုန်းနဲ့ အီစထရိုဂျင်ဟော်မုန်းတွေ အပြောင်းအလဲ ဖြစ်စေပြီး ရာသီစက်ဝန်း ပုံမမှန်တာ ဖြစ်တတ်ပါတယ်။

#ထူးဒါလီကိုကို (M. Sc. in Pharm) 

Post Author: Good Health Journal

Leave a Reply

Your email address will not be published.